Headlines News :
Home » » ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ဆုံခြင်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ဆုံခြင်း

Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 8:36 PM

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်မွေးနေ့ကို ဂုဏ်ပြုသည့် ‘သမိုင်းရဲ့ ကမ္ပည်းရှင်’ အမည်ရ ကဗျာအော်ပရာကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံနှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နတ်မောက်မြို့တို့၌ တင်ဆက်သွားမည် ဖြစ်သည်။ ယင်းကဗျာကို ဦးဆောင် တင်ဆက်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ဆုံပြီး ကဗျာအော်ပရာ ဖြစ်ပေါ်လာခဲ့ပုံ၊ တင်ဆက်မည့် ပုံစံများနှင့် ပြင်ဆင်ထားမှု အပိုင်းများကို The Voice က မေးမြန်းထားပါသည်။
Voice : ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့ သမိုင်းရဲ့ ကမ္ပည်းရှင် ကဗျာအော်ပရာကို ဘယ်လို စိတ်ကူးနဲ့ တင်ဆက်ဖြစ်ခဲ့တာလဲ။
MKN : ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် စဉ်းစားဖြစ်တော့ ကျွန်တော်က ကဗျာကို ချစ်တဲ့သူဆိုတော့ ကဗျာနဲ့ ပတ်သက်တဲ့ စိတ်ကူးက အရင်ထွက်လာတယ်။ ဒါနဲ့ပဲကဗျာနဲ့ ဂုဏ်ပြုဖို့ ဆုံးဖြတ်ဖြစ်တာပေါ့။ ဒါပေမဲ့ ကဗျာချည်းပဲဆိုရင် ကျွန်တော်တို့ ဂုဏ်ပြုချင်တဲ့ အကြောင်းအရာက လူတွေဆီရောက်တာ နည်းမလားပေါ့။ ဇာတ်ခုံ တင်ဆက်မှုနဲ့ ကဗျာနဲ့ ပေါင်းလိုက်ရင်တော့ ပိုပြီးတော့ ထိရောက်မယ်လို့ အောက်မေ့တယ်။ နောက်တစ်ခုက ဒီကဗျာ အော်ပရာကို ကဖို့ဇာတ်ရုံ တစ်ခုကို ဘာကြောင့် ရွေးရလဲပေါ့။ ကျွန်တော်တို့ လေဟာပြင်မှာ ကရင်လည်းရတာပဲ။
တစ်ခုရှိတာက အော်ပရာတွေရဲ့ အရသာကျတော့ လေဟာပြင်လို နေရာမျိုးမှာ ကဖို့ မဖြစ်နိုင်လောက်အောင် အခက်အခဲရှိတယ်။ နိုင်ငံတကာကို ကျွန်တော်တို့ ရောက်တဲ့အခါမှာ ကြည့်ဖြစ်တဲ့ အော်ပရာတွေကလည်း ဇာတ်ရုံတစ်ခုထဲမှာ လုံလုံခြုံခြုံနဲ့ အသံစနစ်တွေ၊ မီးစနစ်တွေ စုံစုံလင်လင်နဲ့ ကတာကို တွေ့ရသလို လာကြည့်တဲ့ ပရိသတ်တွေကလည်း ငြိမ်သက်ပြီး စိတ်ဝင်တစား ကြည့်နေကြတယ်။ ဒါကြောင့် ငြိမ်သက် တိတ်ဆိတ်ပြီး လုံခြုံမှုရှိတဲ့ ဇာတ်ရုံတစ်ခုမှာ ကဗျာအော်ပရာကို ကဖို့ရွေးလိုက်တာပါ။ ကျွန်တော့် ဆန္ဒအရဆို လေဟာပြင်လို နေရာမျိုးမှာ ကပေးချင်တာပါ။
Voice : ကဗျာအော်ပရာကို ဘယ်လိုပုံစံမျိုး ပုံဖော် တင်ဆက်သွားဖို့ စီစဉ်ထားလဲ။ မြန်မာနိုင်ငံမှာက ဒီလို အနုပညာ တင်ဆက်မှုမျိုး သိပ်မတွေ့ရဘူးလေ။
MKN : ဒီပွဲကို လာကြည့်မယ့် ပရိသတ်တွေက ကဗျာအော်ပရာ ဆိုတာကို အတိုင်းအတာ တစ်ခုအထိ နားလည်ပြီးသား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်ဗျ။ ကျွန်တော် ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ကဗျာကို အခြေခံတဲ့ အော်ပရာ ဖြစ်မှာပါ။ ကဗျာဆိုတာကို သူတို့ နှလုံးသားက အနည်းနဲ့ အများတော့ လက်ခံနိုင်စွမ်း ရှိပြီးသားလို့ ကျွန်တော်ယုံတယ်။ နောက်တစ်ခုက အသစ်ထွင်ရတယ် ဆိုတာလည်း ပျော်ဖို့တော့ ကောင်းပါတယ်။ ဇာတ်ကောင်တွေ ကိုယ်တိုင်က ဇာတ်ကြောင်းကို မိုက်ကရိုဖုန်းတွေနဲ့ ပြောတာမျိုး မဟုတ်တဲ့ အတွက်လည်း တစ်မျိုးတော့ ထူးခြားမှာပါ။
ကျွန်တော်တို့ရဲ့ တင်ဆက်မှု အနုပညာမှာက ကဗျာကောင်းတွေကို နောက်ကွယ်ကနေ ရွတ်မယ်။ ရှေ့ကနေပြီး လူတွေက သရုပ်ဖော်ပေးမယ်။ အဲ့ဒီနေရာမှာလည်း တိုက်ရိုက် သရုပ်ဖော်တာ ရှိသလို သူ့နိမိတ်ပုံကို ယူပြီး ဖော်ရတာမျိုးလည်း ရှိတယ်။ အဲ့ဒီလိုမျိုး ဉာဏ်ကွန့်မြူးခွင့် ရတဲ့အတွက် ကောင်းတော့ပေါ့။
ကျွန်တော်တို့ရဲ့ အနုပညာ တင်ဆက်မှုပုံစံက အသစ်ဖြစ်တဲ့အတွက် အတိုင်းအတာ တစ်ခုအထိတော့ စိမ်းကောင်းစိမ်းမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုပုံစံမျိုးကို ကြိုးစားသင့်တယ်။ မိတ်ဆက် တင်ပြသင့်တယ်လို့ ယုံကြည်ပါတယ်။
ဒီလို ကဗျာအော်ပရာ ဆိုတာမျိုးက ကျွန်တော်တို့ဆီမှာ လုပ်လေ့လုပ်ထတော့ အင်မတန် နည်းပါတယ်။ ကျွန်တော် ၈၈ အရေးအခင်း ငွေရတုပွဲတုန်းက တင်ဆက်မှုတစ်ခု လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ကဗျာတွေကို နောက်ကနေရွတ်၊ ဇာတ်ခုံပေါ်မှာ ရှေ့ကနေ သရုပ်ဆောင်တွေက ကဗျာကို သရုပ်ဖော်တဲ့ ကဗျာကို ရွတ်တာပါ။ နောက်ခံက ကဗျာတွေ ရွတ်နေမယ်။ စင်ပေါ်မှာ သာမန်ပြဇာတ်တွေလို ဇာတ်ကောင်တွေက ကိုယ်တိုင် ပြောနေတာမျိုးက မရှိသလောက် နည်းပါတယ်။ ဂီတရဲ့ ပံ့ပိုးမှုပါမယ်။ ဇာတ်ခုံပညာပါမယ်။ အလင်းအမှောင်တွေရဲ့ တင်ဆက်မှုတွေလည်း ပါမယ်။ သီချင်းတချို့လည်း သုံးမယ်။ ဒါတွေ အားလုံးဟာ ကဗျာနဲ့ ဇာတ်ခုံ အနုပညာကို ပေါင်းစပ်လိုက်တဲ့ သဘောပါပဲ။ ဒါကို ပြဇာတ်လို့ ပြောဖို့ခက်တဲ့အတွက် အော်ပရာနဲ့ ပိုပြီး နီးတဲ့အတွက်၊ ကဗျာကို အားပြုထားတဲ့အတွက် ကဗျာအော်ပရာလို့ ပြောတာပါ။
သရုပ်ဆောင်တွေ အနေနဲ့ကလည်း နာမည်ကျော်တွေထဲက ရွေးထားတာ မဟုတ်ပါဘူး။ ဒီနေ့ခေတ် ကျောင်းသားတွေထဲက၊ လူငယ်တွေထဲကပဲ ဝိုင်းပြီး သရုပ်ဆောင်ကြမှာပါ။ တချို့ သရုပ်ဆောင် သင်တန်းတက်နေတဲ့ သူတွေထဲကလည်း ပါနိုင်ပါတယ်။ အဲ့ဒါသည်ပင်လျှင် ကျွန်တော်တို့ ကဗျာအော်ပရာရဲ့ ထူးခြားတဲ့ ဟန်တစ်ခု ဖြစ်နေမှာပါ။
Voice : ကဗျာအော်ပရာမှာ အသုံးပြုဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်ဖြစ်လဲ။
MKN : ကျွန်တော်တို့က ကဗျာဖတ်ရင် ကဗျာဆရာရဲ့ ကလောင်နာမည်ကို မကြည့်ဘူး။ ဒါက ကဗျာဖတ်ရင် အဲ့ဒီစနစ် တစ်ခုတော့ ကျွန်တော်တို့ အမြဲထားတယ်။ ကဗျာဆရာရဲ့ နာမည်ကို လက်မနဲ့ ဖြစ်ဖြစ်ဖုံးထားပြီး ဖတ်တာက အကျင့်ဖြစ်နေပြီ။ ကဗျာကို ရေးတဲ့သူရဲ့ ကလောင်နာမည်ကို သိပြီးပြီဆိုရင် လူတွေမှာ ရှိတဲ့ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အတ္တလေးက နည်းနည်း ပြဿနာရှိတယ်။ အဲ့ဒီအတွက် ကဗျာတစ်ပုဒ်က အော်ပရာနဲ့ သင့်တော်တယ်ဆိုရင် ကျွန်တော် ကြိုက်တဲ့ အပိုဒ်လေးကို ဝိုင်းပြီးမှတ်ထား၊ ကူးထားလိုက်တာပဲ။ ပြီးတော့မှ ဒါဘယ်သူ ရေးထားတဲ့ ကဗျာပါလားဆိုပြီး ပျော်ရတာလည်း ရှိသလို အံ့သြရတာလည်း ရှိတယ်။ ကြည်နူးရတာလည်း ရှိတယ်။ အဲ့ဒီအတွက် ကျွန်တော်ပြောချင်တာက ကဗျာ အပိုဒ်ကလေးတွေတော့ ကျွန်တော် ယူသုံးထားတယ်။ တစ်ပုဒ်လုံးကိုတော့ ယူပြီးသုံးထားတာ မရှိသလောက်ပဲ။
ဟိုးခေတ်ဟောင်းက ကဗျာတွေထဲက ကောင်းတာလေးတွေ ကျွန်တော် လိုက်ရှာကြည့်တယ်။ သို့သော် ကျွန်တော် ဒီကနေ့ တင်ဆက်မယ့် ပုံစံနဲ့ကျတော့ ကိုက်ဖို့က လိုသေးတာကိုး။ ဒီနေ့ခေတ် လူငယ်တွေ နားထဲမှာ ယဉ်ပြီးသားဖြစ်တဲ့ စကားလုံးတွေ၊ ဖွဲ့စည်းပုံတွေနဲ့ ကိုက်အောင်လည်း ကျွန်တော် ကြိုးစားရသေးတယ်။ ခေတ်ပြိုင် ကဗျာဆရာတွေ ရေးထားတဲ့ ကဗျာတွေထဲကပဲ ယူသုံးထားတာ များပါတယ်။
Voice : ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြတ်သန်းမှုထဲက ဘယ်အပိုင်းတွေကို ကဗျာအော်ပရာမှာ အဓိက ပုံဖော် တင်ပြသွားဖို့ရှိလဲ။
MKN : ကဗျာအော်ပရာရဲ့ ကြာချိန်က တစ်နာရီခွဲ ဝန်းကျင်လောက်တော့ ရှိမယ်လို့ မှန်းထားတယ်။ အများဆုံး နှစ်နာရီလောက်တော့ ဖြစ်ရင်လည်း ဖြစ်သွားမယ်။ အမျိုးသား ခေါင်းဆောင်ကြီး တစ်ယောက်ရဲ့ ဘဝမှာ ပြန်ပြောပြချင်စရာ အကြောင်းအရာတွေက တော်တော်များတယ်ဗျ။ တချို့ အကြောင်းအရာတွေဆို တစ်ယောက်က ဖတ်ဖူးပေမယ့် တစ်ယောက်က မဖတ်ဖူးပြန်ဘူး။ လူတိုင်းသိတဲ့ အကြောင်းအရာတွေလည်း ရှိတာပဲ။ တချို့ အကွက်လေးတွေဆို အင်မတန် လှတယ်လို့ ခံစားရတယ်။ ဆိုလိုတာက ကျွန်တော်တို့ ခေါင်းဆောင်ဟာ လုပ်ယူဖန်တီးထားတဲ့၊ လူတစ်ယောက်ထက် ကျော်သွားတဲ့ စိတ်ကူး ဇာတ်ကောင် မဟုတ်ဘူး ဆိုတာကို ကျွန်တော် ပြောချင်တာ။ လူပီသတယ်။ လူပီသစွာသူ့မှာ ကိုးရိုးကားရား၊ အိုးနင်းခွက်နင်း ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အားလုံးကို ကျွန်တော်တို့က သူ့အပေါ်မှာ တန်ဖိုးထားတဲ့၊ ယုံကြည်တဲ့စိတ်နဲ့ ပြန်ကြည့်လိုက်တော့ ခွင့်လွှတ်စရာ၊ ချစ်စရာပဲ ပြန်ဖြစ်တယ်။ အဲ့ဒီဟာလေးတွေကို ကျွန်တော် ပြချင်တယ်။
သူ့ရဲ့ဘဝမှာ အလွဲတွေ ရှိခဲ့ဖူးတယ်။ အဲ့ဒါတွေ အားလုံးဟာ သူ့စိတ်စေတနာက မှန်နေတဲ့ အခါကျတော့ ခွင့်လွှတ်ချင်စရာ၊ ချစ်စရာ ကောင်းနေတယ်။ သူကျောင်းသား ဘဝက ရန်ကုန်တက္ကသိုလ်၊ ပဲခူးဆောင်ရဲ့ ထမင်းစားခန်းမှာ တက္ကသိုလ် ကျောင်းသားတွေက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောနေကြတဲ့ အခန်းကို ကျွန်တော်ပြမယ်။ အဲ့ဒီမှာ ကျောင်းသားတွေက ငါတို့လို တက္ကသိုလ် ကျောင်းသားတွေကို ဘာလို့ ဒီလိုဆိတ်ရိုးနဲ့ ပဲချက် ကျွေးတာလဲလို့ပြောတော့ စားဖိုဆောင် တာဝန်ယူရတဲ့သူက ခင်ဗျားတို့ပဲ ချက်ခိုင်းလို့ ချက်ရတာပဲလို့ ပြန်ပြောတယ်။ ဘယ်သူ ချက်ခိုင်းတာလဲဆိုပြီး ကြည့်လိုက်တော့ အခန်းထောင့်မှာ ပဲဟင်းနဲ့ ဆိတ်ရိုးတွေကို အားရပါးရ စားနေတဲ့ ကိုအောင်ဆန်းကို သွားတွေ့တယ်။ အဲ့ဒီလို လူသိနည်းပြီး သူ့ရဲ့ မူရင်းစရိုက်ပေါ်တဲ့ ဇာတ်ကွက်တွေကို များများပြသွားမှာပါ။
သူတစ်ယောက်တည်း နတ်မောက်ကို ပြန်ပြီး စည်းရုံးရေးဆင်းတဲ့ ဘဝတုန်းကဆို လယ်ကွင်းဘေးမှာ တစ်ယောက်တည်း အံကြိတ်ပြီး မိန့်ခွန်းပြောပြီး လမ်းလျှောက်လာတယ်။ မျက်နှာချင်းဆိုင် လာတဲ့သူတွေက နှုတ်ဆက်ပေမယ့် သူတစ်ယောက်မှ မတွေ့ဘူး။ ညဘက်ဆိုရင် ကလေးတွေကို ပဲကြီးလှော်ကျွေးပြီး လသာညတွေမှာ တို့ဗမာသီချင်းကို သူသင်ပေးခဲ့တယ်။ ကြက်သမားတွေ၊ ဖဲသမားတွေ ကြားထဲအထိ သူလိုက်ပြီး စည်းရုံးပေမယ့် သက်ရောက်မှု မရှိဘူးလို့ သူထင်တယ်။ ဒါပေမဲ့ သူပြန်သွားတဲ့အခါမှာ ဒီလူတွေက မူလသူတို့ ဝါသနာကိုတော့ မစွန့်ဘူး။ နိုင်ငံရေး စကားတွေကိုတော့ နားထောင်လာပြီ။ လိုအပ်လာရင် နိုင်ငံရေး ကိစ္စတွေမှာ သူတို့ ဝင်ဆွေးနွေးလာပြီ။ ဒီလို အကြောင်းအရာတွေကို လူသိတော်တော် နည်းခဲ့တယ်ဗျ။ အဲ့ဒီလို အကြောင်းအရာလေးတွေကို ကဗျာအော်ပရာမှာ ပြန်လည် ဖော်ထုတ်ထားပါတယ်။ ဒီကဗျာ အော်ပရာမှာ ကျွန်တော်တို့ ဘဝငါးခုကို ကိုယ်စားပြုပြီး ပြမှာပါ။
မောင်အောင်ဆန်းဘဝ၊ ကိုအောင်ဆန်းဘဝ၊ သခင်အောင်ဆန်းဘဝ၊ ဗိုလ်ချုပ်အောင်ဆန်း ဘဝနဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်လာတဲ့အထိ ဘဝငါးခုကို အပိုင်းငါးပိုင်း ခွဲပြီး ပြမှာပါ။ ဒီကဗျာအော်ပရာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကြီး တစ်ခုလုံးကို ပြည့်ပြည့်စုံစုံပြောဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ မှတ်မိသမျှ၊ သိသမျှထဲက သူ့ရဲ့ဘဝမှာ ထင်ရှားတဲ့ အကွက်တွေကို ကြိုးစားပြီးတော့ ပုံဖော်ကြည့်တာပါ။ အတ္ထုပ္ပတ္တိ ရုပ်ရှင်တစ်ကား ရိုက်သလောက်တော့ ပြည့်စုံမှာ မဟုတ်ဘူး ဆိုတာကို ကြိုတင်ပြီးတော့ ဝန်ခံထားချင်ပါတယ်။
သန့်ဇင်ဦး (The Voice)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template