Headlines News :
Home » » မုန်တိုင်းနှင့်ပတ်သက်၍ သတိရှိရှိပြင်ဆင်မှု နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးဖြစ်

မုန်တိုင်းနှင့်ပတ်သက်၍ သတိရှိရှိပြင်ဆင်မှု နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးဖြစ်

Written By လွင့်မောင်မောင် on Tuesday, May 14, 2013 | 9:20 AM


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်၍ ယင်းဆိုင်ကလုန်းမုန်တိုင်း သက်ရောက်နိုင်ခြေရှိသည့် ဒေသများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ၀န်းကျင်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ယခုနှစ် ဆိုင်ကလုန်း မုန်တိုင်းသက်ရောက်နိုင်ခြေ အတွက် ကြိုတင်ပြင်ဆင်မှုမှာ အမြင့်ဆုံး ဖြစ်နေကြောင်းလည်း သိရှိရသည်။

ဆိုင်ကလိုင်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၁၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၆၄၀ ခန့် အကွာ၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၅၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေ ၁၃ ရက် မွန်းလွဲပိုင်းက ထုတ်ပြန်သည်။

လက်ရှိတွင် မုန်တိုင်း အဓိက ဖြတ်ကျော်သက်ရောက်နိုင်ရာ ရခိုင်ကမ်းရိုးတန်း ဒေသအပါအ၀င် ကမ်းရိုးတန်းဒေသများ၊ ဆက်စပ်ရာ ဒေသများတွင်လည်း သက်ဆိုင်ရာဌာနမှ ကြိုတင်သတင်းထုတ်ပြန်ခြင်း၊ နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်မှု၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများ၏ သတင်းဖော်ပြမှုများကြောင့် ပြည်သူများထံ သတင်းအချက်အလက်များ နေ့စဉ် ရောက်ရှိနေခြင်း၊ ပုဂ္ဂလိက မီဒီယာဝက်ဘ်ဆိုက်များမှ သတင်းဖော်ပြခြင်း၊ ဖေ့စ်ဘွတ်ကဲ့သို့ လူမှုကွန်ရက် အသုံးပြုသူ၊ အင်တာနက် ပုံမှန်အသုံးပြုသူများ အကြား သတင်းဝေမျှခြင်း စသည်တို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ အားကောင်းလာခြင်း ဖြစ်သည်ဟု သိရှိရသည်။

မဟာစင်မုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်မည်ဟု ခန့်မှန်းထားသည့် အတွက်ကြောင့် ရခိုင်ပြည်နယ်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအား လက်ရှိတွင် ငါးဖမ်းမထွက်ရန် တားမြစ်ထားကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ''လက်ရှိမှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းယာဉ်တွေကို ပင်လယ်ထဲမထွက်ဖို့ တားမြစ်ထားတယ်။ မြို့နယ်တွေမှာလည်း မုန်တိုင်းသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ထုတ်ပြီးဝေနေတာတွေ လုပ်ထားပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် သမိုင်းတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး ထိုစဉ်က အဓိကအားနည်းခဲ့သည့် အချက်မှာ ကြိုတင်ပြင်ဆင်ခြင်းသာ ဖြစ်ကြောင်း နာဂစ်မုန်တိုင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောကြားသည်။

ယခု ဆိုင်ကလုန်း မဟာစင်သည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းသို့ ဖြတ်ကျော်ဝင်ရောက်မှု ရှိလာပါကလည်း မုန်တိုင်းအန္တရာယ်ကို ကြုံတွေ့နိုင်ခြေရှိသော ဒေသများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့် ယခင်ကဲ့သို့ ပျက်စီးဆုံးရှုံးမှု၊ သေကျေမှု စသည့် ထိခိုက်နစ်နာမှုများ နည်းပါးနိုင်သည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်သည် ဂီရိမုန်တိုင်း သက်ရောက်မှုကို ၂၀၁၀ ပြည့်နှစ်က တွေ့ကြုံခဲ့ရပြီး ဆုံးရှုံးထိခိုက်မှုများကိုလည်း ကြုံတွေ့ခဲ့ရသော ဒေသခံများသည် လက်ရှိတွင် မုန်တိုင်းအန္တရာယ်ကို စိုးရိမ်နေကြကာ ပြင်ဆင်မှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

မုန်တိုင်းသတိပေးချက် ထုတ်ပြန်ပြီးနောက် ကြိုတင်ကာကွယ်သည့် အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် သွားလာသူများအား မေလ ၁၃ ရက်နေ့မှ စတင်ကာ မြန်မာဘက်မှ ပိတ်ထားလိုက်ပြီ ဖြစ်သည်။

''မေလ ၁၃ ရက်နေ့ကနေ ကူတို့လှေတွေကို မထွက်ဖို့ သက်ဆိုင်ရာက တားထားပါတယ်။ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အနေနဲ့ အခုလိုရေလမ်းခရီးကို သတိပေးတားထားတာလို့ သိရတယ်။ မေလ ၁၆ ရက်နေ့အထိ ပိတ်ထားမယ်လို့ သိရတယ်'' ဟု မောင်တောမြို့မှ ဈေးသည်တစ်ဦးက ပြောသည်။

ယင်းအပြင် ငါးဖမ်းစက်လှေများ၊ ကူးတို့လှေများအား ပင်လယ်ပြင်သို့ ထွက်ခြင်းအား ရှောင်ရှားရန် သတိပေးထားပြီး ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောသည်။

လက်ရှိအချိန်တွင် မောင်တောမြို့ပေါ် ရပ်ကွက်များတွင် မုန်တိုင်းကို သတိထား စောင့်ကြည့်ရန်လိုကြောင်း အ၀ါရောင် အလံများကို စိုက်ထူထားကြောင်းနှင့် မုန်တိုင်း သတိပေးချက်ကို ပြန်ကြားရေးမှ လိုက်လံကြေညာနေပြီ ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများနှင့် ပင်လယ်ကမ်းစပ်နှင့် ဆက်စပ်မှုရှိသည့် ဒေသမှ ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ ယင်းအပြင် မောင်တောမြို့ အထက ကျောင်းဝင်းအတွင်းမှ ကျောင်းဆောင်များတွင် စားနပ်ရိက္ခာများကို ပြောင်းရွှေ့ သိုလှောင်မှုများ စတင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

''မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ တချို့က ဆန်တွေ၊ ဆီတွေကို တစ်ပတ်စာလောက် စုဆောင်းထားတယ်'' ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

ဒေသခံများအနေဖြင့် ထုတ်ပိုး ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေကြသော်လည်း နေအိမ်စွန့်ခွာ ပြောင်းရွှေ့မှုမျိုး မလုပ်သေးကြောင်းလည်း သိရသည်။

''မုန်တိုင်းက ၁၆ ရက်နေ့ ၀င်မယ်ဆိုတော့ အခုတော့ ကြိုတင်ပြင်ဆင်စရာ တွေကို ပြင်ဆင်လုပ်နေတယ်။ ပြောင်းဖို့ရွှေ့ဖို့တော့ ဘယ်သူမှ မလုပ်သေးဘူး။ တကယ်လို့ မုန်တိုင်းဝင်လာရင်တော့ အမြင့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ကညင်တန်းတို့ အထကကျောင်းတို့ကို ပြောင်းရမယ်။ ၉၄ မုန်တိုင်းတုန်းကတော့ ဆေးရုံလည်း ရေမြုပ်တယ်။ ရေတွေလမ်းကျော်လို့ သွားမရဖြစ်တယ်'' ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့မှ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းအထိ မုန်တိုင်းအား မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု ထုတ်ပြန်ခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင်မူ မုန်တိုင်းသည် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိပြီး ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေ ဒေသများကို ဖြတ်ကျော်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မုန်တိုင်းဝင်ရောက်မည့် အချိန်ကို မေလ ၁၆ ရက်နေ့ ညပိုင်းဟု ခန့်မှန်းထားသည်။

တနင်္သာရီ ကမ်းရိုးတန်းဒေသရှိ မြိတ်မြို့တွင် မုန်တိုင်းနှင့် ပတ်သက်ပြီး သတိပေး နှိုးဆော်ချက်များ ပြုလုပ်လျက်ရှိပြီး ပင်လယ်ပြင်အတွင်း ရောက်ရှိနေသော ငါးဖမ်းလှေအချို့မှာလည်း ကျွန်းများတွင် ခိုအောင်းလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းသတိပေးချက် သတင်းများနှင့်အတူ မြိတ်မြို့တွင် မြို့နေလူထုနှင့် ငါးဖမ်းလှေများကို သတိပေးနှိုးဆော်မှုများ လိုက်လံပြုလုပ်လျက်ရှိပြီး လက်ကမ်းစာစောင် ဝေငှခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

''ကမ်းခြေနဲ့ အနီးနားကို ရောက်နေတဲ့ ငါးဖမ်းလှေတွေကိုတော့ အချိန်တိုအတွင်း ရောက်နိုင်ရင် မြိတ်ကိုပဲဝင် လာခိုင်းပါတယ်။ ဝေးလံတဲ့ နေရာတွေမှာ ရှိနေတဲ့ ငါးဖမ်းလှေတွေကိုတော့ နီးစပ်ရာ ကျွန်းတွေမှာ ခိုးအောင်နေကြပါတယ်။ လှေအတော်များများကတော့ ကွမ်းသီးကျွန်းမှာ မုန်တိုင်းဝင်ခိုနေပါတယ်'' ဟု ငါးဖမ်းလှေ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိတွင် မုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ နှုန်း ရှိနေသည်။ မေလ ၁၆ ရက်နေ့ ကမ်းရိုးတန်း ၀င်ရောက်ချိန်တွင်မူ တစ်နာရီလျင်မိုင် ၁၀၀ ၀န်းကျင်ဖြင့် တိုက်ခတ်နိုင်ကာ သက်ရောက်ရာ ဒေသများတွင် ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့လည်း ပါဝင်နေသည်။

မုန်တိုင်းသက်ရောက်ရာ ခန့်မှန်းလမ်းကြောင်းတွင် ပါဝင်ခြင်း မရှိသော်လည်း ယခင်က နာဂစ်မုန်တိုင်းကို တွေ့ကြုံခဲ့ဖူးသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင်လည်း မုန်တိုင်းနှင့်ပတ်သက်၍ နိုးကြားမှု ရှိနေသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ၀န်းကျင်အတွင်း အသေအပျောက်နှင့် ဆုံးရှုံးမှုများ ပြားခဲ့သည့် မုန်တိုင်းဖြစ်စဉ်များမှာ ၁၉၆၈ ခုနှစ် စစ်တွေ မုန်တိုင်း၊ ၁၉၇၅ ခုနှစ် ပုသိမ် မုန်တိုင်း၊ ၁၉၈၂ ခုနှစ် ဂွမုန်တိုင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း စသည်တို့ဖြစ်သည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template