Headlines News :
Home » » ရေကြီးရေလွှမ်းဒေသများ ရေပြန်ကျစပြု၊ အကူအညီများ လိုအပ်

ရေကြီးရေလွှမ်းဒေသများ ရေပြန်ကျစပြု၊ အကူအညီများ လိုအပ်

Written By Live100 on Tuesday, August 4, 2015 | 12:37 AM


စစ်ကိုင်းတိုင်း ကလေးမြို့
လွန်ခဲ့ရက်ပိုင်းက ရေကြီးရေလျှံဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရေကျနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကလေးခရိုင်ဥက္ကဋ္ဌ ဦးမောင်တူးက “ရေကျသွားပြီ၊ မနေ့ကထက်ဆို ၆ ပေကျော်လောက် ကျသွားပြီ။ လမ်းတော်တော်များများလေး ပေါ်လာပြီပေါ့။ ကလေးမြို့ထွက်လောက်ထိ ကားနဲ့ သွားလို့ရပြီ၊ အရင်တုန်းက ရေက ဆေးရုံရှေ့ထိရောက်တာကိုး၊ ခုကျသွားတော့ မြို့ပြင် တစ်မိုင်ခွဲလောက်ထိ လမ်းပေါ်သွားပြီ။ ရထားကတော့ မရသေးဘူး။ ဈေးကလေးတံတားနားမှာ ရေကျော်ပြီး ရထားသံလမ်းလေး နည်းနည်းပျက်နေတယ်။ အဲဒါပြင်မှရမယ်။ စားရေးသောက်ရေး ကတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့လည်း ထောက်ပံ့တယ်။ ရပ်မိရပ်ဖတွေ၊ အန်ဂျီအိုတွေ ကလည်း ထောက်ပံ့ပါတယ်။ သွားရေးလာရေးက ဂန့်ဂေါလမ်းက ပိတ်နေတာပေါ့။ အဲဒီလမ်းကို နေပြည်တော်က ဆင်းလုပ်နေကြတယ် လမ်းပွင့်ဖို့လေ။
ကိုယ့်အိမ်ကိုယ်တော့ ပြန်မရောက်ကြ သေးဘူး။ လောလောဆယ် ရွာတွေမှာက ရေက မြုပ်တုန်းပဲရှိသေးတယ်။ တချို့နီးနီးနားနားက ကျတဲ့ ဟာတွေတော့ ပြန်သွားကြပြီ။ လက်ရှိကယ်ဆယ်ရေးစခန်းက ကလေးမှာ ရှစ်ခုရှိတာပေါ့။ ကျန်းမာရေးကတော့ တပ်မတော်ရော၊ ကျန်တဲ့ကျန်းမာရေး အဖွဲ့တွေရော၊ ပုဂ္ဂလိကဆေးရုံတွေ ကရော ဆေးခန်းဖွင့်ပြီး လိုလေးသေးမရှိအောင် ၀ိုင်းလုပ်ပေးနေတယ်။ ရေမြုပ်တဲ့ရွာက လက်ရှိဆိုရင် ၂၀ လောက်တော့ ကျန်နေဦးမယ်လို့ ခန်းမှန်းရတယ်။ ခေါင်ထိမြုပ်ကြတယ် ဆိုတော့ အိမ်ထဲက ပစ္စည်းအကုန်ပါတာပေါ့။
“ရေမကျသေးတော့ ရေနစ်မြုပ်လယ်ဧက မကောက်ရသေးဘူး။ မနေ့က သမ္မတကြီး လာသွားတယ်။ မျိုးစပါးလည်း ပြန်ပေးမယ်။ စိုက်တာပျိုးတာတွေ အကုန်လုံးပြန်လုပ်ပေးမယ်။ စိုက်တာဆိုတာ ထွန်ယက်တာက အစပေါ့ ကလေးမှာ ထွန်စက်စခန်းဖွင့်မယ်။ အိမ်တွေလည်း သူ့အမျိုးအစားအလိုက် အကောင်းဆုံးအနေအထား ပြန်လုပ်ပေးမယ်လို့ သမ္မတကြီးက ကျနော်တို့ကို ပြောပါတယ်။ မူလအခြေအနေဖြစ်အောင်လုပ်မယ်။ ကျနော်တို့ ဒေသဆိုင်ရာ ကလည်း အကောင်းဆုံးဖြစ်အောင်လုပ်မယ်” လို့ပြောပါတယ်။
မွန်ပြည်နယ် ရေကြီးမှု အခြေအနေ
မွန်ပြည်နယ်အတွင်း မြို့နယ် ၃ ခု မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့အတွက် လူထောင်နဲ့ချီ ရေဘေးလွတ်ရာကို ထွက်ပြေးခိုလုံခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်ကစပြီးမိုးများပြီး မြစ်ရေတက်မှုကြောင့် မွန်ပြည်နယ် ဘီလင်း၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ ရေဘေးကြုံနေရတာလို့ ရေဘေးဒုက္ခသည်တွေကို သွားရော်ကူညီခဲ့တဲ့ မော်လမြိုင်ဒေသခံ ကိုဉာဏ်စိုးက ပြောပါတယ်။
“လောလောဆယ် အဓိက ရေကြီးတာက ဘီးလင်းက အဆိုးဆုံးပဲ။ ဘီးလင်း၊ ကျိုက်ထို နောက် သထုံပေါ့။ သူတို့က အဓိက စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့မှာ ခိုလှုံနေကြပါတယ်။ ”
ဘီးလင်းမြစ်ရေလျှံလို့ ဘီးလင်းမြို့ပေါ် ၅ ရပ်ကွက်နဲ့ ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁၀၀၀ ကျော်က ပြည်သူ ၄၆၀၀ ကျော်ဟာမြို့ပေါ်မှာဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၁၄ ခုနဲ့ ကျေးရွာတွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာခိုလှုံနေထိုင်နေရတာပါ။
လာရောက်ခိုလှုံနေ ထိုင်သူတွေဟာသြဂုတ် ၂ ရက်နေ့ နောက်ပိုင်းမှာတော့ မြစ်ရေ ပြန်လည်ကျဆင်းနေတဲ့အတွက် မိမိအိမ်တွေထံ ပြန်လည်နေထိုင်နေတဲ့ ပြည်သူတွေရှိနေသလို၊ ကယ်ဆယ်ရေးစခန်းမှာ ခုချိန်ထိနေထိုင် နေတဲ့ သူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဘီးလင်းမြို့ခံ ဦးပြုံးဝင်းက ပြောပါတယ်။
“ကျနော်တို့ဘက်က ရေကြီးပေမယ့် ရေချိုသောက်သုံးမှုတွေတော့ လုံလုံလောက်လောက်ရတယ်။ ရေသန့်ဘူးမှ မဟုတ်ဘူး ရေချိုတွေကို ကုန်းမြင့်ပိုင်းရေတွင်းတွေဆီကလည်း ရတယ်။ နောက်ပြီး တာ့ ထမင်းထုတ်တွေကို အဓိက စီစဉ်ပေးတယ်။ ရေမမြုပ်တဲ့ဒေသတွေဖြစ်တဲ့ ရွာတွေကလည်း ထမင်းထုတ်တွေ လာရောက်လှူကြတာရှိတယ်။”
လူမှုအဖွဲ့အစည်းတွေ၊ နို်င်ငံရေးပါတီတွေနဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက လာရောက်ပေး အပ်တဲ့ အခြေခံစားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို သဘာဝဘေးအန္တရာယ် ကွပ်ကဲရေး အဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေနေထိုင်တဲ့ ကယ်ဆယ်ရေးစခန်းတွေထံ ပြန်လည် ဖြန့်ဝေပေးနေပါတယ်။
ရေကြီးမှုကြောင့် ဘီးလင်းက ကယ်ဆယ်ရေးစခန်းမှာ လူပေါင်း ၅ ထောင်နီးပါ ခိုလှုံနေပြီး၊ ကျိုက်ထိုမှာ လူပေါင်း ၁၃၀၀ ကျော် နဲ့ သထုံမှာက ရေဘေးဒုက္ခသည် ၅၀၀ ကျော် ရှိတယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဟင်္သာတ ရေကြီးမှုအခြေအနေ
ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာအုပ်စုမှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာ ၇ ရွာမှာ ရေဘေး ကြုံတွေ့နေရပြီး ရွာလုံးကျွတ် (၄)ရွာ ရေနစ်မြုပ်လို ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဟင်္သာတမြို့နယ်စစ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ငါးဆယ်ကျွန်း၊ ရေလယ်သောင် အထက်စု၊အောက်စု၊ အလယ်စု ကျေးရွာ (၄)ရွာမှာ ရွာလုံးကျွတ် ရေကြီးနစ်မြုပ်နေပြီး ကမ်းသာယာ၊ ရေလဲရေပိုစု၊ အောင်ချမ်းသာ ကျေးရွာ (၃)ရွာကတော့ ရွာထက်ဝက်ခန့် ရေကြီးနစ်မြုပ်နေပါတယ်။
ကယ်ဆယ်ရေးစခန်းတွေကို သြဂတ်စ် ၂ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး လုပ်ဆောင်နေတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။
ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာအုပ်စုအတွင်း ရွာခွဲပေါင်း ၁၂ ရွာ၊အိမ်ထောင်စု ၁၅ဝဝ ခန့် လူဦးရေ ၅၃ဝဝ ဝန်းကျင် မှီတင်းနေထိုင်ကြပြီး လက်ရှိရေနစ်မြုပ်နေတဲ့ ကျေးရွာ (၇)ရွာ မှာ လူဦးရေ ၂၅ဝဝ လောက် နေထိုင်ပါတယ်။
လက်ရှိမှာ ရေဘေးသင့် ပြည်သူတွေကို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း (၅)ခု ဖွင့်လှစ်ထားရှိပြီး ကူညီမှုတွေ ပြုလုပ်နေပါတယ်။
မြန်အောင်မြို့
ဟသာင်္တခရိုင်အတွင်းမှာပဲ မြန်အောင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီ အန္တရာယ် ရေမှတ်သို့ရောက်ရှိလာလို့ မြန်အောင်မြို့နယ်က အနိမ့်ပိုင်းကျေးရွာအုပ်စုက ပြည်သူတွေ ကုန်းမြင့်ကျေးရွာတွေကို ရှောင်တိမ်းနေရပါတယ်။
မြန်အောင်ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ဟာ ၆၇ ဖြစ်ပြီး အခုအခါ ၇၄ ဒသမ ၄၅ ကို ရောက်လာတဲ့အတွက် အနိမ့်ပိုင်းကျေးရွာအုပ်စုတွေက လူတွေအိမ်မွေးတိရိစ္ဆာန်တွေ ကလေးငယ်သက်ကြီးရွယ်အိုးတွေရာနဲ့ချီပြီဘေးလွတ်ရာကို ရှောင်တိမ်းနေကြတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်နဲ့ မြန်အောင်မြို့နယ်ထဲက အနိမ့်ပိုင်းဒေသတွေ ကာထားတဲ့ မြန်အောင်-ကနောင် -ရွှေကျင်-သပြေကုန်း ပန်းတာဟာရေလည်ငါးဘတ်ချောင်းမှာ သဲအိပ်တွေဖို့ထား ၏ရပြီး သဲအိပ်ပထမထပ်ကို ရေနစ်မြှုပ်နေပြီ ဖြစ်ပါတယ်။
ရေဘေးရှောင် ပြည်သူတွေကို မြန်အောင်ဒေသခံတွေကပဲ စားဖို့ နေဖို့ ၀ိုင်းဝန်းစီစဉ်ပေးနေရပြီး အကူအညီ အထောက်အပံတွေ မရဘဲ သွားဖို့ လာဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
ပွင့်ဖြူနဲ့ ကုန်းစောင်းမြို့
ရေပွင့်ဖြူမြို့နယ်နဲ့ ကုန်းစောင်းမြို့ယ်မှာ ဘေးကယ်ဆယ်ရေးလုပ်နေတဲ့ မကွေးတိုင်း လူငယ်ကွန်ရက် ညှိနှိုင်းရေးမှူး ကိုဝေယံအောင်က မြို့နယ်တွေမှာ ရေကျသွားပြီး ဧရာဝတီမြစ်ရေ တက်လာနေတယ်လို့ ပြောပါတယ်။
ကိုဝေယံအောင်က “ချောင်းရေကတော့ လျော့နေပြီ။ ဧရာဝတီမြစ်ရေက တက်လာတယ်။ အခက်အခဲက သောက်ရေသန့်တွေလိုအပ်တယ်။ မိုးကာတွေလိုအပ်တယ်။ ချက်ပြုတ် စားသောက်ဖို့အတွက် ဘာမှမရှိဘူး။ ထင်းတွေ၊ လောင်စာတွေပေါ့နော်။ ၀မ်းလျောဝမ်းပျက် အတွက် ဓာတ်ဆားထုတ်တွေ လိုအပ်တယ်။ လူအင်အား (ရေဘေးဒုက္ခသည်) ၁ ထောင်နဲ့ ၃ ထောင်အကြားမှာ ကျနော်တို့ လှုပ်ရှားပေးနေရတယ်။ ရေကျတာ ကုန်းစောင်းမြို့ပေါ်မှာတော့ သွားလို့ရလာပြီ။ ပွင့်ဖြူမှာလည်း နည်းနည်းလျော့လာပြီ။ ကျန်းမာရေးနဲ့ထူခြားတာ မရှိသေးဘူး။ တုပ်ကွေးသမားအခံရှိသူတွေကို ဆေးပေး၊ ဆေးသောက်လုပ်ထားတာရှိတယ်။ အကူအညီပိုင်း ကတော့ ကျနော်တို့ကိုယ်တိုင်က မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်အဖွဲ့ ဆိုတော့ ကျနော်တို့ဝင်နေတဲ့ ကုန်းစောင်းဘက်မှာဆို ကျနော်တို့လူငယ်တွေပဲ ရှိတယ်။ မနေ့ကစပြီးတော့ ဒေသခံ ပရဟိတ ၂ ဖွဲ့ လာပူးပေါင်းလုပ်ပေးတယ်။ အစိုးရဘက်ကတော့ မနေ့ကရယ်၊ ဒီနေ့ရယ်မှာ နွားတွေကို သယ်ပေးတယ်။ ကျနော်တို့ ကူညီတောင်းတာလည်း ပါတာပေါ့။ ၂ ခေါက်ရှိပြီ ရေနံချောင်းဘက်ကို ပို့ပေးတာ။ ကျန်တဲ့ အစားအသောက် အထောက်အပံ့က မလာသေးဘူး။ ကျနော်တို့ကိုယ်တိုင်ကတော့ ကျေးရွာပေါင်း ၇၀ လောက်က လူတွေကို ပို့ပေးနေတယ် ဟိုဘက်ကို။ အကူအညီကတော့ အစိုးရဘက်က မလာတာပေါ့နော်။ ကျနော်တို့အဖွဲ့ကိုလှူနေတဲ့ ပရဟိတအဖွဲ့တွေအများကြီးကတော့ လာနေတယ်။ ရေသန့်ဆို ရေသန့်၊ အစားအစာ၊ မုန့်ခြောက်တို့ လာနေပါတယ်။ စဖြစ်ကတည်းက ကျနော်တို့ဒီဘက်ကို ချက်ခြင်းသွားတာပါ။ ”
ရှမ်းပြည်နယ် ရေကြီးမှုအခြေအနေ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာလည်း နှစ် ၄၀ တွင်း အဆိုးဆုံးရေကြီးမှု အခြေအနေကို ရင်ဆိုင်နေရပါတယ်။
မိုင်းတုံမြို့မှာ ၂ ရက်လောက် မိုးတွေအဆက်မပြတ်ရွာနေတာကြောင့် သြဂုတ်လ ၃ ရက်နေ့ မှာ မြို့အနောက်ဘက်က နမ့်ခယ်ချောင်းရေတွေ လျှံကျပြီး လယ်ယာစိုက်ခင်းနဲ့ လူနေအိမ်ခြေ ရပ်ကွက်ထဲ ၀င်ရောက်လာတယ်လို့ မိုင်းတုံမြို့ဒေသခံ စိုင်းနောင့်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့မြို့ အနောက်ဘက်တကြောလုံး ရေတွေဝင်တယ်။ မနေ့က နည်းနည်းဘဲ၊ ဒီနေ့မနက် ၁၀ နာရီလောက်ခါကျတော့ ရေကတအားမြင့်လာတယ်။ တချို့နေရာဆို ခါးလောက်ထိရှိတယ်။ ရေက ၀မ်နားရွာထဲ အရင်ဝင်တယ် ပြီးတော့ ပုန်းထွန်ရပ်၊ နောင်ပါရင်ရင်ရပ်၊ ၀မ့်မိုင်ရပ် အဲဒီဘက်က အိမ်တွေထဲ ရေ၀င်ကုန်တယ်။ ရေ၀င်တဲ့အိမ် အားလုံးပေါင်း တစ်ရာကျော်မယ် ၊ တချို့က သူတို့ဆွေမျိုးအိမ်မှာ သွားနေတယ်။ တချို့က ဘုန်းကြီးကျောင်းမှာ သွားနေတယ်။”
ဒါ့အပြင် စီမံကိန်းဦးစီးဌာန၊ မိုင်းတုံအကျဉ်းဦးစီးဌာနရုံးနဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ ၀င်းထဲလည်း ရေတွေ ၀င်လာကာ မီးသတ်ကားတွေလည်း အမြင့်ပိုင်းကိုရွှေ့ထားတာ တွေ့တယ်လို့ သူက ဆက်ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ တာဝန်ရှိသူတွေ၊ လူမှုကူညီရေးအဖွဲ့တွေကလည်း ရေ၀င်တဲ့ ရပ်ကွက် တွေမှာ ပစ္စည်းသယ်ပိုးတာ၊ ရေနုတ်မြောင်းတွေ ရှင်းလင်းတာတွေ ၀ိုင်းလုပ်နေတယ်လို့ ဆိုပါတယ်။
မိုင်းတုံမှာ မိုးရာသီရောက်ရင် နှစ်စဉ်ရေကြီးလေ့ရှိပေမယ့် သူ့ရဲ့အသက် ၄၀ ကျော်တွင်း တခါမှ ဒီနှစ်လောက်ဆိုးတာ မမြင်ဖူးသေးဘူးလို့ ဒေသခံစိုင်းနောင့်က ဒီဗွီဘီကို ပြောသွားပါတယ်။
ယနေ့ သြဂုတ်လ ၃ ရက်နေ့ ကလေးမြို့ ရေကြီးနေမှု မြင်ကွင်းများ (ဓာတ်ပုံ – ဒီဗွီဘီ)
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template