
အောက်တိုဘာ ၁၄ ရက်နေ့ညက ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုနဲ့ သံသယရှိသူ ၄ ဦး၊ မန္တလေးမြို့မှာ ဗုံးတွေ့ရှိမှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၂ ဦးအပါအ၀င် စုစုပေါင်း လူ ၆ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမှုနဲ့ဆက်နွယ်ပြီး အဓိကသံသရှိသူ တစ်ဦးအပါအ၀င် စုစုပေါင်း ၄ ဦးကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဖမ်းဆီးမိတာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးဦးစီး ၂ ဌာနခွဲမှူး ရဲမှူးမြင့်ထွေးက ပြောပါတယ်။
“ကျနော်တို့ ၄ ဦးဖမ်းထားပါတယ်၊ အဓိကတရားခံကတော့ ဒီမနက်မှာ ဖမ်းမိထားပါတယ်၊ ဖမ်းတယ်ဆိုတာ ကျနော်တို့မှာ အထောက်အထားရှိပါတယ်၊ တချို့ဟာတွေက ပေါက်ကွဲစေတတ်တဲ့ ကိစ္စတွေလည်းဖြစ်တယ်၊ ဆက်နွယ်တာတွေလည်းဖြစ်တဲ့အတွက် ကျနော်တို့က ဖမ်းဆီးရမိတယ်ဆိုတဲ့အကြောင်းပဲ တင်ပေးမှာပါ၊ အခုလူတွေက အလုံမြို့နယ် Western Park နဲ့ ကုန်သည်ကြီးများဟိုတယ်မှာဖြစ်တဲ့ တရားခံတွေလို့ပြောထားပါတယ်”
ဒါ့အပြင် မနေ့က အောက်တိုဘာ ၁၄ ရက်နေ့က မန္တလေးမြို့၊ လမ်း ၈၀ နဲ့ ၁၆ လမ်းထောင့် ရွှေဘဲစားတော်ဆက်မှာတွေ့ရှိ ခဲ့တဲ့ ဗုံးနဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကိုလည်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါ တယ်။
RFA Burmese