နှစ်ပေါင်း ၆၀ လောက် အထီးကျန်ပြီး ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့
မြန်မာနိုင်ငံကို အာရှမှာ အလေးထား အသိအမှတ်ပြုခံရတဲ့ ဒီမိုကရေစီနိုင်ငံတခု
ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က
ပြောခဲ့ပါတယ်။ သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ၊ Siam Reip မြို့မှာ
ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲမှာ
သမ္မတဦးသိန်းစိန်က မိန့်ခွန်း ပြောစဉ်မှာ ခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ
အလေ့အထ ပျောက်နေတာဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အကြီးမားတဲ့
စိန်ခေါ်မှု ဖြစ်တယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေအပြင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလငတန်၊ အာဆီယံနဲ့ အမေရိကန်
စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တက်ရောက်ကြတဲ့ ညစာစားပွဲမှာ သမ္မတ
ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာပဲ NLD ပါတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူတာတွေဘေးဖယ်ပြီး တူတာတွေ လက်တွဲလုပ်ဖို့
ဖိတ်ခေါ်ခဲ့တဲ့ အကြောင်း၊ ဒါ့အပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊
နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ အပြင် ကဏ္ဍစုံက လူပေါင်းစုံနဲ့
တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း သမ္မတက မိန့်ခွန်းထဲမှာ
ထည့်ပြောသွားပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း မြန်မာနိုင်ငံက
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ရှေ့ဆက်သွားနိုင်ရေးမှာ ကူညီလိုပါတယ်လို့
ပြောကြားခဲ့ပါတယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ
ရင်းနှီးမြှုပ်နှံနိုင်ဖို့ အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှု တချို့ကို
ဖယ်ရှားပေးခဲ့ပြီး နောက်တရက်မှာပဲ ဝန်ကြီး ကလင်တန်က သမ္မတဦးသိန်းစိန်ကို
အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီကနေ့ပဲ
မြန်မာနိုင်ငံကို ဒီနေ့ရောက်လာတဲ့ Chevron၊ Caterpillar၊ General Motors
စတဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ နက်ဖြန်ကျရင်
မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်မယ့် အခွင့်အလမ်းတွေကို
မြန်မာနိုင်ငံက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့
ဆွေးနွေးကြမှာဖြစ်ပါတယ်။ ခုလို စက်မှုအင်အားကြီး နိုင်ငံတွေက
စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တာကနေ မြန်မာနိုင်ငံအတွက် စီးပွားရေး
အခွင့်အလမ်းတွေ ပွင့်လာဖို့ မျှော်လင့်ရတယ်လို့ မြန်မာနိုင်ငံ
ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က
ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)