အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြင်းထန်စွာ ရွာသွန်းတဲ့
မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံဖြစ်ကာ လူ၁၀၀ ကျော်သေဆုံးပြီး
လူထောင်ပေါင်းများစွာဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ အိန္ဒိယ
ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနောက် ဘင်္ဂလားပြည်နယ်မှာ ရေကြီးပြီး လူ ၄၈
ဦးသေဆုံးကာ လူ ၂ သိန်းကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ
ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။
ဆိုင်ကလုန်း Komen ကြောင့် အခုရက်ပိုင်းတွေအတွင်း လေပြင်းထန်ပြီး
မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် အခုလို ပျက်စီးဆုံးရှုံးမှုတွေနဲ့
ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ဘက် ဘင်္ဂလားပြည်နယ်မှာ အဆိုးရွားဆုံး ရေကြီးမှုနဲ့
ရင်ဆိုင်နေရပြီး ကျေးရွာပေါင်း ၁ သောင်းကျော်မှာ နေထိုင်ကြတဲ့ လူပေါင်း ၎
သန်းနီးပါးဟာ ရေဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက
ဆိုပါတယ်။
ရေကြီးရာဒေသတွေမှာ ကျရောက်မယ့် ရေနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှုတွေကို
ကြိုတင်ကာကွယ်ဖို့ ဆေးဝါးကုသရေးအဖွဲ့ ၂၀၀ ကျော်က စက်လှေ ၁၂၀ ကျော်နဲ့
ရေလွှမ်းမိုးရာဒေသတွေကို ရောက်ရှိနေကြပြီလို့လည်း ဆိုပါတယ်။
BBC Burmese