January 25, 2015
“ကျနော်တို့ ဝါမှာနော်ဗျာ..ကွဲန ကွပ်န လဲပါလို့…”ငယ်ငယ်ကကြားနေကျ လူရွှင်တော်သီချင်းအပိုင်းအစ ကလေး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက သစ်တွေ လှည်းငါးစည်းတိုက် လှေနဲ့တင်သွားတယ်။ ထိုင်းကနေ ဆိုင်ကယ်သုံးလေးစီး တင်ပြီး ပြန်လာတယ်။ ပင်လယ်ပြင်က ငါးပုဇွန်တွေ လှေအပြည့်တင်ပြီး ရနောင်းမှာ သွားရောင်းတယ်။ ငါးရောင်းရငွေနဲ့ တီဗွီ၊ ရေခဲသေတ္တာတွေဝယ်ရင် ရေခဲခန်း ငါးခန်းမှာ တစ်ခန်းစာပဲ ရတယ်။
ကမ္ဘာမှာ အသန့်စင်ဆုံးနဲ့ ဈေးအပေါဆုံးဖြစ်တဲ့ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားပို့တယ်။ ကမ္ဘာမှာ ဈေးအကြီးဆုံး လောင်စာဖြစ်တဲ့ ဒီဇယ်ဆီကို နိုင်ငံခြားက တင်သွင်းပြီး လျှပ်စစ်ထုတ်နေရတယ်။
ဒေသ ဂက်စ်ခွဲတမ်းကို မသုံးရဘဲ ကုဗပေ ၁၀၀၀ ကို အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၁(၅၀၀၀ ကျပ်ခန့်)ဈေးနဲ့ ထိုင်းကို ရောင်း တယ်။ ထိုင်းတွေက ၄င်းကုဗပေ ၁၀၀၀ ကို LPG (Liquefied Petroleum Gas)အဖြစ် ပြောင်းလိုက်ရင် ၁၅ ကီလို ထမင်းချက်ဂက်စ်အိုး တစ်အိုးရတယ်။ ထားဝယ်က လူတွေက အဲဒီ ၁၅ ကီလိုတစ်အိုးကို ၂၅၀၀၀ ကျပ်နဲ့ ထိုင်းဆီကနေ ပြန်ဝယ်သုံးနေရတယ်။
အဲဒါတွေ အားလုံးဟာ “ကြွက် နဲ့ ကျွဲ” လဲနေတာ မဟုတ်ဘူးလား။
သစ်ရော ငါးပါ ကုန်ပြီဖြစ်လို့ အသင့်အတင့် ကျန်နေသေးတဲ့ သဘာဝဓာတ်ငွေ့ကို ဒေသအတွက် အသုံးချလို့ရတဲ့ နည်းလမ်းတွေကို ဆွေးနွေးတင်ပြ သွားပါမယ်။
ဒီဇယ် နဲ့ ဂက်စ်
မြန်မာတပြည်လုံးအတွက် တစ်လ ဒီဇယ်ဂါလံပေါင်း ဘယ်လောက် တင်သွင်းပြီး ဘယ်လောက်အသုံးပြုနေတယ်ဆိုတာကို ထုတ်ပြန်ပေးနေတာမျိုး မတွေ့ဖူးဘူး။ ဒီတော့ ဂက်စ်ကိုရောင်းပြီး ဒီဇယ်တင်သွင်းနေတာ တိုင်းပြည်အတွက် ဘယ်လောက် နစ်နာနေတယ်ဆိုတာ ဘယ်သုံးသပ်နိုင်ပါ့မလဲ။
သူများနိုင်ငံတွေမှာ ဒီဇယ်အသုံးပြုမှုနည်းပြီး ဂက်စ်အသုံး များလာအောင် အသည်းအသန် လုပ်နေကြတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဒီဇယ်ကို အခွန် ၂၀% လောက် ကောက်ထားတယ်။ ဒါပေမယ့် သဘာဝဓာတ်ငွေ့ကိုကျတော့ အခွန် ၀% အပြင် အစိုးရကတောင် ၂၀% လောက် စိုက်ထုတ်ပေးလိုက်သေးတယ်။ ကျွန်တော်တို့ဆီက ဂက်စ်တွေကို ကုဗပေ ၁၀၀၀ ကို အမေရိကန် ဒေါ်လာ ၄ ဒဿမ ၄၁ နှုန်းနဲ့ နှစ် ၃၀ ဈေးနှုန်းသေ စာချုပ်ချုပ်ပြီး ချည်နှောင်ထားတယ်။
ထားဝယ်ခွဲတမ်း ၁၅ သန်း
ပြီးခဲ့သည့်နှစ် ဇောတိကတွင်းထွက်ကတည်းက တနင်္သာရီခွဲတမ်း ၁၅ သန်း သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် “သူတို့ သုံးမှ မသုံးတာ” ဆိုပြီး ထိုင်းကို ရောင်းပစ်နေတယ်။ ဒီတော့ ဒီ ၁၅သန်းကို အမြန်ဆုံး အသုံးချနိုင်အောင် ဝိုင်းဝန်း စဉ်းစားကြဖို့ လိုအပ်ပါတယ်။
ကံပေါက်မှာ ဂက်စ်အင်ဂျင် ၆ လုံး လည်ပတ်တဲ့အခါ တစ်နေ့ ၁ ဒဿမ ၂ သန်း ခန့် ကုန်မှာဖြစ်တဲ့အတွက် ၁၃ သန်းကျော် ပိုပါသေးတယ်။ ပိုနေတဲ့ ၁၃ သန်းကို ပြည်သူတွေ သုံးလို့ရအောင် ကံပေါက်မှာ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် (Gas Station) တစ်ခု ဖွင့် ပေးစေချင်တယ်။ ဒါဆိုရင် ကုန်တင်ကားတွေ အားလုံး CNG ရော ဒီဇယ်ပါသုံးနိုင်တဲ့ Hybrid ကားတွေ ဖြစ်လာလိမ့် မယ်။ သယ်ယူပို့ဆောင်စရိတ် တစ်ဝက်လောက် ကျလာပါလိမ့်မယ်။ ကုန်ပစ္စည်းဈေးတွေလည်း ကျဆင်းလာပါလိမ့်မယ်။ ထားဝယ်မှာ နောက်ထပ် Gas Station တစ်ခု ထပ်ဖွင့်မယ်။ ဂက်စ်တွေကို Conpressed လုပ်ပြီး CNG ဓာတ်ငွေ့သယ်ကား တစ်စီးနဲ့ ထားဝယ် စတေရှင်ကို ပို့မယ်။
ထားဝယ်မှာ ဂက်စ်ဆိုင်ရှိလာရင်တော့ ဒုတိယ ဘန်ကောက်ဖြစ်လာပြီပေါ့။ ထော်လာဂျီတွေ၊ သုံးဘီးဆိုင်ကယ်တွေနေရာမှာ တုတ်တုတ်တွေ၊ CNG ယာဉ်တွေ ဖြစ်လာမှာပေါ့။ သဘာဝ ဓာတ်ငွေ့ဖြစ်တဲ့ CNG ကို သုံးတဲ့အခါ ဒီဇယ်နဲ့ ဓာတ်ဆီသုံးတာထက် ထက်ဝက်မက သက်သာပါတယ်။
CNG တွေကို ကံပေါက်ကနေ ထားဝယ်ကို CNG သယ်ကားနဲ့တင်ရင် သယ်ယူစရိတ်ရှိတဲ့အတွက် ပိုက်လိုင်း သွယ်နိုင်ရင်တော့ အကောင်းဆုံးပါ။
ပိုက်လိုင်းသွယ်တာကို အစိုးရက မလုပ်ပေးနိုင်ရင် ပုဂ္ဂလိကကိုအပ်လို့ ရပါတယ်။ ရေနက်ဆိပ်ကမ်းလုပ်မယ့်သူတွေဖြစ်ဖြစ်၊ အများပိုင်လို ကုမ္မဏီကို ဖြစ်ဖြစ် ပိုက်လိုင်းဖြတ်ခပေးပြီး သွယ်ခွင့်ပေးလို့ ရပါတယ်။ နောက်ပိုင်း ထားဝယ် စတေရှင်ကနေ စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်တွေအထိ ပိုက်လိုင်းသွယ်ပြီး ရောင်းလို့ရတယ်။ ဒါဆိုရင် ထမင်းဟင်းချက်ဖို့ ဂက်စ်အရည် LPG ကို ထိုင်းကနေ ဈေးကြီးပေးပြီး ဝယ်သုံးစရာ မလိုတော့ဘူး။
ဒီဇယ်ဖိုး ၃ ဆ၊ ဂက်စ် ၁ ဆ
တနင်္သာသာရီတိုင်းရှိ ကော့သောင်း၊ မြိတ်နှင့် ထားဝယ် မြို့ကြီးများအပြင် တနင်္သာရီ၊ ပုလော၊ သရက်ချောင်း မြို့များဟာလည်း ၂၄ လျှပ်စစ်ရရှိနေပြီ ဖြစ်ပါတယ်။ မြို့အားလုံးနီးပါးဟာ လျှပ်စစ်မီး လင်းဖို့အတွက် ဒီဇယ်လောင်စာကို သုံးတာချည်း ဖြစ်ပါတယ်။
ထားဝယ်ခရိုင် လျှပ်စစ်အတွက် တစ်နေ့ဂါလံ ၄၀၀၀ နီးပါးသုံးရပါတယ်။ တစ်ဂါလံ ကျပ် ၃၀၀၀ နှုန်းနဲ့ အကြမ်းတွက်ရင် တစ်နေ့ ဒီဇယ်ဖိုး ကျပ်သိန်း ၁၂၀ ခန့် အသုံးပြုနေရပါတယ်။ အကယ်လို့ ဒီဇယ်အစား ဂက်စ်ကိုအသုံးပြုမယ်ဆိုရင် ဂက်စ်ဖိုး တစ်နေ့ ကျပ်သိန်း ၄၀ ခန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။
ထို့အတူ လျှပ်စစ်တစ်ယူနစ်ထွက်ဖို့ ဂက်စ်စက်နဲ့ မောင်းရင် ၁၂၀ ကျပ်ခန့် ကျသင့်ပါတယ်။ ဒီဇယ်စက်နဲ့မောင်းရင်(စက်အင်အား၊ အသစ်၊ အဟောင်း ပေါ်မူတည်ပြီး)စက်ထွက် တစ်ယူနစ် ၂၀၀ နဲ့ ၃၀၀ ကျပ်အကြား ကျသင့်ပါတယ်။
စာရေးသူမှ မိမိဒေသအတွင်း ဂက်စ်လျှပ်စစ်ရရှိရေးအတွက် ဆောင်းပါးများကို တွန်းတွန်းတိုက်တိုက် ရေးသားလျက် ရှိပါတယ်။ ဒါကို တချို့လူများက “အလံရှူး လုပ်နေတာလား၊ ဒီယုန်မြင်လို့ ဒီချုံထွင်တာလား”ဆိုပြီး သံသယရှိကြံပါတယ်။ သို့အတွက် စာရေးသူမှ ဖြေရှင်းရန် လိုအပ်လာပါတယ်။
ဝေဖန် အကြံပြုမှုများကိုလည်း ကြိုဆိုပါတယ်။ ဒေသအကျိုး ရေးသားတဲ့အခါ ဒေသလူကြီးများကို မလွှဲမရှောင်သာ ဝေဖန် ခဲ့ရတာတွေ ရှိပါတယ်။ ကိုယ်ဝေဖန်တဲ့ သူတွေကို လေးစားတဲ့အနေနဲ့ ကိုယ့်ရဲ့ နာမည်မှန်ကလောင်ဖြင့် ရေးသားနေခြင်း ဖြစ်ပါတယ်။
စာရေးသူ၏ ရပ်တည်မှု
စာရေးသူဟာ ဒီဇယ်စက်သုံး မီးလင်းရေး ကုမ္မဏီတစ်ခု၏ ဝန်ထမ်း တစ်ဦး ဖြစ်ပါတယ်။ အကယ်လို့ ကံပေါက်ဂက်စ်လျှပ်စစ်နဲ့ မဟာဓာတ်အားလိုင်းရောက်လာရင် ကျွန်တော်တို့ လုပ်ငန်းတွေ ရုပ်သိမ်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ ထားဝယ်ကို ဂက်စ်မီးရောက်တာနဲ့ တစ်တိုင်းလုံးရှိ မြို့၊ရပ်ကွက်၊ကျေးရွာ မီးသုံးသူအားလုံး လက်ရှိထက် တစ်ယူနစ်လျှင် ၁၀၀ ကျပ်စီ သက်သာအောင်
လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကို ပြီးခဲ့သည့်လက ချပြရေးသားခဲ့ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်တစ်ဦးက “ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးနေတာလဲ” ၊ “ရူးချင်ယောင် ဆောင်နေတာလား” ဆိုပြီး ပေါ်ပေါ်တင်တင် ဝေဖန်မေးခွန်း ထုတ်လာပါတယ်။
“ကျွန်ုပ်ရဲ့ သွေးကြောတွေထဲမှာ ထားဝယ်သွေးတွေ မပြတ်စီးဆင်းနေလို့ ဒီလို ဆောင်းပါးတွေ ရေးနေရတာပါ”လို့ပဲ အရင်ဆုံးဖြေပါရစေ။ ကိုယ်ကိုယ်တိုင် ဒီလျှပ်စစ်လုပ်ငန်းကို လုပ်ကိုင်နေတဲ့အတွက် ပိုပြီးလေ့လာ သိရှိထားပါတယ်။
အိမ်မှာ စားစရာ ဆန်ရှိမရှိ မသိပေမယ့် ဘယ်ပိုက်လိုင်းက ဘယ်ဂက်စ်တွေ ဘယ်နိုင်ငံကို ဘယ်လောက်ပို့နေတယ်ဆိုတာ ကောင်းကောင်း သိထားပါတယ်။
ကိုယ့်ဒေသ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်သူကို လှုံ့ဆော်တဲ့အခါ လျှပ်စစ်အကြောင်းကို အတန်အသင့် သိထားသူက ထုတ်ပြောမှသာလျှင် ဇာတ်ရေလည် မယ်လို့ ယူဆထားလို့ပါ။ ပြည်သူကို လိမ်ညာရင် သံသရာမှာ ခန္ဓာနဲ့ ဆပ်ရမယ်လို့ သိထားပါတယ်။
တစ်ယောက်ကလည်း လာသေးတယ်။
“ကြံ့လား၊ဒေါင်းလား” တဲ့။ ကျွန်ုပ် ဘယ်ပါတီမှ မဝင်ထားဘူး။ မဲလည်း တစ်ချပ်မှ မပေးခဲ့ဖူးဘူး။ တစ်ကောင်တည်းပြေးတဲ့ မြင်းပွဲ ဆိုရင်လည်း ဘယ်တော့မှ လက်ခုပ်တီးမှာ မဟုတ်ဘူး။ လက်ရှိအစိုးရရဲ့ ကောင်းသော လုပ်ဆောင်ချက်များစွာကို မျက်ကွယ် ပြုတဲ့ အဆိုးမြင်ဝါဒီလည်း မဟုတ်ဘူး။
၂၀၁၅ ဟာ ပြည်သူတစ်ရပ်လုံးကို လက်ရည်စစ်မယ့် နှစ်ပါ။ ကြောင်ဖြူတွေ၊ ကြောင်မဲတွေ လုပ်မနေနဲ့တော့။ အဓိက က ကြွက်ခုပ်တတ်တဲ့ ကြောင် ဖြစ်ဖို့ အရေးကြီးတယ်။ ကြွက်ခုပ် မတတ်တဲ့ကြောင်တွေရဲ့လက်ထဲ ဒီအိမ်ကြီး အပ်လိုက်ရမှာ စိုးရိမ်မိတာ တစ်ခုတည်းပါ။
နိဂုံး
ကျွဲ နဲ့ ကြွက် လဲခဲ့ရတဲ့ အဖြစ်က ကျွန်တော်တို့ အဖေအမေများ လက်ထက် ကတည်းကပါ။ ဘယ်သူ့ ဘယ်သူကိုမှလည်း အပြစ်ဖို့နေခြင်း မဟုတ်ပါ။ သိရဲ့သားနဲ့ ခံနေရတဲ့၊ ရိုးသားတာကို “အ” တယ်လို့ အထင်ခံနေရတဲ့ တောင်ပိုင်းသားတွေကို စာနာနားလည် စေချင်တာပါ။
ကိုယ့်တိုင်းပြည်မှာ နည်းပညာမရှိလို့ ဒီလို လဲလှယ်ခဲ့ရတဲ့အတွက် နိုင်ငံတော်အဆင့် စီမံခန့်ခွဲတဲ့သူတွေမှာ အဓိက တာဝန်ရှိပါတယ်။ ခေတ်အဆက်ဆက် အစိုးရကပြောတဲ့အတိုင်း ပြည်သူက လိုက်လုပ်ခဲ့ရတာပါ။ ၂၀၁၅ မှာ ပြည်သူပြောတဲ့အတိုင်း၊ ပြည်သူရဲ့ လိုအပ်ချက်အတိုင်း လိုက်လုပ်မယ့် အစိုးရမျိုးကို မျှော်လင့်မိပါတယ်။
လက်ရှိအစိုးရသက်တမ်းရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့ Injury Time လေးမှာ ပြည်သူ့ လိုအပ်ချက်အတိုင်း လုပ်ပေးတဲ့အစိုးရ ဟုတ်မဟုတ် စောင့်ကြည့် လိုပါတယ်။ တောင်းဆိုမှု နှစ်ခုနဲ့ မှတ်ကျောက်တင် လိုပါတယ်။
ကံပေါက်ကနေပို့မယ့် ဂက်စ်လျှပ်စစ်ကို တစ်ယူနစ် ၃၅ ကျပ်တန်ဖြစ်အောင် လုပ်ပေးပါ။
ဒေသခွဲတမ်း ထဲက ၂ သန်းခန့်ကို ပြည်သူတွေ သုံးခွင့်ရအောင် ကံပေါက်မှာ “သဘာဝဓာတ်ငွေ့ အရောင်းဆိုင်” တစ်ခု အမြန်ဖွင့်ပေးပါ။
“ကိုးနဝင်း မိုးအလင်း ကို နောက်တစ်ကြိမ် စောင့်ပါအုံး”ဆိုလာရင်တော့……။
” တာ့ တာ..”။
ဒေါက်တာဝင်းထိန်