ရန်ကုန်၊ ဇန်နဝါရီ ၂၄
အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်ကို ဗုံးဖောက်ခွဲမည် ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်ထံ ဖုန်းဆက်ခြိမ်းခြောက်ခဲ့သူကို ဖော်ထုတ်အရေးယူနိုင်ရန် ရဲတပ်ဖွဲ့က ဖုန်းနံပါတ်ပိုင်ရှင်ကို စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရွာမအနောက်ရပ်ကွက် ဘုရင့်နောင်လမ်းဘေးရှိ ရွာမပရိယတ္တိကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၏ လက်ကိုင်ဖုန်းသို့ ဇန်နဝါရီလ ၂၃ ရက် ည ၇ နာရီခွဲခန့်က မလေးရှားနိုင်ငံ ဆက်သွယ်ရေး ကုတ်နံပါတ်ဖြင့် ဆက်သွယ်ခဲ့သူက ကျောင်းဝင်းအတွင်း ဗုံးထောင်ထားကြောင်း ခြိမ်းခြောက်ခဲ့ကြောင်း ယင်းကျောင်းတိုက်ရှိ သံဃာများထံမှ သိရသည်။
“ဖုန်းနံပါတ်အရှေ့က ၀၀၆၀ နဲ့ ဖုန်းဝင်လာပြီး မင်းတို့ ကျောင်းဝင်းထဲမှာ အာတီအိပ်ခ်ျဗုံး ထောင်ထားတယ်။ ဘယ်နားထောင်ထားတယ် ဆိုတာ ရှာမနေနဲ့။ ကျောင်းပြင်ထွက်ဖို့ ၁၁ မိနစ် အချိန်ပေးမယ်ဆိုပြီး အမျိုးသားအသံနဲ့ ဖုန်းဝင်လာတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်” ဟု ရွာမပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက မိန့်ကြားသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့နှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတို့က ဇန်နဝါရီလ ၂၄ ရက် နံနက် ၁ နာရီအထိ ကျောင်းပရဝုဏ်အနှံ့ မိုင်းရှာဖွေရေးများ ဆောင်ရွက်ခဲ့သော်လည်း ပေါက်ကွဲစေနိုင်သည့် ပစ္စည်းနှင့် ပတ်သက်သည့် တစ်စုံတစ်ခုမျှ မတွေ့ရှိကြောင်း အင်းစိန်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောဆိုသည်။
“တမင်သက်သက် လုပ်ကြံ ခြိမ်းခြောက်ခဲ့တာပါ။ ဖုန်းနဲ့ ခြိမ်းခြောက်ခဲ့သူကို ဖော်ထုတ်နိုင်ဖို့ မလေးရှားရဲတပ်ဖွဲ့ထံ အကူအညီတောင်းထားပါတယ်။ တရားခံသိရရင် သတင်းထုတ်ပြန်ပေးပါ့မယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကျောင်းဝင်းကို ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခံရသော အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌဖြစ်ပြီး မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲရာတွင် အဓိက ဦးဆောင်သူအဖြစ် လှုပ်ရှားခဲ့သူ ဖြစ်ကြောင်း မဘသအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
The Voice