Headlines News :
Home » » မန္တလေးလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို ထပ်မံအရေးယူမည်

မန္တလေးလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို ထပ်မံအရေးယူမည်

Written By လွင့်မောင်မောင် on Tuesday, October 15, 2013 | 8:34 PM

 
မန္တလေး၊ အောက်တိုဘာ ၁၄

မန္တလေးမြို့တော်ရှိ ကျူးကျော် ဆိုင်ခန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ခန့်က ရှင်းလင်း အရေးယူ ဒဏ်ရိုက်ခဲ့သော်လည်း ဆက်လက်၍ ဆိုင်ခန်းများ ကျူးကျော် ဖွင့်လှစ်နေသဖြင့် မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒုတိယအကြိမ် ထပ်မံအရေးယူ ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယင်းကဲ့သို့ ပြန်လည် ကျူးကျော်သည့် ဆိုင်ခန်းများတွင် လက်ဖက်ရည်ဆိုင်၊ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များ၊ အဝတ်အထည် အရောင်းဆိုင်များ ပါဝင်ပြီး ကျူးကျော်မှု အများဆုံးမှာ မန္တလေးတက္ကသိုလ် သွားရာ အဓိက လမ်းမကြီး ဖြစ်သည့် ၇၃ လမ်း၊ ၃၅ လမ်းမှလမ်း ၄၀ အတွင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျူးကျော်ဆိုင်ခန်းတွေ မရှင်းလင်းခင် ကတည်းက အဲဒီဆိုင်တွေကို အကြောင်းကြားစာတွေ ပို့ပြီးပြီ။ လိုက်နာမှုမရှိတဲ့ ဆိုင်တွေကို ဒဏ်ကြေးရိုက်ပြီး အရေးယူခဲ့တယ်။ ဒါပေမဲ့ ဒဏ်ကြေးပေးပြီးတော့ နောက်နေ့ ပြန်ဖွင့်တယ်။ မန္တလေးတက္ကသိုလ် နားကဆိုင်ခန်းတွေ အများဆုံးပဲ” ဟု ၎င်းက ဆိုသည်။

စည်းကမ်းမလိုက်နာသည့် ဆိုင်များကို တတိယအကြိမ်အထိ ဒဏ်ငွေရိုက် အရေးယူမည် ဖြစ်ပြီး ဆက်လက်ကျူးကျော် နေပါက တရားစွဲဆိုမည်ဖြစ်ကာ စည်ပင်ဥပဒေအရ ထောင်ဒဏ်သုံးလမှ တစ်နှစ်ထိ ချမှတ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

မန္တလေးမြို့တွင်းတွင် ၇၃ လမ်း၊ ၃၅ လမ်းမှ မန္တလေး တက္ကသိုလ်အထိ နေရာသည် ယာဉ်ကြော ရှုပ်ထွေးမှုများသည့်အပြင် လူစည်ကားရာ နေရာလည်း ဖြစ်သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်စေသည့် ဆိုင်ကယ်၊ ကားရပ်နားမှုများသည့် လက်ဖက်ရည်ဆိုင်များကို ပတ်ဝန်းကျင်မှ တိုင်ကြားမှု အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။
“ဆိုင်က ဝန်ထမ်းလေးတွေကိုတော့ ဆိုင်ကယ်တွေ စနစ်တကျစီဖို့ တာဝန်ပေးထားတယ်။ ဒါပေမဲ့ ညပိုင်းလို အချိန်မျိုးဆိုရင် ဆိုင်က လူပိုကျတော့ ဆိုင်ကယ်တွေ လမ်းပေါ်ရောက်ကုန် သွားတာမျိုးတော့ ရှိတယ်။ တမင်တကာကြီး ကျူးကျော်တာမျိုးတော့ မဟုတ်ပါဘူး။ စည်ပင်က စည်းကမ်းချက်တွေကိုလည်း သိပါတယ်” ဟု ပတ်ဝန်းကျင်၏ တိုင်ကြား ခံရမှုကြောင့် ဒဏ်ငွေရိုက် အရေးယူခံရသည့် အဆိုပါ လမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ မန္တလေးမြို့တော်တွင် လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ စက်တင်ဘာလကုန်အထိ နှစ်ဝက်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများနှင့် ကျူးကျော်ဆိုင်ခန်းများ ရှင်းလင်း အရေးယူရာမှ ရရှိသည့် ဒဏ်ကြေးငွေ စုစုပေါင်း ကျပ် ၁၂၆ သိန်း ဖြစ်ပြီး အဆိုပါ ဒဏ်ကြေးများမှာ ပြီးခဲ့သည့် ဘတ်ဂျက်နှစ် နှစ်ဝက်ခန့်က ဒဏ်ကြေးငွေများထက် နှစ်ဆခန့် ပိုများကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template