ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆
ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့
ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာက လာအိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့
အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်လာသလို ထိုင်းက သြစတြေးလျ အသင်းကို ၃
ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်လာတာ ဖြစ်ပါတယ်။
မြန်မာနဲ့ လာအိုပွဲက အကြိတ်အနယ်ရှိခဲ့သလို ပထမပိုင်း ၃၂ မိနစ်မှာ
မြန်မာအသင်းက ကစားသမား ကျောနံပါတ် ၈ ပြည့်စုံနိုင်က အနိုင်ဂိုးကို
သွင်းယူသွားခဲ့ပါတယ်။
ဒီနောက်ပိုင်း လာအိုအသင်းက ဖိကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်သလို
မြန်မာအသင်းကလည်း တန်ပြန်တိုက်စစ်ကနေတဆင့် ရရှိတဲ့ အခွင့်အရေးတွေကို
ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့ အတွက် ၁ ဂိုး ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တာ
ဖြစ်ပါတယ်။
ထိုင်းနဲ့ သြစတြေးလျပွဲမှာတော့ ပထမပိုင်း ဂိုးမရှိသရေကျနေရာကနေ
ဒုတိယပိုင်းမှာ ထိုင်းအသင်းက ဦးဆောင်ဂိုးတွေကို ဆက်တိုက်သွင်းယူခဲ့ပြီး
သြစတြေးလျ အသင်းက နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနဲ့တွေ့မယ့် ထိုင်းအသင်းဟာ အုပ်စု (က)မှာ လာအို တသင်းတည်းကို
ရှုံးနိမ့်ထားပြီး ကျန်တဲ့ မလေးရှား၊ ဗီယက်နမ်၊ ဘရှုးနိုင်း၊ တီမောတို့ကို
အနိုင်ကစားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ သြစတြေးလျကို အနိုင်ကစားခဲ့တာ
ဖြစ်ပါတယ်။
မြန်မာအသင်းကတော့ အုပ်စု(ခ)မှာ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်
အသင်းတွေကို အနိုင်ကစားခဲ့ပြီး သြစတြေးလျ အသင်းကို
ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းအသင်းရှုံးနိမ့်ထားတဲ့
လာအိုအသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ကစားခဲ့ပါတယ်။
သြဂုတ် ၉ ရက် မြန်မာစံတော်ချိန် ၆ နာရီမှာ ကမ္ဘောဒီးယားနိုင်ငံ
ဖနွမ်းပင်မြို့ အိုလံပစ် အားကစားကွင်းမှာ ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမှာ
ဖြစ်ပါတယ်။
တတိယနေရာလုပွဲအဖြစ် သြစတြေးလျနဲ့ လာအိုတို့က မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
DVB