Headlines News :
Home » » မောင်ဇော် ခေါ် ဆံရှည် ဦးဆောင်သည့်သေနတ်ကိုင်လူတစ်စု ကျေးရွာပွဲခင်းတွင် အုပ်ချုပ်ရေးမှူးအား သေနတ်ဒင်ဖြင့်ထု ဟုဆို

မောင်ဇော် ခေါ် ဆံရှည် ဦးဆောင်သည့်သေနတ်ကိုင်လူတစ်စု ကျေးရွာပွဲခင်းတွင် အုပ်ချုပ်ရေးမှူးအား သေနတ်ဒင်ဖြင့်ထု ဟုဆို

Written By လွင့်မောင်မောင် on Friday, March 21, 2014 | 10:00 PM


Dawei Watch | ထားဝယ်၊ မတ် ၂၁

ရိုးရာနတ်ပွဲကျင်းပလျက်ရှိသည့် ကျေးရွာပွဲခင်းသို့ သေနတ်ကိုင်လူတစ်စု
ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပိုက်ဆံတောင်းသည်ကို
မပေးသဖြင့် ပစ္စတို သေနတ်ဒင်ဖြင့် ထုခဲ့သည့် ဖြစ်ရပ်တစ်ခု ထားဝယ်ခရိုင်
ရေဖြူမြို့နယ် ကလုံးထာကျေးရွာတွင် မတ်လ ၂၀ ရက်နေ့ ညက ဖြစ်ပွားခဲ့ကြောင်း
ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ပြောကြားချက်အရ ည ၁၁ နာရီခန့်တွင် မောင်ဇော် ခေါ် ဆံရှည်
ဦးဆောင်သည့် သေနတ်ကိုင် ခုနစ်ဦးခန့် ကားဖြင့်လာရောက်ပြီး ယင်းတို့အနက်
ငါးဦးက ပွဲခင်းအတွင်းရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် ငွေကျပ်
ငါးသိန်းတောင်းခံခဲ့ကြောင်း၊ ရိုးရာနတ်ပွဲမှာ ဒေသခံများစုပေါင်းပြီး
ကျင်းပသည့်ပွဲဖြစ်သဖြင့် ငွေငါးသိန်းပေးရန်မရှိကြောင်း
အုပ်ချုပ်ရေးမှူးမှ ပြန်လည် ပြောကြားခဲ့ရာ မောင်ဇော် ခေါ် ဆံရှည်က
အုပ်ချုပ်ရေးမှူး၏မျက်နှာကို ၎င်းကိုင်ဆောင်လာသော ပစ္စတို သေနတ်ဒင်ဖြင့်
ငါးချက်ခန့်ထုခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးမျက်နှာတွင်
ဒဏ်ရာများရရှိခဲ့ကြောင်း မျက်မြင် ဒေသခံများ ကပြောသည်။

“အခုလိုမျိုးလာလုပ်သွားတာ ရွာသားတွေ တော်တော်ကြောက်နေကြပြီ” ဟု
ကလုံးထာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လာရောက်ရမ်းကားခဲ့ခြင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများ၊
ယင်းလက်နက်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖြစ်ပါက KNU မှ
တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။

ယင်းသို့ဖြစ်ပွားခဲ့ခြင်းအပေါ် ဒေသခံများအနေဖြင့်
မည်သူ့ကိုမျှတိုင်ကြားခြင်းမရှိ
သေးဘဲ မောင်ဇော်က “သတ္တိရှိရင်
ကြိုက်တဲ့နေရာသွားတိုင်။ အိမ်ကိုမီးလာရှို့မယ်” ဟု
ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းအဖွဲ့မလာရောက်မီ ကလုံးထာကျေးရွာမှ ရာအိမ်မှူး ဟောင်းတစ်ဦးက
အုပ်ချုပ်ရေးမှူးရှိမရှိလာရောက်မေးမြန်းခဲ့ကြောင်း၊ ၎င်းလာမေးပြီး
မီနစ်အနည်းအငယ်အကြာတွင် သေနတ်ကိုင်လူတစ်စု ၀င်ရောက်လာခြင်းကြောင့်
အထက်ပါရာအိမ်မှူးဟောင်းသည်လည်း ဖြစ်စဉ်တွင်ပါဝင်ပက်သက်နေနိုင်သည်ဟု
ဒေသခံများက ခန့်မှန်းပြောဆိုသည်။

“ရွာသားတွေက သူတို့ကို KNU ငြိမ်းချမ်းရေးအဖွဲ့ကပဲလို့တော့ သိထားတယ်။
အတိအကျတော့မသိပါဘူး” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ပွဲခင်းထဲသို့လာရောက်ရာတွင် ပြောက်ကျားအကျီ၊
ဘောင်းဘီများကိုဝတ်ဆင်ထားကြကြောင်း ၎င်းက ဖွင့်ဟသည်။

ဒေသခံများက KNU မှ ဖြစ်သည်ဟု ပြောဆိုနေခြင်းကြောင့် ထားဝယ်အခြေစိုက် KNU
တပ်မဟာ ၄ ဆက်ဆံရေးရုံးသို့ Dawei Watch က သွားရောက်မေးမြန်းရာ
မောင်ဇော်(ဆံရှည်) အမည်ဖြင့် အဖွဲ့ဝင်မရှိကြောင်း၊ ၎င်းတို့အနေဖြင့်လည်း
ဖြစ်စဉ်ကို မသိရှိရသေးသည့်အတွက် စုံစမ်းမေးမြန်းပြီးမှ
ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မောင်ဇော်(ခ) ဆံရှည်အမည်ရှိသူသည် ရေဖြူမြို့နယ် ကလုံးထာကျေးရွာကဲ့သို့သော
အခြားကျေးရွာများတွင် ဥယျာဉ်ခြံပိုင်ရှင်များကို ခြံအရွယ်အစားအလိုက်
သုံးသိန်း၊ ငါးသိန်း၊ ဆယ်ငါးသိန်း စသည်ဖြင့် ငွေကြေးများကို
သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတဆင့် တောင်းခံလေ့ရှိကြောင်း၊ KNU
အဖွဲ့ဝင် ယောင်ယောင် အခြားအဖွဲ့ဝင် ယောင်ယောင်ဖြစ်နေသည့်အတွက်
မည်သည့်အဖွဲ့အစည်းက ဖြစ်သည်ကို သေချာစွာ မသိရှိကြောင်း
ဥယျာဉ်ခြံပိုင်ရှင် တစ်ဦးက ပြောသည်။

KNU တပ်ရင်းတစ်ခု၏ ခိုင်းစေချက်အရ KNU ၏ ခွင့်ပြုချက်မရဘဲ
ပွဲကျင်းပနေသည်ဟု သိရသဖြင့် သွားရောက်ကြည့်ရှုရာမှ ထိုသို့
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေနတ်ဒင်ဖြင့် ထုခဲ့သည့် မောင်ဇော်က Dawei
Watch သို့ ပြောကြားသည်။

“အဲဒီမှာ လောင်းကစားလုပ်နေတာလည်း တွေ့တယ်”ဟု ၄င်းကဆိုသည်။

ပွဲကျင်းပရေးအတွက် ရေဖြူမြို့နယ်နှင့် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး
ရုံးများသို့ ခွင့်ပြုချက်တောင်းခံထားပြီးဖြစ်ပြီး မောင်ဇော်ရွာသို့
လာစဉ် လောင်းကစားနှင့် ပတ်သက်သည့် မည်သို့မျှ ပြောဆိုခြင်းမရှိကြောင်း
ပွဲဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးကဆိုသည်။

“ခွင့်ပြုချုက်က အစိုးရကို တင်ထားပြီးဖြစ်တယ်။ အစိုးရနှစ်ရပ်ရှိနေတာမျိုး
လက်မခံနိုင်ပါဘူး။ ပြည်သူနစ်နာပါတယ်”ဟု ၄င်းကဆိုသည်။

ယင်းသို့သော ဖြစ်ရပ်မျိုး ကလုံးထာကျေးရွာတွင် ယခင်က
ဖြစ်ပွားခဲ့ဖူးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကလုံးထာကျေးရွာတွင် ရိုးရာနတ်ပွဲကို တပေါင်းလတွင်
နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် မတ်လ ၂၀ ရက်နေ့နှင့် ၂၁
ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်သော်လည်း ယင်းဖြစ်စဉ်ကြောင်း ၂၁ ရက်နေ့တွင်
ပွဲဆက်ကျင်းပရန် မသေချာသေးကြောင်း ဒေသခံများက မတ်လ ၂၁ ရက်နေ့ နေ့လယ်တွင်
ပြောကြားသည်။

ကလုံးထာရွာသည် ထားဝယ်-ရေးကားလမ်းမှ အရှေ့ဘက် ၆ မိုင်ခန့်ကွာဝေးပြီး
ထားဝယ်စီးပွားရေးဇုန်အတွက် ရေကာတာ တည်ဆောက်ရန် လျာထားခဲ့သော နေရာဖြစ်သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template