Headlines News :
Home » » ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေကို ကြေညာပြီးနောက် ထိုင်းသံရုံးရှေ့ ဆန္ဒပြသူများ လူစုကွဲသွားသော်လည်း မွန်းလွဲပိုင်းတွင် ဆန္ဒပြမှု ထပ်မံဖြစ်ပွား

ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေကို ကြေညာပြီးနောက် ထိုင်းသံရုံးရှေ့ ဆန္ဒပြသူများ လူစုကွဲသွားသော်လည်း မွန်းလွဲပိုင်းတွင် ဆန္ဒပြမှု ထပ်မံဖြစ်ပွား

Written By Live100 on Monday, December 28, 2015 | 10:03 PM

 ဒီဇင်ဘာ ၂၈ ရက်
လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ချခံရသည့် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအတွက် ရန်ကုန်မြို့ ထိုင်းသံရုံး အနီးတွင် ဒီဇင်ဘာ ၂၈ ရက်က ငါးရက်မြောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက် ဆန္ဒထုတ်ဖော်ရာတွင် နံနက်ပိုင်းက လူ ၁၀ ဦးခန့်သာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုသို့ ဆန္ဒထုတ်ဖော်နေစဉ် ထိုင်းသံရုံးအနီး လုံခြုံရေး ရယူနေသည့် ရဲတပ်ဖွဲ့က လော်စပီကာဖြင့် ငြိမ်းစုစီ ဥပဒေအား ကြေညာခဲ့ရာ မကြာမီတွင် ဆန္ဒပြနေသူများသည့် လူစုခွဲကာ အသီးသီး နေရပ်သို့ ပြန်ခဲ့ကြသော်လည်း မွန်းလွဲပိုင်းတွင် လူဦးရေ ၅၀ ခန့် ထပ်မံ ရောက်ရှိလာပြီး “We want Justice” ဟူသည့် စာသားပါ စာရွက်များ ကိုင်ဆောင်၍ နိုင်ငံတော်သီချင်း သီဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားသူကြီးက လူသတ်မှု၊ မုဒိမ်းမှု၊ နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ တရားမ၀င် နေထိုင်မှု အပါအ၀င် အမှု ခုနစ်မှုဖြင့် သေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀ တပေါင်းတည်း ကျခံစေရန် အမိန့် ချမှတ်ခဲ့သည့်အပေါ် ရန်ကုန်မြို့ရှိ ပြည်သူများသည် ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆၊ ၂၇ ရက်နှင့် ၂၈ ရက်တွင် ငါးရက်ဆက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီတရားစီရင်ရေးက လုံးဝကို မတရားပါဘူး။ မတရားလို့လည်း အခုလို အလုပ်အကိုင် အပျက်ခံပြီး ဆန္ဒထုတ်ဖော်တာပါ။ မြန်မာနိုင်ငံသား နှစ်ဦး ဖမ်းဆီး နှိပ်စက်ခံရပြီး သေဒဏ်ချခံလိုက်ရတဲ့အတွက် ဒီဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သင့်တယ်ထင်လို့ ပါခဲ့တာ။ ကျွန်တော် ဆန္ဒပြပွဲတွေမှာ ပထမဆုံး ပါဝင်ခဲ့တာပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ လုပ်ငန်းရှင်တွေကို အရမ်းကြောက်ရပါတယ်။ ဒီလို လူသတ် မုဒိမ်းမှုမျိုး ကျူးလွန်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒီကိစ္စမှာ မြန်မာ အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေကို အားရစရာ မရှိဘူး။ အခုမှသာ သေဒဏ်စီရင်ချက် ချခံရလို့ ကမ္ဘာရော၊ မြန်မာရော သိရတာ။ အခုလို မတရား ခံရတဲ့ မြန်မာတွေ ထိုင်းနိုင်ငံမှာ ဘယ်လောက်များ ရှိနေပြီဆိုတာ မြန်မာအစိုးရ အနေနဲ့ သိရောသိပါရဲ့လား” ဟု ဆန္ဒပြပွဲတွင် ပါဝင်လာသည့် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် ကိုဝင်းဟန်ဦးက ပြောကြားသည်။

သေဒဏ်ချခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ထိုင်းသံရုံး အနီးတွင် ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ သံဃာတော်များ၊ အနုပညာရှင်အချို့ အပါအ၀င် ပြည်သူများသည် တရားမျှတမှု မရှိသည့် ထိုင်းတရားစီရင်ရေးကို ပြစ်တင်ဝေဖန်သည့် အနေဖြင့် We Want Justice ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့၏ပုံပါ ဗီနိုင်းပိုစတာများ၊ ထိုင်းဘုရင်၏ ဓာတ်ပုံများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်မြို့အပြင် မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကော့သောင်း၊ မိတ္ထီလာ၊ တာချီလိတ်၊ တောင်ငူ စသည့် မြို့ကြီးများတွင်လည်း ပြုလုပ်ကာ ဘုရားစေတီများတွင်လည်း သေဒဏ်မှ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန်အတွက် ဆုတောင်းပွဲများလည်း ပြုလုပ်ခဲ့ကြသည်။

လိပ်ကျွန်းလူသတ်မှု ဖြစ်စဉ်တွင် သေဒဏ်ချခံရသည့် မြန်မာနှစ်ဦးနှင့် ပတ်သက်၍ အမှုစီရင်ချက်ကို ပြန်လည်သုံးသပ်ပေးရန်အတွက် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းနိုင်ငံသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပြီး မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ထိုင်းတော်ဝင် အစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ အချို့နှင့် အရပ်ဘက် အဖွဲ့အစည်းများကလည်း ၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်လျက်ရှိသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) က ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ဒီဇင်ဘာ ၂၈ ရက်တွင် စာပေးပို့ခဲ့ကြောင်းလည်း သိရသည်။ ယင်းသို့ ပေးပို့သည့် စာထဲတွင် “သေဒဏ် ချမှတ်ခံရသည့် မြန်မာနှစ်ဦး အမှုအား အယူခံတင်သွင်းမည်ဟု ကြားသိရပါသဖြင့် ယင်းသို့ အယူခံဝင်သည့်အခါ အယူခံဝင်သည့် ကာလအတွင်း ၎င်းတို့နှစ်ဦး ရသင့်ရထိုက်သည့် လူ့အခွင့်အရေးများ ခံစားခွင့် ရရှိရေး၊ ထိုင်းတရားရုံးက တရားမျှတစွာ အဆုံးအဖြတ်ပေးရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုများကို ခွဲခြားဆက်ဆံမှု မရှိစေဘဲ ခံစားခွင့် ရရှိရေးနှင့် ၎င်းတို့ အသက်ရှင်သန်ပိုင်ခွင့် Right to Life ရရှိ ခံစားနိုင်ရေးတို့အတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်” ဟူ၍ ပါဝင်သည်။

လက်ရှိတွင် သေဒဏ်ချခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား ကော့စမွီ အကျဉ်းထောင်မှ လုံခြုံရေး ပိုမိုတင်းကျပ်သည့် ထိုင်းနိုင်ငံ နေခါန်စီဌာမရတ်ခရိုင် အကျဉ်းထောင်သို့ ဒီဇင်ဘာ ၂၆ ရက်က ပို့ဆောင်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ ထိုင်းသံရုံးအနီး ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် ထိုင်းသံရုံးက Consular Section ကို ဒီဇင်ဘာ၂၈ ရက်မှ ၃၀ ရက်အထိ ပိတ်ထားမည် ဖြစ်သည်ဟု ကြေညာထားကြောင်း သိရသည်။
Writer: 
ရှိုင်းလင်းအောင်၊ နေမျိုးဝင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template