မိုးကြီးရေလျှံမှုတွေကြောင့် မြန်မာပြည်တ၀န်း အိမ်ထောင်စုပေါင်း ၃၃၉၃၁ မှ လူဦးရေ ၂၁၇၇၆၈ ဦး ရေဘေးဒဏ်ခံစားနေရပြီး သေဆုံးသူ ၄၆ ဦးရှိနေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဌာနက တရားဝင်ထုတ်ပြန်ကြေညာပါတယ်။
ဇွန်လ ၂၄ ရက်က သြဂုတ် ၂ ရက်အထိ ပြည်နယ်နဲ့တိုင်းအလိုက် ရေဘေးဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စာရင်းဇယားနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး သေဆုံးသူများစုဟာ ရခိုင်ပြည်နယ်မှာ ၂၄ ဦးနဲ့ သေဆုံးသူအများဆုံးဖြစ်ပါတယ်။
ရေဘေးဒဏ်အဆိုးရွားဆုံးခံရတဲ့ ဒေသတခုဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ သေဆုံးသူ ၇ ဦး၊ ရှမ်းပြည်နယ်မှာ သေဆုံးသူ၅ ဦးရှိပြီး မန္တလေးတိုင်းမှာ ၈ ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံး နေတယ်လို့ဆိုပါတယ်။
မြန်မာပြည်တ၀န်း ရေဘေးသင့်သူ ၂ သိန်းကျော်ရှိတဲ့အထဲ တ၀က်လောက်ဖြစ်တဲ့ လူ ၁ သိန်းကျော်ဟာ စစ်ကိုင်းတိုင်းအတွင်း ရေဘေးဒုက္ခခံစားနေရသူတွေဖြစ်ပါတယ်။
ရေဘေးသင့်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှုနဲ့ သေဆုံးသူ ထောက်ပံ့ကြေး အပါအ၀င် ငွေကျပ် သိန်း ၁၅၀၀ ကျော်ဖိုးထောက်ပံ့ပေးခဲ့တယ်လို့လည်း အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
DVB