Headlines News :
Home » » ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများက ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ရခြင်းဖြစ်ဟု ၀န်ခံထားကြောင်း ကနဦး စစ်ဆေးချက်အရ သိရ

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများက ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ရခြင်းဖြစ်ဟု ၀န်ခံထားကြောင်း ကနဦး စစ်ဆေးချက်အရ သိရ

Written By လွင့်မောင်မောင် on Thursday, October 17, 2013 | 9:28 AM

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ဗုံးပေါက်ကွဲမှုနှင့် WESTERN PARK RUBY စားသောက်ဆိုင်တွင် ချိန်ကိုက်ဗုံးဖြင့် ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိပြီး ငွေကြေးပေးကာ ခိုင်းစေခြင်းဖြစ်သည်ဟု ကနဦး စစ်ဆေးချက်အရ သိရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်များမှ ကျူးလွန်သူသုံးဦးကို အောက်တိုဘာ ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။
ပြစ်မှုကျူးလွန်သူ သုံးဦးကို အောက်တိုဘာ ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး စောမြင့်လွင် (၂၇) နှစ် ဖာပွန်မြို့တွင် နေထိုင်သူကို မွန်ပြည်နယ် ဘီးလင်းမှ ဖာပွန်သို့ သွားသည့် ကားလမ်းတွင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ အောင်မိုးဆိုသူကို ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်အတွင်း၊ အောင်ဆန်းလင်း ဆိုသူကို သန်လျင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီး ၀င်းကိုနှင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးတို့က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက "ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်သူတွေကို ဖမ်းမိထားပါပြီ။ ဆက်လက် စစ်ဆေးနေတုန်းပါပဲ" ဟု အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ပြောကြားသည်။
ဖြစ်စဉ်များတွင် ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့သူ သုံးဦးနှင့် ပတ်သက်၍ "ဖမ်းမိပြီး အဲဒီနေ့မှာပဲ သူတို့ဝန်ခံခဲ့ပါတယ်။ ဘာဖြစ်လို့ အခုလိုမျိုး ဖောက်ခွဲမှုတွေ ပြုလုပ်ရတယ် ဆိုတာကတော့ အမှုစစ်ဆေးချက်အရ ငွေကြေးအပိုင်းနဲ့ ပတ်သက် နေပါတယ်။ အခု ဆက်လက် စစ်ဆေးနေပါတယ်" ဟု ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက "ကျူးလွန်တဲ့သူ သုံးဦးကိုတော့ ဖမ်းမိသွားပါပြီ။ ဒါပေမဲ့ ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေတယ်။ ပိုက်ဆံပေးခိုင်းလို့ အခုလို လုပ်ခဲ့တယ်လို့တော့ သူတို့ ထွက်ဆိုထားပါတယ်။  အခုအခြေအနေအထိတော့ တိတိကျကျ ပြောလို့မရသေးဘူး။ ရဲလုပ်ငန်းအရ ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးဘဲ ဗုံးတွေ့ရှိရသည့် ဖြစ်စဉ်များမှာ အောက်တိုဘာ ၁၃ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးတွင် မပေါက်ကွဲသေးသည့် အခြားဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သည်။
အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေး ပလက်ဖောင်းအနီးတွင် ပစ်ထားသော သစ်လုံးတင်ကား နောက်တွဲအောက်တွင် အမည်းရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် အထုပ်အား ဒေါပုံမြို့နယ် သင်္ဘောကျင်း ရပ်ကွက်တွင် နေထိုင်သည့် ထက်အောင်နိုင် (၁၄) နှစ်နှင့် ၀င်းမင်းထွေး (၁၄) နှစ်တို့ နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်း ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ၎င်းတို့နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ဟာဘိဝင်းအတွင်း WESTERN  PARK  RUBY စားသောက်ဆိုင်အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲ အချိန်တွင်လည်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်း အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။  
  
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန်နိုင်ငံသူ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template