

ထုတ်ပြန်ကြေငြာချက်အတွင် အချက်သုံးချက်ပါရှိသည့်အနက် အရေးကြီးသည့်အချက် နှစ်ချက်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် RCSS/SSA အနေဖြင့် ကြိုဆိုထောက်ခံကြောင်း၊ အားလုံး၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် နှင့် အညီတည်ငြိမ်ပြီး တရားမျှတမှု၊ အားလုံးပါဝင်နိုင်မှု နိုင်ငံတကာအသိသက်သေပါဝင်မှု၊ နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်ရန်နိုင်ငံရေးဆွေးနွေးပွဲ အမြန်စတင်ဖို့ လိုအပ်သည်ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ကသဘောထား ထုတ်ပြန်ပါသည်။
“တတိုင်းပြည်လုံးအပစ်ရပ်ဖို့ မေ၂၉ ရက်နေ့တုန်းက ချင်းမိုင်ရောက်လာတဲ့ ဦးအောင်မင်းနဲ့ အဖွဲ့ကို တွေ့တယ်။ ဦးအောင်မင်းနဲ့အတူပါလာတဲ့ ပုဂ္ဂိုလ်အားလုံးက RCSS အနေနဲ့ ထုတ်ပြန်ကြေငြာချက် လုပ်ဖို့ တိုက်တွန်းတယ်။ အဓိက ကတော့ လော်ခီးလာညီလာခံကို တွန်းအားပေးဖို့ပါ၊ အဓိက ကတော့ အမြန်ဆုံးအပစ်ရပ်နိုင်ဖို့နဲ့ နိုင်ငံရေးပြသနာ ဖြေရှင်း နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးစတင်ဖို့လိုတယ်”- ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။
မေ ၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိစဉ် ကလည်း သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်အား ငြိမ်းချမ်း ရေးအမြန်ဆုံးဖြစ်လာအောင် ဝိုင်းဝန်းပံ့ပိုးပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါသေးသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြီးခဲ့သည့် ၆၈ ကြိမ်မြောက်ပြည်ထောင်စုနေ့ တွင်လည်း နိုင်ငံတော်နှင့်အတူ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် သဘောတူ လက်မှတ်ရေးထိုးထား သည့်တပ်ဖွဲ့ဖြစ်သည်။ ထို့အတွက် မြန်မာ အစိုးရနှင့် နီးစပ်လာနေသည့် တပ်ဖွဲ့များအနက် RCSS/SSA က တဖွဲ့ပါဝင်သည်ဟု အခြားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များမှ ဝေဖန်ခြင်းခံနေရသည်။
သျှမ်းသံတော်ဆင့်