Headlines News :
Home » » အမျိုးသားပညာရေးဥပဒေအား လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားများနှင့်အတူ လမ်းတစ်လျှောက်ရှိ ဒေသခံများပါ ပူးပေါင်းပါဝင်ဆန္ဒပြလာ

အမျိုးသားပညာရေးဥပဒေအား လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားများနှင့်အတူ လမ်းတစ်လျှောက်ရှိ ဒေသခံများပါ ပူးပေါင်းပါဝင်ဆန္ဒပြလာ

Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 7:27 PM

နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြင်စည်ကျေးရွာမှ ဒေသခံပြည်သူများ ကျောင်းသားများနှင့်အတူ 
လိုက်ပါလာသည်ကို ဇန်န၀ါရီ ၂၄ ရက်က တွေ့ရစဉ်

အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေကြသည့် ကျောင်းသားများမှာ ရန်ကုန်မြို့သို့ အရောက်သပိတ်စစ်ကြောင်းအဖြစ် မန္တလေး မြို့မှ စတင်ထွက်ခွာလာခဲ့ပြီး ငါးရက်မြောက်ဖြစ်သည့် ဇန်နဝါရီ ၂၄ ရက်တွင် နွားထိုးကြီး မြို့နယ်အတွင်းရှိ ပြင်စည်ကျေးရွာမှ နံနက် ၉ နာရီအချိန်ခန့်၌ ဆက်လက်ထွက်ခွာလာခဲ့ကြရာ လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများမှပါ ကျောင်းသားများနှင့်အတူ ချီတက်ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်လာကြပြီး သပိတ်စစ်ကြောင်းမှာ အရှိန်မြင့်တက်လာကြောင်း သိရသည်။
အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေကြသည့် ကျောင်းသားများမှာ မန္တလေးမြို့မှ ရန်ကုန်မြို့အထိအရောက် သပိတ်စစ်ကြောင်းအဖြစ် ဇန်နဝါရီ ၂ဝ ရက်မှ စတင်ထွက်ခွာလာခဲ့ကြရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုလိပ်၊ ကျောက်ဆည်၊ မြစ်သားမြို့တို့နှင့် ပြင်စည်ကျေးရွာတို့တွင် တစ်ညတာအသီးသီး ညအိပ်တည်းခို ခဲ့ကြပြီးနောက် ဇန်နဝါရီ ၂၄ ရက်တွင် ပြင်စည်ကျေးရွာမှ ဆက်လက်၍ နွားထိုးကြီးမြို့သို့ ဆက်လက်ထွက်ခွာ လာခဲ့ကြသည်။ ယင်းသို့ ကျောင်းသားများ၏ သပိတ်မှောက်စစ်ကြောင်း ထွက်ခွာလာခဲ့ရာ လမ်းတစ်လျှောက်တွင် ဒေသခံများမှ လက်ခုတ်တီး၍ ပန်းကုံးများဖြင့် ဆီးကြိုခဲ့ကြသည့်အပြင် အစားအသောက်များဖြင့်ပါ ဧည့်ခံမှုများ ပြုလုပ်ခဲ့ကြသည်။
ကျောင်းသားများ၏ သပိတ်မှောက် လမ်းလျှောက်နေသည့် စစ်ကြောင်းအား ကျောက်ဆည်မြို့တွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ငြိမ်းစုစီဥပဒေနှင့် မညီဟုဆိုကာ တားဆီးမှုများ ရှိခဲ့သော်လည်း ကျောင်းသားများမှ ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း ဆက်လက်ထွက်ခွာ ခဲ့ကြပြီးနောက် နွားထိုးကြီးမြို့ ရောက်သည်အထိ လမ်းတစ်လျှောက်တွင် အတားအဆီး တစ်စုံတစ်ရာမရှိခဲ့သော်လည်း အာဏာပိုင်များမှ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်။
“သပိတ်ကတော့ အရှိန်မြင့်တက်လာတာတော့ အမှန်ပါပဲ။ အဲဒါဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အခက်အခဲဟာ ပြည်သူတွေနဲ့ တစ်ထပ်ထဲဖြစ်တယ်ဆိုတာ အမှန်ပဲဆိုတာပြလိုက်တဲ့ သဘောဖြစ်တယ်။ တကယ်တော့ ကျောင်းသားတွေဆိုတာက ပြည်သူတွေရဲ့ သားသမီးတွေပဲ ဖြစ်တယ်လေ။ မိဘတွေရဲ့ အခက်အခဲတွေကို သားသမီးတွေက ဝင်ရောက်ဖြေရှင်းပေးနေတဲ့ အနေအထားလည်း ဖြစ်နေတယ်။ ဘယ်မိဘကမှ ကိုယ်သားသမီးကို နေပူထဲမှာ လမ်းလျှောက်နေတာကို မြင်ချင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လမ်းတစ်လျှောက်မှာတွေ့ခဲ့တဲ့ ပြည်သူအချို့ဆိုရင် မျက်ရည်တွေ ကျနေတာတွေ့ခဲ့တယ်။ ဒါတွေဟာ လူထုဟာကျောင်းသားတွေနဲ့ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ သဘောပေါ့။ အမှန်တရားဘက်က ရှိနေကြတာပေါ့။ ဒါတွေက ထောက်ခံမှုတွေပါပဲ။ လက်ရှိသပိတ်အရှိန်က ပိုမြင့်တာတယ်။ လမ်းတစ်လျှောက်မှာ ကြိုဆိုတာတွေပိုများလာတယ်။ နောက်ပြီးတော့ ဒေသခံတွေကိုယ်တိုင် ဝင်ရောက်ပြီး ကျောင်းသားတွေနဲ့ အတူတူ အလံကိုင်ချီတက် လမ်းလျှောက်လာကြတယ်။ ကျွန်တော်တို့ မန္တလေးက ထွက်လာကတည်းက လိုက်ပါပို့ဆောင်တဲ့ အဖွဲ့အစည်းအသီးသီး ရှိခဲ့တယ်။ ခုချိန်မှာတော့ သပိတ်ဟာ အရှိန်ပိုမြင့်လာပါပြီ” ဟု သပိတ်စစ်ကြောင်းအတွင်း ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုသန့်စင်က ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေအား လမ်းလျှောက်သပိတ်မှောက် ဆန္ဒပြနေကြသော ကျောင်းသားများအား အင်တာနက်လူမှုကွန်ယက် စာမျက်နှာများတွင် ကျောင်းသားများနှင့်ပတ်သက်၍ အကောင့်အတုများဖြင့် မဟုတ်မမှန် ရေးသားကာ တိုက်ခိုက်နေမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ယင်းအကြောင်း အရာများမှာ လုံးဝမှန်ကန်ခြင်းမရှိကြောင်း ကျောင်းသားခေါင်းဆောင်များက ရှင်းလင်းပြာကြားထားသည်။
“ကျွန်တော်တို့ သပိတ်လမ်းကြောင်း တစ်လျှောက်မှာ ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်ဆိုတာ အချက်သုံးချက်ကြောင့်လို့ ထင်ပါတယ်။ ပထမအချက်က အစိုးရက မတရားလုပ်နေသမျှကို ပြည်သူက ခံနေကြရတယ်။ အဲဒီအတွက် အစိုးရကို ဆန့်ကျင်ပြီးတော့ အမှန်တရားဘက်ကနေပြီး ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတဲ့ ဘယ်အဖွဲ့အစည်းမဆို သူတို့က ထောက်ခံကြတာ။ ဒုတိယအချက်က ပညာရေးက တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ အားလုံးနဲ့ သက်ဆိုင်နေတဲ့ အနေအထားဆိုတော့ အနည်းငယ်ရှင်းပြလိုက်တာနဲ့ ပြည်သူက နားလည်သွားတယ်။ ဘွဲ့ရပြီးတော့ အလုပ်မရှိတာတွေ။ စာမသင်နိုင်တာတွေ။ စတဲ့အကြောင်းအရာတွေကို သူတို့ကြုံတွေ့ နေရတာကြောင့် နည်းနည်းရှင်းပြလိုက်တာနဲ့ နားလည်သွားကြတယ်။ တတိယအချက်က ကျောင်သားဆိုတာက ခေတ်အဆက်ဆက်မှာ ဒီနိုင်ငံရဲ့ သမိုင်းကြောင်းမှာဆိုရင် အမှန်တရား ဘက်မှာရပ်တယ်။ ပြည်သူ့ဘက်က ရပ်တည်ခဲ့တယ်။ ဒီလမ်းကြောင်း အတိုင်းကိုပဲ ကျွန်တော်တို့က ဆက်ပြီးလျှောက်နေတယ်။ အဲဒီအချက်တွေကြောင့် အခုလို ကြိုဆိုနေကြတယ်လို့ ထင်ပါတယ်” ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်နေကြ သည့် ကျောင်းသားများမှာ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာတွင် တစ်ညညအိပ်တည်းခိုခဲ့ပြီးနောက် ဒေသခံပြသည်သူများမှ ကျောင်းသားများနှင့်အတူ နွားထိုးကြီးမြို့အထိ လမ်းလျှောက်ခဲ့ကြပြီး သပိတ်မှောက် ကျောင်းသားများအား မြို့ခံများ၊ ဒေသခံများ နိုင်ငံရေးအဖွဲ့အစည်းများ လူမှုအဖွဲ့အစည်းများမှ ကြိုဆိုခဲ့ကြသည်။ သပိတ်မှောက်ကျောင်းသားများမှာ ဇန်နဝါရီ ၂၄ ရက်တွင် ပြင်စည်ကျေးရွာမှ ထွက်ခွာခဲ့ပြီး နွားထိုးကြီးမြို့၌ ညအိပ်ရပ်နားသွားမည်ဖြစ်ကာ ဇန်နဝါရီ ၂၅ ရက်တွင် မြင်းခြံမြို့သို့ ဆက်လက်လမ်းလျှောက် သပိတ်မှောက် ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template