“မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲ“ ကို အောက်တိုဘာလ ၆ ရက် နှင့် ၇ ရက်တို့တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံ ခရစ်ယာန်ဓမ္မတက္ကသိုလ် (MICT) ၌ ၂ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဒေါက်တာသိန်းလွင်၊ ဒေါက်တာတင်လှိုင်၊ စာရေးဆရာကိုတာတို့ အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီ၊ Generation Wave ၊ မန္တလေး ဖောင်တော်ဦး ပညာဒါနနှင့် ဘုန်းတော်ကြီးသင်ကျောင်း၊ တိုင်းရင်းသားများ၏ ပညာရေးအဖွဲ့အစည်းများ စသည့် အစု အဖွဲ့ ၁၄ ဖွဲ့တို့မှ စုပေါင်းဦးစီး ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းပေါင်း ၄၀ကျော်မှ လူပုဂ္ဂိုလ် ၂၀၀ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဤပညာရေးဆွေးနွေးပွဲသည် မြန်မာနိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ပညာရှင်များ တွေ့ဆုံ၍ ပညာရေးပြုပြင်ပြောင်းလဲမှု အတွက် အကြံဥာဏ်များ စုဆောင်းတင်ပြကြပြီး မူဝါဒများ ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုနှစ်ရက်တာ ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ကြေညာချက်တစ်စောင် ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြပြီး ထိုကြေငြာချက်ကို ပြည်သူလူထု၊ လွှတ်တော်၊ အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် မီဒီယာများသို့ မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ပေးပို့သွားမည်ဟု သိရသည်။
88 Generation Students