Headlines News :
Home » » ထိုင်းစစ်အစိုးရအဖွဲ့ အကြီးအကဲက ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု စီရင်ချက်ကို ကာကွယ်ပြောကြား

ထိုင်းစစ်အစိုးရအဖွဲ့ အကြီးအကဲက ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု စီရင်ချက်ကို ကာကွယ်ပြောကြား

Written By Live100 on Monday, December 28, 2015 | 9:48 PM

မေ ၁၅ ရက်က ဘန်ကောက်မြို့ရှိ အစိုးရရုံးတွင် ပရာယွတ်က သတင်းထောက်များကို စကားပြောကြားနေစဉ်
လွန်ခဲ့သည့်နှစ်က ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်နှစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည့် အငြင်းပွားဖွယ် စီရင်ချက်အပေါ် ဝေဖန်ပြောဆိုမှုများအား ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းစစ်အစိုးရအဖွဲ့ ခေါင်းဆောင် အကြီးအကဲက ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေးဗစ်မီလာ (၂၄ နှစ်) အား သတ်ဖြတ်မှုနှင့် ဟန်နာဝှစ်သာရစ် (၂၃ နှစ်) ကို မုဒိမ်းကျင့်ကာ သတ်ဖြတ်ခဲ့မှုတို့အတွက် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင် အပန်းဖြေကျွန်းပေါ်တွင် ဗြိတိန်နိုင်ငံသားနှစ်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမှုသည် ကမ္ဘာလှည့် ခရီးသွားများ နှစ်သက်ရာ ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပြီး မြန်မာအလုပ်သမားများ၏ ရှေ့နေများက ထိုင်းရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှုများကို အလွဲလွဲအမှားမှား ပြုလုပ်ခဲ့ပြီး မြန်မာနှစ်ဦးကို ဓားစာခံများအဖြစ် အသုံးချခဲ့သည်ဟု စွပ်စွဲခဲ့သောကြောင့်  ထိုင်းတရားစီရင်ရေး စနစ်အပေါ်လည်း မေးခွန်းထုတ်မှုများ ထွက်ပေါ်လာစေခဲ့သည်။ သို့သော် ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာ အာဏာပိုင်များက ငြင်းပယ်ခဲ့သည်။

ယင်းစီရင်ချက်က အိမ်နီးချင်း မြန်မာနိုင်ငံသားများကို ဒေါသထွက်စေခဲ့ပြီး နေ့စဉ် ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ သြဇာကြီးမားသော ကာကွယ်ရေး ဦးစီးချုပ်က အမှုကို ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုထားသည်။

သို့သော် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၄ ရက် စီရင်ချက် ထွက်လာပြီးကတည်းက အမှုအပေါ် သူ၏ ပထမဆုံး မှတ်ချက်များအတွင်း ယင်းကဲ့သို့ တောင်းဆိုမှုများကို ဒေါသတကြီး ပယ်ချခဲ့သည်။

“သူတို့မှာ အယူခံဝင်ခွင့် ရှိတယ်ဆိုတာ မှန်ပါတယ်။ ကမ္ဘာတစ်လွှားက ဥပဒေတွေ အားလုံးမှာ အဲဒီလို ရှိပါတယ်။ ဒါဆို ထိုင်းဥပဒေက အဲဒီလို မရှိလို့လား။ ပြဿနာက ဖိအားပေးခံရရင် လူတွေအားလုံးကို ကျွန်တော်တို့ လွှတ်ပေးလိုက်ရမှာလား” ဟု ပရာယွတ်က သိသိသာသာ ဒေါသထွက်လျက် သတင်းထောက်များအား ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က စစ်အာဏာသိမ်းမှုဖြင့် အာဏာရလာခဲ့သော ပရာယွတ်သည်  စိတ်အပြောင်းအလဲမြန်ကာ ဒေါသထွက်လွယ်ပြီး အမျိုးမျိုး ပြောတတ်သူဟု ထင်ရှားသည်။

ခိုထောင်ကျွန်း လူသတ်မှုပြီးနောက် ရက်များ၊ သီတင်းပတ်များအတွင်း ပရာယွတ်သည် လူသတ်မှုက ထိုင်းနိုင်ငံ၏ အဓိကကျသော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ထိခိုက်လာမည်ကို စိုးသောကြောင့် အလျင်အမြန် ဖမ်းဆီးမှုများ ပြုလုပ်ရန် ထိုင်းရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့သည်။

ပရာယွတ်သည် လူသတ်မှုအတွက် အပြစ်ရှိသူ မည်သူ ဖြစ်နိုင်သနည်း ဟူသည်နှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့ရာတွင် ဤကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် လူသတ်မှုမျိုးကို ထိုင်းနိုင်ငံသားများ ကျူးလွန်ဖွယ် မရှိဟု ပြောကြားခဲ့သည်။ ပရာယွတ်သည် ရေကူးဝတ်စုံ ၀တ်ထားသည့် လှပသော နိုင်ငံခြားသူများ အနေဖြင့် လုံခြုံလိမ့်မည်ဟု မမျှော်လင့်သင့်ကြောင်း ပြောကြားခဲ့သည့် အတွက်လည်း နောက်ပိုင်းတွင် ပြန်လည် တောင်းပန်ခဲ့ရဖူးသည်။

ထိုင်းတရားစွဲဆိုသူများနှင့် ရဲတပ်ဖွဲ့တို့ က ၀ှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော DNA အပါအ၀င် မြန်မာနှစ်ဦးကို တရားစီရင်ရန် အထောက်အထား ခိုင်လုံကြောင်း ပြောကြားခဲ့သည်။

Ref : AFP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template