ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မြောက်ပိုင်း Valenzuela ဒေသရှိ ဖိနပ်စက်ရုံ မီးလောင်ခဲ့တဲ့အတွက် သေဆုံးသူပေါင်း ၇၂ ဦး ရှိနေပြီလို့ အစိုးရ အရာရှိတွေက ပြောပါတယ်။
Kentex ကုန်ထုတ်လုပ်မှု ကုမ္ပဏီက ပိုင်တဲ့ ဒီစက်ရုံမှာ ရာဘာဖိနပ်တွေ ထုတ်လုပ်တာဖြစ်ပြီး မေ ၁၃ ရက် မီးလောင်မှု ဖြစ်ပွားခဲ့စဉ်မှာ အလုပ်သမား ၂၀၀ ကနေ ၃၀၀ ခန့် စက်ရုံထဲမှာ ရှိနေတယ်လို့ စက်ရုံပိုင်ရှင်က ပြောပါတယ်။
စက်ရုံမှာ ကျန်းမာရေးနဲ့ လုံခြုံရေး အစီအမံတွေ ညံ့ဖျင်းတယ်လို့ အလုပ်သမားတွေက ပြောကြားခဲ့ပြီး တာဝန်ရှိသူတွေကို အမြန်ဆုံးအရေးယူ ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူက ပြောပါတယ်။
စက်ရုံအဆောက်အဦး အနီးမှာ သံဂဟေဆော်ရာက မီးပွားကျပြီး မီးစတင်လောင်ကျွမ်းတာလို့ ရဲက ပြောပါတယ်။
မီးလောင်မှု ဖြစ်ပွားစဉ်မှာ အလုပ်သမားတွေဟာ စက်ရုံ ဒုတိယထပ်မှာ ပိတ်မိနေကြပြီး မီးလောင်တာ မြန်တဲ့အတွက် လူအနည်းငယ်လောက်ပဲ လွတ်မြောက်ခဲ့ပြီး အလုပ်သမား အများစုဟာ ရာဘာနဲ့ ဓာတုပစ္စည်းတွေ လောင်ကျွမ်းမှုကြောင့် မီးခိုးငွေ့မွန် သေဆုံးကြတာလို့ သိရပါတယ်။
စက်ရုံအလုပ်သမားတွေဟာ လုပ်အားခကို အနိမ့်ဆုံးလစာထက် လျှော့နည်းရရှိကြပြီး ဓာတုဗေဒ ပစ္စည်းတွေကြားမှာ လုံခြုံမှုမရှိဘဲ အလုပ်လုပ်ကိုင် ကြရတယ်လို့ အသက်ရှင် လွတ်မြောက်သူတွေနဲ့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
BBC Burmese