Headlines News :
Home » » မန္တလေးရောက် ကမ္ဘာလှည့်ခရီးသည်အုပ်စု

မန္တလေးရောက် ကမ္ဘာလှည့်ခရီးသည်အုပ်စု

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 5:49 PM

 
ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၉၀ သည်  အောက်တိုဘာ ၁၆ ရက်နေ့က  Qantas လေကြောင်းလိုင်း Boeing 747 စင်းလုံးငှားဂျက်လေယာဉ်ဖြင့်  မန္တလေးမြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။ 
ကမ္ဘောဒီးယားနိုင်ငံမှ ပျံသန်းလာသော ထိုလေယာဉ်တွင် လေယာဉ်အမှုထမ်း ၂၉ ဦး၊  ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်တစ်ဦး၊ မှတ်တမ်းဗွီဒီယိုရိုက်ကူးသူတစ်ဦးတို့လည်း ပါဝင်သည်။
 

    ကမ္ဘာလှည့်ခရီးသွားဧည့်သည်အများစုမှာ ပင်စင်စားဝန်ထမ်းများဖြစ်ပြီး အသက်အကြီးဆုံး ၈၈ နှစ်အရွယ်အထိ ပါရှိသည်။
အဆိုပါအဖွဲ့တွင် သြစတြေလျနိုင်ငံသားအများစုပါဝင်ပြီး နယူးဇီလန်၊ ဗြိတိန်၊ နော်ဝေ၊နယ်သာလန်နိုင်ငံသား များလည်း ပါဝင်ကြောင်းသိရှိရသည်။

    ခရီးစဉ် ပထမနေ့တွင် ခရီးသည်များသည် (၄၅)ယောက်စီး Express အထူးမော်တော်ယာဉ်များဖြင့် မန္တလေးမြို့မဟာမုနိဘုရားကြီးနှင့် ကုသိုလ်တော်ဘုရားများသို့ သွားရောက်ဖူးမြှော်လည်ပတ်ကြသည်။
ဒုတိယနေ့တွင် မန္တလေးကန်တော်ကြီးရှိ ဓမ္မဓရ၀ါဆိုကျောင်းတိုက်သို့ သွားရောက်ကာ စာသင်သား ကိုရင်များအား ဆေးမျိုးစုံ၊ ဗလာ စာအုပ်၊ခဲတံနှင့်လှူဖွယ်များ လှူဒါန်းကြပြီး မင်းကွန်းခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီ၊ပုထိုးတော်ကြီး၊ မင်းကွန်းလူအိုရုံတို့ကို  သွားရောက်လေ့လာခဲ့ကြသည်။ ဆက်လက်၍ တောင်သမန်အင်းနှင့်ဦးပိန်တံတားသို့ သွားရောက်ကြပြီး ရွှေစင်တိုင်းပိုးထည်တိုက်သို့ သွားရောက်လေ့လာ ၀ယ်ယူကြသည်။    ခရီးစဉ်တတိယနေ့ နံနက်ပိုင်းတွင်  မန္တလေးမှပြင်ဦးလွင်သို့  မထွက်ခွာမီ   ခရီးသည်များ တည်းခိုနေထိုင်သော ဆီဒိုးနား(မန္တလေး)ဟိုတယ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က လာရောက်နှုတ်ဆက်ပြီး မန္တလေးဘူတာကြီးသို့ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ဧည့်သည်များသည် မန္တလေးမှပြင်ဦးလွင်သို့ စင်းလုံးငှားရထားဖြင့် ရောက်ရှိခဲ့ကြပြီး ရထားလုံးမြင်းလှည်း များဖြင့် ပြင်ဦးလွင် ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်သို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ထို့နောက် ပြင်ဦးလွင်ဈေးသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။
    ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မန္တလေး-မင်းကွန်း-စစ်ကိုင်း-မန္တလေး-ပြင်ဦးလွင်-မန္တလေးစသည့်ခရီးစဉ်များ အလိုက် သွားရောက်လည်ပတ်ကြပြီး အောက်တိုဘာ(၁၉)ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ပြန်လည်ထွက်ခွာပြီးနောက် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။

 မြန်မာနိုင်ငံတွင် အဆိုပါခရီးစဉ်အလိုက် သွားရောက်လည်ပတ်ရာနေရာတိုင်းတွင်  ဧည့်သည်များကို Tourist Police များက အကူအညီများပေးခဲ့ကြပြီး ခရီးသွားဝန်ဆောင်မှုပေးသူများကလည်း ယဉ်ကျေး ဖော်ရွှေစွာဖြင့် ၀န်ဆောင်မှုပေးခဲ့ကြသည်။

     ခရီးသွားအဖွဲ့ခေါင်းဆောင်ဖြစ်သူ သြစတြေလျနိုင်ငံမှ Andrew James က ...


မိမိတို့ သွားရောက် လည်ပတ်ခဲ့တဲ့ မင်းကွန်းဒေသ၊ဧရာဝတီမြစ်ပေါ်မှာ မော်တော်စီးရတဲ့ အတွေ့အကြုံ၊ ဦးပိန်တံတားမှာ ဆည်းဆာကြည့်လိုက် ရတဲ့ အရသာ၊ တောင်ပေါ်ဒေသဖြစ်တဲ့ ပြင်ဦးလွင်ကိုရထားစီးပြီးသွားရတဲ့အတွေ့အကြုံ၊ ရထားလုံးစီးရတာတွေကို စိတ်ထဲမှာ စွဲမြဲအမှတ်ရနေမှာဖြစ်ကြောင်း၊ လမ်းတစ်လျှောက်ပြုံးပြနှုတ်ဆက်ကြတဲ့ မြင်ကွင်းတွေကို အခြားနိုင်ငံတွေမှာ မတွေ့ရဘဲမြန်မာနိုင်ငံကို ရောက်မှတွေ့ရတာ အရမ်းပဲကြည်နူးဝမ်းသာကြောင်း
ပြောကြားခဲ့သည့်အပြင် ပင်စင်စား အသက်(၈၈)နှစ်အရွယ် Mr. Ronald Gibson က
"မိမိအတွက်တော့ ပြီးဆုံးအောင် မတည်လိုက်ရတဲ့ ပုထိုးတော်ကြီး၊ ကမ္ဘာ့တတိယအကြီးဆုံး မင်းကွန်းခေါင်းလောင်းကြီး၊ နှစ်ပေါင်း ၁၆၀ ကျော်ရှိတဲ့ ဦးပိန်တံတားတို့ဟာ သူ့စိတ်ထဲမှာ စွဲနေအောင် အမှတ်ရနေတော့မှာပါ "
လို့ ပြောကြားခဲ့သည်ဟုသိရှိရသည်။ခရီးစဉ်အတွက် ဟိုတယ်ခရီးဝန်ကြီးဌာနက ကြီးကြပ်ပေးပြီး သြစတြေလျနိုင်ငံအခြေစိုက် Captain's Choice Tour နှင့် မြန်မာနိုင်ငံအခြေစိုက် Destination ASIA Co, Ltd တို့ ပူးပေါင်းစီစဉ်ခဲ့ကြခြင်းဖြစ်သည်။

အချက်အလက်နှင့်ဓာတ်ပုံများ - သတင်း/မှတ်တမ်းဌာန၊ ဟိုတယ်/ခရီး

 



 ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template