Headlines News :
Home » » မြစ်ဆုံနှင့်ပတ်သက်၍ တရုတ် အင်ဂျင်နီယာ အဖွဲ့ ပြောဆိုချက်များကို မြန်မာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ တုံ့ပြန်

မြစ်ဆုံနှင့်ပတ်သက်၍ တရုတ် အင်ဂျင်နီယာ အဖွဲ့ ပြောဆိုချက်များကို မြန်မာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ တုံ့ပြန်

Written By လွင့်မောင်မောင် on Thursday, July 26, 2012 | 3:31 PM



(credit to Win Myo Thu)
မြစ်ဆုံဆည် တည်ဆောက်ရေးနှင့် ပတ်သက်၍ တရုတ်ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့မှ ဝေဖန်ပြောဆိုထားသော သဘောထား ကြေညာချက်ကို ပြည်တွင်းရှိ ပတ်ဝန်းကျင်ရေးရာ ထိန်းသိမ်းရေး ပညာရှင်များက တစ်စုတစ် စည်းတည်း ပြန်လည်တုံ့ ပြန်လိုက်သည်။

မြစ်ဆုံဆည်နှင့် ပတ်သက်၍ အချက်(၁၁) ချက်ပါရှိသော သဘောထားအချက်ကို ယင်းအဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ၂၀၁၂ ခုနှစ် မတ်လအတွင်း ဖော်ပြထားချက်ကို ပြည်တွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားခုနစ်ဦးက ပြန်လည်ချေပပြောဆိုထားခြင်း ဖြစ်သည်။

ယင်းဝေဖန်ချက်တွင် “မြစ်ဆုံမှ ထုတ်လွှတ်သော လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ပို့မည်ဟု ပြောဆိုနေချိန်တွင် မြန်မာတို့ကရသော လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းမှာ အခမဲ့ဖြစ်ကြောင်း မြန်မာအများစုက သိပုံမရပါ”ဟု ရေးသားထားသည်။ ထိုသို့ရေးသားချက်ကို “ဧရာဝတီမြစ်ကြီးတစ်ခုလုံး ရင်းနှီးထားရတာကို ဘာအရင်းအနှီးမှ မစိုက်ဘဲရတာတဲ့။ ပြောရက်တယ်ဗျာ”ဟု ဒေါက်တာထွန်းလွင်က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်နိုင်ရန်အတွက် ၇၅၀ ကီလိုမီတာခန့်ရှည်လျားသော အဝေးပြေးလမ်းမကြီးများ၊ တံတားကြီးများနှင့် ရေကြောင်းဆိုင်ရာ၊ မိုးလေ၀သဆိုင်ရာ၊ မြေငလျင်တိုင်းတာမှုဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်နေမှုအပေါ် တရုတ်တို့က မြန်မာနိုင်ငံရှိ သယံဇာတများကို ကဲ့ယူနေသည်ဟု ရှုမြင်ကြကြောင်း တရုတ်အင်ဂျင်နီယာအဖွဲ့က ရေးသားဖော်ပြထားသည်။ “ပတ်ဝန်းကျင်ပျက်စီးတယ်။ လူ့အခွင့်အရေး ဖောက်ဖျက်တယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး ဆိုတာတွေက တရုတ်ကုမ္ပဏီတွေရဲ့ အင်္ဂါလက္ခဏာတွေ ဖြစ်နေတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်ကိုင်လာသူ စာရေးဆရာကိုတာက ပြောသည်။

တရုတ်အင်ဂျင်နီယာအဖွဲ့၏ ထုတ်ပြန်ချက်တွင် မြစ်ဆုံရေကာတာစီမံကိန်းသည် ကျောက်မီးသွေးတန်ချိန်သန်း ၅၀ နှင့် ညီမျှသော လျှပ်စစ်ဓာတ်အား ၁၀၀ ဘီလီယံကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ငွေကြေးအမြတ်အစွန်းအနေဖြင့် တရုတ်ယန်းငွေ ၂၀ ဘီလီယံနှင့် မြန်မာကျပ်ငွေ ၂,၀၀၀ ဘီလီယံအထိ ရရှိမည်ဖြစ်သည်။

ယင်းအချက်ကို ဆည်ဆောက်သူများအနေဖြင့် ဆည်ကရေအားလျှပ်စစ်ထုတ်ယူရေး ကိစ္စထက် ဆည်ဆောက်လုပ်ဖို့အရေးကို ပိုစိတ်ဝင်စားကြောင်း၊ ထို့ကြောင့် မူဝါဒရေးရာအရ ချမှတ်သူများ သဘောတူလာစေရန် ဘယ်ရွေ့ဘယ်မျှ ဘီလီယံအစရှိသည်များကို ညွှန်းကိန်းလုပ်ပြောဆိုကြမည်ဖြစ်ကြောင်း ဧရာဝတီနှင့်ပတ်သက်သည့် မေးခွန်းပေါင်း ၂၀ ထုတ်ခဲ့သူ ဂေဟစနစ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဝင်းမျိုးသူ တုံ့ပြန်ပြောဆိုခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ တရုတ်ရေအားလျှပ်စစ်အင်ဂျင်နီယာအဖွဲ့မှ လူမှုအဖွဲ့အစည်းများ မြစ်ဆုံဆည်အပေါ်သဘောထားနှင့် ပတ်သက်ပြီး ဆည်တည်ဆောက်ရေးကို ဆန့်ကျင်သောသူများက ဆည်ကြီးများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ၀ါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း ဆည်ကြီးများက ရေအားလျှပ်စစ် အမြောက်အမြား ထုတ်လုပ်ပေးနိုင်ပါက ဆည်တည်ဆောက်ရာတွင်သာမက သဘာဝပတ်ဝန်းကျင်ရေးရာကို အထောက်အကူပြုကြောင်း ပြောဆိုခဲ့သည်။

“သူတို့က အကျိုးအမြတ်အတွက်လုပ်တော့ ဒီလိုဘဲပြောမှာပဲ။ ဆည်အကြောင်းပြောတာထက် မြစ်ဝှမ်းဒေသတစ်ခုလုံး ထိန်းသိမ်းဖို့ ဟိုအရင်ကတည်းက ပြောနေကြတာ။ ဧရာဝတီဆိုတာ တို့တွေရဲ့ ယဉ်ကျေးမှုဖြစ်တယ်”ဟု သယံဇာတစီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပါရဂူဘွဲ့အတွက် သြစတြေးလျအမျိုးသားတက္ကသိုလ်တွင် သင်ကြားနေသူ ဦးမြင့်ဇော်က ပြောသည်။

ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်ရေးရာ လုပ်ဆောင်နေသူများက မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ စိတ်ခံစားမှုသက်သက်ဆိုသည်မှာ မှန်ကန်ကြောင်းနှင့် ရေအားလျှပ်စစ် တည်ဆောက်ခြင်းကို ကန့်ကွက်ခြင်းမှာ တစ်နှစ်ထက်တစ်နှစ် ယိုယွင်းလာသော ဧရာဝတီမြစ်ကို သိပ္ပံနည်းကျ အချက်အလက်များထက် တစ်ဦးချင်းစီ တွေ့ကြုံခံစားရသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်ယွင်းမှုများနှင့် အချက်အလက်များကိုသာ ပြောဆိုခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုကြသည်။

ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင်သောသူများသည် နိုင်ငံတကာအကူအညီများ ရယူခဲ့ကြောင်း၊ အနောက်နိုင်ငံများကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးလာမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေ၍ အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေး တင်းမာလာအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အကြောင်းမှာ သမ္မတ၏ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းထားခြင်းအပေါ် အမေရိကန်သမ္မတ၏ ကြိုဆိုခြင်းက ထောက်ပြပြောဆိုနေခြင်းဖြစ်ကြောင်း တရုတ်ရေအားလျှပ်စစ်အင်ဂျင်နီယာအဖွဲ့က ပြောဆိုသည်။ ဆည်ဆောက်လုပ်မှု ဆန့်ကျင်ခြင်းကို အနောက်နိုင်ငံများက အကြံဉာဏ်၊ ငွေကြေးအထောက်အပံ့ပေးခဲ့ခြင်းမဟုတ်၊ လှုပ်ရှားမှုများကို ကချင်ပြည်နယ်ပြည်သူများ၊ မိမိတို့သဘာဝပတ်ဝန်းကျင်၏ ကြီးမြတ်သောတန်ဖိုး၊ အမျိုးသားယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာကို စောင့်ရှောက်လိုသူများနှင့် မြစ်ဆုံဆည်ကြောင့် အိမ်ခြေယာခြေပျောက်ရသူတို့ ဆန္ဒအလျောက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ ဖရီဒါအသင်းမှ ဦးအုန်းက ပြောကြားသည်။

ဧရာဝတီမြစ်ဝှမ်းတွင် ရေကြီးခြင်း၊ မိုးခေါင်ခြင်းကြောင့် ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ ၁၉၇၀ ကပင် မြစ်ကြီးနားမြို့၌ ရေကြီးခြင်းကို မကြာခဏကြုံတွေ့ရပြီး နွေရာသီကာလတွင် မြစ်ကြောင်း တိမ်လာသောကြောင့် သင်္ဘောများသွားလာ၍မရခြင်း၊ ရေတွင်းရေကန်ရှားပါးခြင်းနှင့် ဆားငန်ဒီရေများ တက်ခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ၌ ထိခိုက်မှုများ တွေ့ရကြောင်း၊ ယင်းထိခိုက်မှုများကိုဖြေရှင်းရန် မြစ်အထက်ပိုင်းတွင် ရေကာတာဆည်ဆောက်ခြင်းဖြင့် ရေများလိုအပ်သလို ထုတ်သွင်း၍ ဆားငန်ရေတိုးဝင်မှုကို ထိန်းသိမ်းကာကွယ်နိုင်ကြောင်း၊ ထို့ကြောင့် ဧရာဝတီမြစ်အထက်ပိုင်းတွင် ဆည်တည်ဆောက်ခြင်းမှ ပြဿနာများကို ဖြေရှင်းသည့်နည်းလမ်းဖြစ်ကြောင်း တရုတ်ရေအား လျှပ်စစ်အင်ဂျင်နီယာအဖွဲ့က ပြောသည်။

မြစ်ဆုံစီမံကိန်းသည် ရေရှည်ဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေသော ရေအားလျှပ်စစ်စီမံကိန်းတစ်ခု မဟုတ်ကြောင်း၊ မဟုတ်ရခြင်းအကြောင်းမှာ ဆည်တမံအမြင့်နှင့်

ရေလှောင်နိုင်သည့်ပမာဏ၊ မြစ်အထက်အောက် အကျိုးသက်ရောက်မှုတို့မှာ စဉ်းစားစရာအချက်တွေ များစွာရှိကြောင်း၊ မြစ်ဆုံစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူနှင့် မြှုပ်နှံမှုကို လက်ခံသူတို့သည် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးအတွက် လိုက်နာရမည့် စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံအတွင်းရှိ မြစ်များအကြောင်း ရေးသားသူ ရေအားလျှပ်စစ်ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဦးဝင်းကျော်က ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်အပါအ၀င် ပြန်ပြည့်မြဲ စွမ်းအင်များ ထုတ်လုပ်နိုင်သော အလားအလာကောင်းများစွာရှိ ကြောင်း၊ ယင်းအလားအလာများကို ငွေကြေးအားဖြင့် အကျိုးရှိမှု၊ပြည်သူအားလုံး လက်ခံသဘောတူမှု၊ သဘာဝပတ်ဝန်းကျင် မပျက်စီးမှုစသည့် အခြေခံအချက်သုံးချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ပါရီမြို့ ယူနက်စကိုဌာနချုပ်ရှိ ရေရှည်တည်တံ့သော ရေအရင်းအမြစ် စီမံခန့်ခွဲမှုဌာနအကြီးကဲဟောင်း ဒေါက်တာဒေါ်ခင်နီနီသိန်းက ပြောသည်။

မြစ်ဆုံဆည် ပြန်လည်စတင်ရေးအတွက် တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ (CPI) ယခုနှစ် ဧပြီလတွင် ပြောင်းရွှေ့ခံရသော ကျေးရွာသားများဖြင့် တွေ့ဆုံပြီးဆည်ကြီးပြီးစီးပါက ဒေသခံပြည်သူများအတွက် အကျိုးများနိုင်သည်ကို ပြောဆိုခဲ့ကြောင်း အောင်မြေသာဇံကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထိုသို့ ကျေးရွာသားများနှင့် ပြောဆိုခဲ့သည့်အပြင် မြစ်ဆုံဆည် ပြန်လည် စတင်ရေးအတွက် နိုင်ငံတကာ ရေကာတာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ပြန်လည်စိစစ်ပေးရန် မတ်လတွင် အဆိုပြုလွှာ တင်ခဲ့သည်။ တရုတ်နိုင်ငံထုတ် China Daily သတင်းစာ အယ်ဒီတာအာဘော်တွင်လည်း မြစ်ဆုံဆည်ရပ်ပြီးအနည်းငယ်အကြာတွင် မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် အရိပ်ယောင်ပြရေးသားဖော်ပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဆည်စီမံကိန်းရပ်ဆိုင်းခဲ့သည့်အတွက် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုကို ထိခိုက်စေကြောင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားမရှိ၍မရကြောင်း ဇွန်လဆန်းပိုင်းက 7Day News နှင့် တွေ့ဆုံမေးမြန်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်းကို တရုတ်အစိုးရပိုင် တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ (CPI) နှင့် အစိုးရတို့ ပူးပေါင်းကာရှစ်နှစ်ကြာလျာထား၍ မဂါဝပ် ၆,၀၀၀ ထုတ်လုပ်ရန်လျာထားသည့် စီမံကိန်းဖြစ်ပြီး၂၀၁၁ စက်တင်ဘာလ ၃၀ ရက်တွင် နိုင်ငံတော်သမ္မတက ပြည်သူ့ဆနဒကို လိုက်လျောရန် စီမံကိန်းကို ယင်းတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားရန်ဆုံးဖြတ်ခဲ့သည်။

ရေးသားသူ- အိဖြူမွန်

 by 7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template