Headlines News :
Home » » လက်မှတ်ထိုးမည့် အဖွဲ့ကိစ္စကလွဲပြီး အပစ်ရပ် စာချုပ်ပါ အချက်အားလုံး သဘောတူ

လက်မှတ်ထိုးမည့် အဖွဲ့ကိစ္စကလွဲပြီး အပစ်ရပ် စာချုပ်ပါ အချက်အားလုံး သဘောတူ

Written By Live100 on Friday, August 7, 2015 | 10:46 PM

 ဓာတ်ပုံ - ကျော်ဇေယျာဝင်း
တနိုင်ငံလုံး ပစ်တိုက်ခိုက်မှု စာချုပ်ပါ အချက်တွေအနက် တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က လက်မှတ်ထိုးရာမှာ ပါဝင်လိုတဲ့ အဖွဲ့အစည်း အရေအတွက်နဲ့  အစိုးရဘက်က လိုလားတဲ့ အရေအတွက် ကွာဟနေမှုအပေါ် ညှိနှိုင်းမရတာကလွဲပြီး စာချုပ်ပါ ကျန်အချက်အား လုံးကို သဘောတူညီမှု ရရှိခဲ့ကြပြီဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် ကမ်းလှမ်းအကောင်အထည်ဖော်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေးဖြစ်စဉ် ၃ နှစ်တင်းတင်း ပြည့်တဲ့နေ့မှာ တပြည်လုံး အပစ်ရပ်နိုင်ဖို့ စာချုပ်ပါ ကျန်အချက်တွေ အကုန်လုံးမှာ သဘောတူညီနိုင်ခဲ့ကြတာဖြစ်ပြီး လက်မှတ်ရေးထိုးကြမယ့် အဖွဲ့အစည်းကိစ္စ ကိုသာ အလေးထား ညှိနှိုင်းဖို့ ကျန်တော့တာပါ။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာမှာ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်ဆက်တိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ရရှိတဲ့ သဘောတူညီချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီကြေညာချက်မှာ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ပါရှိသည့် အချက်အလက်များအနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စမှအပ စာချုပ်ပါ အချက်အလက်အားလုံးကို ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့သည်။” လို့ ပါရှိပါတယ်။
နှစ်ဘက်သဘောတူထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို ပြည်သူအားလုံး သိရှိနိုင်ဖို့ ထုတ်ပြန်ရန် နှစ်ဘက်သဘောတူကြတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လပေါင်းများစွာ ညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ဒီနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ရရှိခဲ့ပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေက ဒီမူကြမ်းကို သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ အတူ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) ကို တာဝန်ပေးခဲ့ပါတယ်။ အက်စ်ဒီအဖွဲ့ဟာ ယူပီဒဗလျူစီနဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပထမတကြိမ် ဆွေးနွေးခဲ့ပြီး အတော်များများကို သဘောတူညီခဲ့ကြပါတယ်။
ကျန်တဲ့အချက်တွေကို အက်စ်ဒီက တိုင်းရင်းသားထိပ်သီးတွေကို တင်ပြရာမှာ အားလုံး  ပါဝင်လက်မှတ်ရေးထိုးရေး (အဖွဲ့ ၁၇ ဖွဲ့လုံး)၊ လက်မှတ်ရေးထိုးကြမည့် ခေါင်းဆောင်များနဲ့ နိုင်ငံတကာ အသိသက်သေကိစ္စ ၃ ရပ်ကို တာဝန်ပေးခဲ့ပါတယ်။ ဒီ ၃ ချက်ထဲက ၂ ချက်ကို သဘောတူညီချက်ရခဲ့တာ ဖြစ်ပါတယ်။
အဆင့်မြင့်ကိုယ်စားလှယ်တွေဘက်က လက်မှတ်ထိုးလိုတဲ့အဖွဲ့ ၁၇ ဖွဲ့ကတော့ အနိမ့်ဆုံးအားဖြင့် ရခိုင်တပ်မတော် (အေအေ)၊ ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)၊ ရခိုင်အမျိုးသားကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)။ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (အယ်လ်ဒီယူ)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (ပီအက်စ်အယ်လ်အက်ဖ်၊ တီအန်အယ်လ်အေ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ-အက်စ်အက်စ်အေ)၊ ၀အမျိုးသားအဖွဲ့ချုပ် (ဒဗလျူအန်အေ) တို့ကို ပါဝင်လက်မှတ်ရေးထိုးစေချင်တာပါ။
ဒါ့အပြင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ကျန် လက်နက်ကိုင် လေးဖွဲ့ဖြစ်ကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (ရှမ်းပြည်တပ်မတော်တောင်ပိုင်း)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေ)၊ နာဂဒေသ အမျိုးသားဆိုရှယ်လစ်ကောင်စီနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီတို့ကိုပါ အဆိုပါအဖွဲ့တွေက ဆန္ဒရှိရင် အန်စီအေကို လက်မှတ်ထိုးစေလိုတယ်လို့ ထုတ်ပြန်ထားတာပါ။
အစိုးရဘက်ကတော့ ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့် တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ ၆ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ထည့်သွင်း သတ်မှတ်ထားခြင်း မရှိပါဘူး။
ဒီဆွေးနွေးပွဲ ၂ ရက်တာမှာ ဇူလိုင်လကုန်ပိုင်း ဆွေးနွေးပွဲတုန်းက သဘောတူညီချက် မရရှိခဲ့တဲ့ “အန်စီအေကို လက်မှတ်ထိုးတဲ့အခါ နှစ်ဘက်အဖွဲ့အစည်းတွေက ဘယ်အဆင့်ခေါင်းဆောင်တွေက လက်မှတ်ထိုးမယ်၊ အသိသက်သေတွေအဖြစ် ဘယ်သူတွေကို ဖိတ်ကြားမယ်၊ ဘယ်နိုင်ငံတွေ၊ ဘယ်အဖွဲ့အစည်းတွေကို ဖိတ်ကြားမယ်ဆိုတာတွေ” အပေါ်မှာ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။
တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက “အန်စီအေကို ဘယ်သူတွေ လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စကလည်း ပြေလည်သွားပြီလို့ ပြောလို့ရပါတယ်။ အစိုးရဘက်ကတော့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ပါ ထိုးမယ်။ တိုင်းရင်းသားဘက်ကလည်း အမြင့်ဆုံးပုဂ္ဂိုလ်များဖြစ်တဲ့ ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးချုပ်တွေ၊ စစ်ဦးစီးချုပ်တွေ လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးတဲ့အခါမှာ တဖွဲ့ကို သုံးဦးစီလောက်ထိုးဖို့ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ နှစ်ဘက်သဘောတူညီမှုရပြီ” လို့ မနေ့က ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် အသိသက်သေကိစ္စနဲ့ ပတ်သက်ပြီးလည်း “ပြည်တွင်းအသိသက်သေအနေနဲ့ ဘာမှ ပြဿ    နာ မရှိဘူး။ ကျနော်တို့အားလုံး  သဘောတူညီမှုရတဲ့ အနေအထားမျိုးဖြစ်တယ်။ ပြည်ပသက်သေများအနေနဲ့ ၈ ကြိမ်မြောက် အစည်းအဝေးမှာ သဘောတူထားတဲ့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တရုတ်အဖွဲ့အစည်းနှစ်ဖွဲ့နဲ့ နိုင်ငံတနိုင်ငံကို သဘောတူထားတာရှိတယ်။ ၉ ကြိမ်မြောက် အစည်းအဝေးမှာ အာဆီယံက သူ့ရဲ့မူဝါဒအရ မပါဝင်နိုင်တာ ဖြစ်တယ်။ ကုလသမဂ္ဂနဲ့ တရုတ်ဆက်ပါမယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက အသိသက်သေအနေနဲ့ ပါဝင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားဘက်က အသိသက်သေ တင်ပြတာကတော့ သုံးနိုင်ငံနဲ့ ကုလသမဂ္ဂ အပါအဝင် ကျနော်တို့ တင်သွင်းထားတဲ့ ကျန်တဲ့လေးနိုင်ငံနဲ့ အီးယူ ဒီအဖွဲ့တွေကိုလည်း သူတို့ရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးမယ်ဆိုတဲ့ အနေထားမျိုးနဲ့ တင်ပြတယ်” လို့  ပူးဇင်ကျုံးက  ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်းက အစိုးရအနေနဲ့ ရွေးကောက်ပွဲကြောင့် စက်တင်ဘာလဆန်းပိုင်းကပြီး အလုပ်များတာကြောင့် ဒီမတိုင်ခင် လက်မှတ်ရေးထိုးနိုင်ဖို့ ကနဦးပိုင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
နှစ်ဘက်သဘောတူညီချက်တွေ ရရှိလို့ လက်မှတ်ရေးထိုးနိုင်မယ် ဆိုရင်တော့ လက်မှတ်ရေးထိုးတဲ့နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို အပစ်ရပ် လက်မှတ်ထိုးတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်းမှာ စတင်ကြရမှာ ဖြစ်ပါတယ်။
DVB

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template