Headlines News :
Home » » ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်း နှင့်ပတ်သက်၍ ဦးရဲထွဋ် ၏ရှင်းလင်းချက်

ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်း နှင့်ပတ်သက်၍ ဦးရဲထွဋ် ၏ရှင်းလင်းချက်

Written By လွင့်မောင်မောင် on Friday, May 10, 2013 | 7:06 PM

ဦးရဲထွဋ်

နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ် ပြောင်းလဲနေချိန်၊ တစ်ဖက်ကလည်း ပုဂ္ဂလိက နေ့စဉ်သတင်းစာများကို ထုတ်ဝေခွင့်ပြုတဲ့အချိန်မှာ နိုင်ငံပိုင်သတင်းစာများဟာ အရှုံးခံထုတ်ဝေနေတယ်ဆိုပြီး ပြည်တွင်း ဂျာနယ်အချို့မှာရေးသားမှုတွေရှိပါတယ်။ အချို့ သတင်းသမားများကလည်း မေးခွန်းတွေမေးပါတယ်။ ကျွန်တော်က ကိန်း ဂဏန်းနဲ့ ပြန်ဖြေပေးပေမယ့်လည်း သူတို့ သတင်းမှာဖော်ပြခြင်းမရှိဘဲ နိုင်ငံပိုင်သတင်းစာတွေအရှုံးခံရောင်းနေတယ်ဆို တဲ့ သဘောကိုပဲ ရေးသားနေတာတွေ့ရပါတယ်။

ဒီနေ့တော့ ဒီမေးခွန်းကိုပဲ ကျွန်တော့် စာမျက်နှာမှာ ပရိသတ်တစ်ဦးကမေးလာလို့ အခုလို့ ဖြေပေးလိုက်ပါတယ်။

""ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်းက သတင်းစာသုံးစောင်ကို တာဝန်ခံထုတ်ဝေပါတယ် ။ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ အမြတ်ငွေ ၂ ဘီလီယံကျပ်ရှိပါတယ်။ မရှုံးပါဘူး။ နိုင်ငံတကာမှာလည်း သတင်းစာဖိုးကို နည်းနည်းပဲထားပြီး ကြော်ငြာရငွေနဲ့ အမြတ်ကို ယူပါတယ်။ နိုင်ငံပိုင်သတင်းစာတွေကလည်း အဲဒီအတိုင်းလုပ်ပါတယ်။

တစ်ချို့နိုင်ငံတွေမှာ သတင်းစာကို အခမဲ့ပေးပြီး ကြော်ငြာခကနေ မြတ် အောင်လုပ်တာတောင်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း Messenger သတင်းစာက အဲဒီပုံစံ လုပ်တာတွေ့ ရပါတယ်။ အခုဖြစ်နေတာက တစ်ချို့ ပုဂ္ဂလိကသတင်းစာတွေက သတင်းစာရောင်းဈေးကိုလည်း များများ ထား၊ ကြော်ငြာကနေလည်း အမြတ်ယူချင်တဲ့အတွက် အစိုးရက အရှုံးခံထုတ်တယ်ဆိုပြီး သတင်းမှား တွေရေးတာပါ။ သူတို့ မေးခွန်းမေးတဲ့အခါတိုင်း ကျွန်တော် က အချက်အလက်တွေပေးပါတယ် ။ဘယ်တော့မှ မသုံးပါဘူး။ လိုရာပဲ ဆွဲရေးတဲ့သဘောဖြစ်ပါတယ်။""

အဲဒီအဖြေနဲ့ပတ်သက်ပြီး Eleven မီဒီယာက သတင်းထောက်နဲ့ နံမည်တူတဲ့၊ သူ့ FB မှာလည်း Eleven မှာသူရေး တယ်ဆိုတဲ့ဆောင်းပါးအချို့ကို ညွှန်းထားတဲ့ (ကို) မာန်သူရှိန်နံမည်နဲ့ သူက အခုလို ၀င်မှတ်ချက်ရေးပြီးမေးပါတယ်။

""မာန်သူ ရှိန် • Friends with Tint Swe and 3 others
ကျပ် 2 ဘီလျံ၊ ကျပ်သန်း 2000 မြတ်တယ် သတင်းနဲ့စာနယ်ဇင်း။ တစ်လကို ကျပ် 166 သန်းကျော်မြတ်တယ်။ ကြော်ငြာနဲ့ အဓိကအမြတ်ယူတယ်။ အဲဒီအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ဘယ်လောက်များ ပေးဆောင်ခဲ့ရပါသလဲခင်ဗျာ။""

သူ့မေးခွန်းကို သူ့အောက်မှာဖြေလိုက်ရင် လူအနည်းစုပဲသိမှာဖြစ်လို့ အားလုံးသိအောင် ဒီနေရာကနေပဲ ဖြေလိုက်ပါ တယ်။

သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းဟာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းနှစ်ထောင်ကျော်မြတ်ပါတယ်။ သတင်း စာ တစ်စောင်ချင်းရောင်းရငွေအပေါ်မှာ ကုန်သွယ်ခွန်ပေးဆောင်မှုက ကျပ်သန်း ၂၈၀ ကျော်ရှိပါတယ်။ နောက်တစ်ခါ အမြတ် ကနေ ၀င်ငွေခွန်ပေးဆောင်မှုက ကျပ်သန်း၆၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် အစိုးရပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် အမြတ် ငွေထဲကနေ နိုင်ငံတော်ကို အချိုးကျပြန်ထည့်ရပါတယ်။ အဲဒီထည့်ဝင်ငွေက သန်း လေးရာကျော်ရှိပါတယ်။

ဒီနေရာမှာ နိုင်ငံပိုင်သတင်းစာများဟာ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကိုခံရတဲ့အတွက် အသုံးပြုတဲ့စက္ကူတန်ချိန်၊ ထွက်လာ တဲ့စောင်ရေ၊ စောင်ရေအပေါ်မူတည်ပြီးရောင်းရငွေ၊ လစဉ် ကြော်ငြာရငွေများကို အတိအကျစစ်ဆေးခံရပါတယ်။ အဲဒီ စောင်ရေနဲ့ ၀င်ငွေအပေါ်မူတည်ပြီး အထက်ပါအခွန်အခများကို အတိအကျပေးဆောင်ရတာဖြစ်ပါတယ်။

အထက်ပါအချက်များကို ကြည့်လိုက်ရင် နိုင်ငံပိုင်သတင်းစာများဟာ အရှုံးခံပြီးရောင်းနေတာမဟုတ်ဘူး။ ပြည်သူတွေ ၀ယ်ဖတ်နိုင်မယ့်လက်လှမ်းမီတဲ့ဈေးနှုန်းနဲ့ရောင်းချပေးနေတာတောင် သင့်တင့်တဲ့ အမြတ်ငွေရရှိနေတယ်ဆိုတာတွေ့နိုင် ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့အချက်ကတော့ နိုင်ငံပိုင်သတင်းစာများဟာ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးချက်ကိုခံယူပြီး ဆောင်ရွက် နေရတဲ့အတွက် အချို့ အချို့သော တာဝန်မဲ့တဲ့ ပုဂ္ဂလိက စာနယ်ဇင်းများလို စောင်ရေလျှော့ပြခြင်း၊ အမှန်တကယ် ရောင်းချသောဈေးနှုန်းနဲ့ စာအုပ်၊စာစောင်မှာဖော်ပြထားတဲ့ဈေးနှုန်းကွာခြားနေခြင်းများလုပ်ဆောင်လို့ မရပါဘူး။

ဟိုတစ်ချိန်ကတော့ နိုင်ငံပိုင်သတင်းစာများဟာ အစိုးရသတင်းတွေပဲဖော်ပြနေတယ်၊ စိတ်ဝင်စားစရာမကောင်းဘူးလို့ ဆို ကြတယ်။ ဒါတွေကို ပြုပြင်နိုင်ဖို့အတွက် အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ် စတင်ပြောင်းလဲချိန်မှာ သတင်း ဖော်ပြမှုပုံစံတွေ အတော်အသင့်ပြောင်းလဲလာတာကိုတွေ့နိုင်ပါတယ်။ မကြာခင်မှာ အဲဒီသတင်းစာများရဲ့ အယ်ဒီတာ လွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ကို ဥပဒေနဲ့ အာမခံမယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေပေါ်ထွက်လာ ဖို့ အတွက်လည်း ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အဲဒီဥပဒေပေါ်ပေါက်လာရင် ပိုပြီးပီပြင်တဲ့ အများပြည်သူ ၀န်ဆောင်မှုသတင်းစာများအဖြစ် ဥပဒေနဲ့ အညီပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။

အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုတာ အတိုချုပ်ပြောရရင် အယ်ဒီတာလွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိရမယ်၊ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားများရဲ့ ဖိအားပေးမှုကနေ ကင်းလွတ်ရမယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက ထုတ်ဝေ တဲ့ မီဒီယာများက အလေးပေးရန်ပျက်ကွက်တတ်တဲ့ အင်အားနည်းအုပ်စုများ၊ လူနည်းစုများရဲ့ အကျိုးစီးပွား၊ ထင်မြင်ချက် များကို အလေးပေးရမယ်၊ မတူကွဲပြားတဲ့အယူအဆတွေကို တင်ပြရမယ်။ အထက်ပါအချက်များကိုလုပ်နိုင်ဖို့ အတွက် ဥပဒေနဲ့ အာမခံပေးရမယ် ဆိုတဲ့အချက်များနဲ့ ပြည့်စုံရပါတယ်။ အကျယ်ရေးရင်တော့ အများကြီးရှိပါသေးတယ်။

ဒီမိုကရေစီနိုင်ငံများမှာ အစိုးရပိုင်မီဒီယာမရှိပေမယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာတွေရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံပိုင် မီဒီယာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီစေရန်အတွက် ယူနက်စကို,IMS, ၊ စတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံတကာ Public Service Mediaများဖြစ်တဲ့ DW, BBC, CFI , Swedish Radio, Open Society, စတဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီဖြစ် ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ မီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေးမှာ အများ ပြည်သူ ၀န်ဆောင်မှုမီဒီယာ တွေရှိဖို့လိုတယ်လို့ ယုံကြည်တဲ့အတွက် စိတ်ပါလက်ပါ အကူ အညီပေးနေပါတယ်။

ဖတ်ချင်စရာမကောင်းတဲ့ အစိုးရပိုင်သတင်းစာများကနေ နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီမယ့် အများပြည်သူဝန်ဆောင်မှု မီဒီယာများအဖြစ်ပြောင်းလဲခြင်းဟာ ကြိုဆိုရမယ့်ကိစ္စလို့ပဲမြင်ပါတယ်။ အများပြည်သူဝန်ဆောင်မှု Public Service Media သတင်းစာဟာ ပုဂ္ဂလိက Commercial သတင်းစာများနဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ သူ့ပြေးလမ်းနဲ့ သူပြေးနေတာ သာဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှု Public Service Media ဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ အတွက် သတင်းစာပီပီပြင်ပြင်ဖြစ်ဖို့အားလုံးရဲ့ အကြံ ပြုချက်များကို ကြိုဆိုပါတယ်။ အလေးထားပါတယ်။ ဒါပေမယ့် အချက် အလက်မှန်များကို အခြေခံပြီး အကြံပြုစေချင်ပါတယ်။ စီးပွားရေးပြိုင်ဘက်လို သဘောထားပြီး မမှန်မကန်စွတ်စွဲမှုတွေ၊ အပုတ်ချမှုတွေကတော့ ဘယ်သူမှ အကျိုးမရှိနိုင်ဘူးလို့ယူဆပါတယ်။

Ye Htut
Ye Htut(Facebook စာမျက်နှာမှ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template