Headlines News :
Home » , » ထားဝယ်သား တပ်ချုပ်ကြီးသို့ ပေးစာ

ထားဝယ်သား တပ်ချုပ်ကြီးသို့ ပေးစာ

Written By လွင့်မောင်မောင် on Sunday, March 16, 2014 | 2:24 PM

                                ဗမောင်း |တနင်္သာရီ အပတ်စဉ် အတွဲ ၁ အမှတ် ၃၉ မှ |

တပ်ချုပ်ကြီးခင်ဗျား အာဆီယံနိုင်ငံတွေကို ချစ်ကြည်ရေးခရီးတွေ၊ စံချိန်မီ တပ်မတော် (Standard Army) ဖြစ်ရေး၊ အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး တွေနဲ့ အလုပ်ရှုပ်နေတုန်း ဆိုင်းမဆင့် ဗုံမပါဘဲ ဗမောင်းရဲ့ပေးစာရောက်လာတဲ့ အတွက် စိတ်အနှောင့် အယှက်ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။
မြစ်အော့သား (ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်သား) တပ်ချုပ်ကြီးကို အပူကပ်စရာတွေလည်း များသားဗျ။ အပူကပ်စရာဆိုလို့ ဗမောင်းအတွက် ကားပါမစ် ဘာညာမထင်လိုက်ပါနဲ့ဗျာ။ ကျုပ်တို့ ရွာနားက ရွာသားတွေ၊ မြို့သားတွေ ပြောနေဆိုနေတာ၊ ဆွေးနွေးနေတာကို ပြန်ပြီး ပဲ့တင်ထပ်ပေးချင်တာပါ။
တလောက သမ္မတကြီးရဲ့ ပြည်ထောင်စုနေ့ ညစာ စားပွဲမှာ တပ်ချုပ်ကြီးနဲ့ ထားဝယ်ပါတီက ကိုယ်စားလှယ် တစ်ဦးတွေ့တော့ လိုအပ်တာ ပြောပါလို့ အမှာတော် ပါးလိုက်တယ်ဆိုပဲ။ အဲဒီ ကိုယ်စားလှယ်က ပြန်ဖောက်သည်ချလို့ သိရတာပါ။ ဒီတော့ အရဲစွန့်ပြီး ပြောရတာပေါ့ဗျာ။ နေပြည်တော်နဲ့ ထားဝယ်က ခပ်လှမ်းလှမ်းဆိုပေမင့် ဒီစာတော့ ရောက်မယ် ထင်ပါရဲ့ဗျာ။
ပြောစရာ တစ်ပုံတစ်ခေါင်းထဲမှာမှ အပြောများဆုံး ဖြစ်တဲ့ ကိစ္စကြီး လေးခုကို ဒီစာလွှာမှာ အဓိက ရေးပါရစေခင်ဗျား။
(၁)
ဦးစွာပြောလိုတဲ့ ကိစ္စကတော့ လျှပ်စစ်မီးပါပဲ တပ်ချုပ်ကြီးရေ။
ကြားလို့မှ ကောင်းသေးရဲ့လား သဘာဝဓာတ်ငွေ့ ဖင်ခုထိုင်နေတဲ့ နေရာမှာ လျှပ်စစ်တစ်ယူနစ်ကို အစိုးရဈေးရဲ့ အဆ ၂၀ အထိ ပေးနေရပါတယ်။ ကြားလို့မကောင်းတာ ကောင်းတာ မသိဘူးခင်ဗျ။ သုံးလို့က တော့ လုံးဝ မကောင်းရိုးအမှန်။ တစ်လတစ်လ ကို ရင်တုန်ပန်းတုန်နဲ့ လုပ်ငန်းရှင်ကြီး ငယ်လတ်များ ခမျှာ ဖြတ်သန်းနေရပါတယ်။
မြန်မာနိုင်ငံ တော်တော်များများနေရာတွေမှာ အစိုးရဈေး တစ်ယူနစ် ၃၅ ကျပ် ဖြစ်နေချိန်မှာ ဗမောင်းတို့ တစ်တိုင်းလုံးမှာတော့ သိတော်မူကြတဲ့ အတိုင်းပါပဲ။ ၁၉၉၈ မှာ ကံပေါက်ကနေ ဓာတ်ငွေ့ ထိုင်းကို စရောင်းတယ်။
၂၅ ရာခိုင်နှုန်း မြန်မာပြည်က ရမယ်။ ထားဝယ်ကို ပေးမယ်ဆိုပြီး တိုင်တွေ ထောင်တယ်။ နောက်ပြီးတော့မှ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ဘယ်လို ခုန်ပျံကျော်လွှား ရောက်သွားမှန်း ဗမောင်းတို့ မသိခဲ့ရိုးအမှန်ပါ။ ပြောနေကြတာကတော့ အဲဒီတုန်းက အဲဒီတုန်းက စေတနာကောင်းလှပါချည်ရဲ့ဆိုတဲ့ စစ်အစိုးရ ၀န်ကြီးတစ်ပါးက ထားဝယ်အစား သူပိုင်တဲ့ ဘိလပ်မြေစက်ရုံကို ပြောင်းသွယ်ခိုင်းလိုက်တယ်ဆိုပဲ။
ကံပေါက် ထားဝယ် ကားလမ်းဘေးမှာ နှစ်ပါးသွားက နေရတဲ့ ဓာတ်ကြိုးမဲ့ မီးတိုင်ရှည်များ အခုထိ တွေ့မြင်နိုင်ပါသေးတယ်။
အဲ . . . တပ်ချုပ်ကြီးက လေကြောင်းကပဲ လာတတ်တာဆိုတော့ မြင်ချင်မှ မြင်မှာပေါ့လေ။ နောက်တစ်ခေါက်လာရင် ဆင်းကြည့်ပါဦးလို့ လောဆော်ပါရစေ တပ်ချုပ်ကြီးခင်ဗျား။
ဒီမှာ ဆိုစရာရှိလာတာက တိုင်းပြည် အုပ်ချုပ် စီမံရေး ကိစ္စကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဘာဆိုင်လို့လဲဆိုတဲ့ မေးခွန်းပါပဲ။
လင်းပါရစေခင်ဗျား။
ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ တပ်မတော်က တင်သွင်းထားတဲ့ ရွေးကောက်ခံ မဟုတ်တဲ့ ဒုတိယ သမ္မတ တစ်ဦးရှိပါတယ်။ အဲဒီ ဒုတိယ သမ္မတဟာ အခုအခါမှာ သမ္မတ ဦးဆောင်တဲ့ ဘဏ္ဍာရေး ကော်မရှင်မှာ ပြည်ထောင်စု ၀န်ကြီးဌာနတွေကို ကြီးကြပ်ရတဲ့ တာဝန်ယူထားပါတယ်။
ဒီတော့ အဲဒီ တပ်ချုပ်ကြီးတို့ရဲ့ ဒုတိယ သမ္မတက တဆင့် ဗမောင်းတို့ ဒေသ လျှပ်စစ်မီးရအောင် အစီအစဉ် ထည့်ဆွဲ ဘတ်ဂျက်တိုးပေးဖို့ တွန်းအားပေးဖို့ တောင်းဆိုပါရစေ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ပေါ့ဗျာ။
နိုမို့ဆို ဗမောင်းတို့ ဒေသခံများ ခမျှာ သွေးခွဲအုပ်ချုပ်သလို ခံစားရတယ်။ ဟိုမှာက ၃၅ ကျပ် ဒီမှာက ကျပ် ၄၇၀ ကနေ ၇၀၀ အထိဆိုတော့လေ။
နိုင်ငံတော်သီချင်းအစဖြစ်တဲ့ 'တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ' ဆိုပြီး စဆိုဖို့တောင် နင့်ခနဲဖြစ်ဖြစ်သွားတယ်။ အခုက မတရားဘူးကိုဗျ။
(၂)
နောက်တစ်ခုကတော့ အခုတလော သတင်းကြီးနေတဲ့ လယ်ယာမြေကိစ္စပါ။ တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမယ်လို့ ပြောတယ်။ ဧကနဲ့ တကွ တိုင်းနဲ့ ပြည်နယ်တွေမှာ ဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာတယ်။ နောက် ပြည်ထဲရေးကို လွှဲတယ်။ အဲဒီကနေ တဆင့် မူရင်း ပိုင်ရှင်တွေကို ပြန်ပေးဖို့ပေါ့လေ။
အခုတော့ တပ်သိမ်းမြေပြန်ရဖို့ ဘယ်သူ့ကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာတော့ ထွက်လာပါပြီ။ တလောက ရွာဘက်ရောက်တော့ မြေတွေ ပြန်မပေးမီ ရှိတဲ့ အပင်တွေ ရောင်းစားမယ်ဆိုပြီး ကောလာဟလထွက်နေတယ်လို့ ရွာသားတွေက ပြောတယ်။
မြေတွေ တပ်ကယူထားတာ အများကြီးဗျ။ နောက်ပြီးခြံတွေကိုလည်း ပတ်စလတ်ခတ်ပဲ ထားထားတာ။ ခြံထဲလည်း ၀င်ကြည့်ပါဦး တပ်ချုပ်ကြီးရေ။
အသိမ်းခံထားရတဲ့ ခြံပိုင်ရှင်တွေကတော့ ရင်တမမနဲ့ မန်းမှုတ်နေရတာပေါ့ဗျာ။ ဆိုတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေးကလည်း တပ်ချုပ်ကြီး လက်အောက်မှာဆိုတော့ ဒါလေးများ ဇာတိအတွက် လှည့်ကြည့်ပါဦးလို့ တောင်းဆိုပါရစေခင်ဗျား။
ဆိုတော့ နောက်တစ်ခေါက်ထားဝယ်လာဖြစ်ရင် ဘုရားထီးတော်ဆီပဲ မဟုတ်ဘဲ မြေပြင်ကိုလည်း ဆင်းလေ့လာပါဦး။ ဆင်းလာရင်လည်း တပ်ဆေးခန်းနဲ့တင် မဟုတ်ဘဲ ရွာထဲ ၀င်ကြည့်ပါဦးလို့ တောင်းဆိုပါရစေ။ တပ်နားက ရွာတွေ မြေတွေဘယ်လောက် အဆုံးအပါးများနေလဲဆိုတာ။
(၃)
မပြောမပြီးပြန်တဲ့ နောက်တစ်ခုကတော့ ဗမောင်းတို့ဆီရောက်နေတဲ့ နေပြည်တော်က လွှတ်လိုက်တဲ့ အရာရှိများအကြောင်းပါခင်ဗျား။ လက်ရှိအစိုးရ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တယားမှာ အမြင့်ဆုံးနဲ့ အဓိက အာဏာအရှိဆုံးဌာနက ကြီးကြီးမာစတာများ အကြောင်း ပါခင်ဗျား။
ဟိုးခေတ်အဆက်ဆက်ကတည်းက ဗမောင်းတို့ တိုင်းဌာနီဟာ ဗမာပြည်မဘက်ကလာတဲ့သူတွေအတွက် ငွေတွင်း ဖြစ်နေခဲ့တာပါ။
မင်းနေပြည်တော်နဲ့ အဆက်ပြတ်တယ်ဆိုပြီး လုပ်ချင်သလိုလုပ်ကြတာပေါ့ဗျာ။ ဒါကြောင့်လည်း ဗမောင်းတို့ ထားဝယ်တွေ ပြောကြတာ။ ဂန်ဆိုရင် ထွက်လည်း ကန် ၀င်လည်း ကန်ဆိုပြီး။ မယုံရင် လမ်းပေါ်က လူများကို အင်တာဗျူးနိုင်ပါတယ် တပ်ချုပ်ကြီးခင်ဗျား။ ကောင်းတဲ့ ဂန်တွေလည်း အများကြီးပါ။ ဒါပေသိ အစိုးရဌာနတွေက ဂန်တွေနဲ့ တပ်က ဂန်အများစုကိုဆိုရင် ရွံကြောက်ဖြစ်နေပါပြီ။
အခုလိုမျိုး သတင်းဆက်သွယ်ရေး မြန်ဆန်တဲ့ခေတ်၊ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ ခေတ်မှာလည်း ဒါမျိုး မကုန်သေးဗျ။ အဲဒီ ဌာနကလူတွေ ပိုတောင်သည်းလာသလိုပဲ။
တိုင်းနဲ့ ပြည်နယ်အစိုးရတွေ ပေါ်လာတော့ သူတို့က အဓိက ကြောရိုးနေရာပေါ့။ အေးဆေးပေါ့ဗျာ။ ဘာလဲ လယ်ထဲမှာ လယ်သမားတွေနဲ့ ပြဿနာဖြစ်တော့ ပြောလိုက်သေးတယ်။ ဘယ်သူပြုတ်ပြုတ် ငါမပြုတ်ဘူးတဲ့။ သူက ရွေးကောက်ပွဲ ၀င်စရာမလို ထာဝရ ထိုင်ခုံနဲ့ ဆိုတဲ့ သဘောပေါ့ဗျာ။
အခုလည်း အသံတွေကြားနေရပြန်ပြီ လာရင်လူချည်းပဲ မလာဘူး။ ကုမ္ပဏီတွေပါခေါ်လာသတဲ့။ ဗမောင်းမှာ ရှိတဲ့ စာရင်းအရ ကုမ္ပဏီနာမည် အနည်းဆုံး သုံးလုံးရှိပါတယ် တပ်ချုပ်ကြီးခင်ဗျား။
ကုမ္ပဏီတွေဘာလို့ ခေါ်လာသလဲ လင်းပါဦးမယ်ခင်ဗျား။ နီးစပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အပြောအရတော့ စီးပွားရေး လုပ်ပိုင်ခွင့်ကို သူခေါ်လာတဲ့ ကုမ္ပဏီတွေကို ချပေး။ သတင်းဦးသတင်းထူးရပြီ၊ စီမံကိန်းဆိုင်ရာ အတွင်းသတင်းတွေ ရပြီဆိုရင် သူ့ကုမ္ပဏီတွေကို အရင်ပြော။ အရပ်စကားနဲ့ ပြောရရင် ဂွင်ဖန်ပေးပေါ့ဗျာ။
ဆိုတော့ အရင် ပဒေသရာဇ်ခေတ်ကလို နယ်မြေကို အပိုင်စားပေးလိုက်သည်လို့ မင်းနေပြည်တော်က အမိန့်နဲ့ လာသလားအောက်မေ့ရတယ်။ ရောက်လာလိုက်ရင် အားလုံးက ဘယ်လို သွေးစုပ်မယ်ဆိုတာချည်းပဲ။ ဘယ်လို ကောင်းအောင် အလုပ်လုပ်ပေးမယ်ဆိုတာ မျိုးရှိသေးလားလို့ မေးမိတယ်။ ကိုယ့်ကိုယ်ကို မေးတာပါဗျာ။ သူတို့ကို မမေးရဲပါဘူး။
ဒေသခံ လုပ်ငန်းရှင်တွေလည်း ညည်းသံထွက်လာပြီ။ ပြောနေကြစကားလည်းရှိလာတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့သူတွေထက်တောင် တန်ခိုးထွားနေတယ်ဆိုပဲ။
ဆိုလိုရင်းပေါ့ဗျာ။ ကျန်တဲ့ သူတွေကို မျက်နှာနာလို့ စကားလုံး အတိအကျတော့ မပြောတော့ပါဘူး။ နောက်ကြုံရင်တော့ တပ်ချုပ်ကြီးကို တင်ပြပါဦးမယ်ခင်ဗျား။
ဒါကြောင့်မို့ ပြည်သူ့အခွန်နဲ့ တိုင်းပြည်ဘဏ္ဍာနဲ့ (တိုင်းပြည်ဘဏ္ဍာဆိုတာ အစိုးရ ဘဏ္ဍာလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ တပ်ချုပ်ကြီးကောင်းကောင်းနားလည်မယ်ထင်ပါတယ်) ပေးထားတဲ့ လစာကိုယူ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုယူ ပြည်သူတွေ၊ တိုင်းရင်းသားဒေသခံတွေကို ပြန်နှိပ်ကွက် ဆိုတဲ့ ခေတ် ကျန်ခဲ့သင့်ပြီထင်ပါတယ် တပ်ချုပ်ကြီးခင်ဗျား။
ဒီတော့ တပ်ချုပ်ကြီးလက်အောက်မှာရှိတဲ့ ၀န်ကြီးဌာနက အရာရှိကြီးများ ထင်တိုင်းကြဲနေတာကိုလည်း တစ်ချက် စုံစမ်းပါဦးခင်ဗျား။ ပြည်သူတွေက ခံရခက်လာရင် တန်ပြန်သက်ရောက်မှုက ပိုဆိုးပါလိမ့်မယ်။
(၄)
စာကလည်း အတော့ကို ရှည်နေပြီဆိုတော့ နံပါတ်လေးခုမြောက်ကို လိုရင်းပဲ ပြောပါရစေ။ ဒါကတော့ တပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စပါ။
ဗမောင်းတို့ရဲ့ အဓိက စီးပွားရေးထဲမှာ ရေလုပ်ငန်းလည်း ပါတယ်ဆိုတာ တပ်ချုပ်ကြီးအသိပါ။ အခုက ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေတွေကိစ္စပါ။
ဥပဒေအရ ကမ်းနီးငါးဖမ်းလှေတွေဟာ ကမ်းခြေကနေ ရေမိုင် ၅ မိုင် အကြားဖမ်းခွင့်ရှိပြီးတော့ ကမ်းဝေးကတော့ အဲဒီရဲ့ အပြင်ဘက် မှာ ဖမ်းခွင့်ပေးထားပါတယ်။
ဒါပေမယ့် ကမ်းဝေးလှေတွေက တစ်နိုင်တစ်ပိုင်လုပ်စားကြတဲ့ ကမ်းနီး အထိလာဖမ်းနေတဲ့ အဖြစ်တွေ တော်တော်များနေပြီ။ ပင်လယ်ကမ်းဝေး သင်္ဘောတွေ ငါးလုဖမ်းတဲ့ အတွက် ငါးအရနည်းလာတဲ့ အပြင်ကို ကမ်းနီးလှေငယ်တွေရဲ့ ပိုက်တွေပါ ချိတ်သွားတော့ အကုန်အဆုံးအပါး များတော့ တာပါပဲ။
အဲဒီကမ်းဝေးလှေတွေက နံပါတ်တွေကို အ၀တ်တွေနဲ့ ဖုံးထား ခပ်ခပ်တည်တည်နဲ့ ၀င်ခိုးဖမ်းတာ။ မြန်မာပြည်မှာ ခပ်တည်တည်ခိုးလို့ရတာတွေထဲက တစ်ခုပေါ့ဗျာ။ ဒါမျိုးကတော့ တစ်ဆိတ်လွန်ပါတယ်။
ရခိုင်ပြည်နယ် ဂွမှာတော့ အဲဒီ ကိစ္စ ကမ်းနီး အလုပ်သမားတွေ ဆန္ဒပြနေပါပြီ။ ဗမောင်းတို့ဆီတော့ မပြသေးဘူးဗျ။ ပြလည်း မထူးဘူး ထင်လို့လားတော့မသိ။
ငါးလုပ်ငန်းကလည်း သူတို့မှာ လှေမရှိ၊ သင်္ဘောကောင်းကောင်းမရှိတော့ မနိုင်ဘူးတဲ့ဗျ။ ရေတပ်က တာဝန်ယူထားတယ်ဆိုပဲ။ သူတို့လည်း ဆီမလောက်တော့ ပိုက်စိတ်တိုက် လိုက်မဖမ်းနိုင်ဘူးနဲ့ တူပါတယ်ဗျာ။
ဆိုတော့ ရေတပ်ကို ကြပ်ကြပ်မတ်မတ်လေး တာဝန်ယူပေးဖို့ တပ်ချုပ်ကြီးပဲ တာဝန်ယူပေးပါဦးဗျာ။
(၅)
တပ်ချုပ်ကြီးခင်ဗျား . . .
ဗမောင်းခေါင်းစားတာကို အခုထိ သည်းခံဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ဗမောင်းတို့လည်း ကိုယ့်နားကလူတွေက အားကိုးမရတော့ ရရာ အစဆွဲ ပြောရတာပေါ့ဗျာ။ အတိုင်အတော ထူတယ်တော့ မသတ်မှတ်ပါနဲ့။ ပြည်သူ့ဝန်ထမ်းဖို့အတွက် အလုပ်နေတာမဟုတ်လား။ ကာချုပ်ကြီးပဲ တလောက ပြောခဲ့တယ်လေ။ ပြည်သူသာ အမိ ပြည်သူသာ အဖတဲ့။
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ တော်မူပါစေ တပ်ချုပ်ကြီးခင်ဗျား။
ဗမောင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template