Home »
ပြည်တွင်းသတင်း
» ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယား ကုမ္ပဏီနှင့် လေကြောင်း ဦးစီးဌာနတို့ ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲချက်အချို့ ရှိနေ
ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယား ကုမ္ပဏီနှင့် လေကြောင်း ဦးစီးဌာနတို့ ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲချက်အချို့ ရှိနေ
Tuesday, 15 October 2013 00:33
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံ
Incheon Airport ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနတို့ လက်တွေ့ ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ်
စည်းကမ်းချက်များနှင့် ကွဲလွဲချက်အချို့ ရှိနေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံ မှ
Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က
စည်းကမ်းချက်များပေါ် အခြေပြု၍ လက်တွေ့ တည်ဆောက်ရာတွင် လိုအပ်မည့်
အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့်
စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးတင်နိုင်ထွန်းက ပြောကြားသည်။
''တင်ဒါတင်သွင်းတုန်းက ကိုရီးယား
အင်ချွန်းကုမ္ပဏီက အကောင်းဆုံး တင်ပြထားတာဖြစ်လို့ သူ့ကိုရွေးချယ်ခဲ့တာ။
လက်တွေ့ညှိနှိုင်း မှုမှာတော့ မလုပ်နိုင်တော့ဘူး ဆိုတာမျိုး ပြောလို့တော့
မရဘူးပေါ့။ အခုဖြစ်နေ တာကလည်း တင်ဒါစည်းကမ်း ချက်ထဲမှာ လုပ်ပေးမယ်လို့
ပြောထားတဲ့ တချို့အချက်တွေကို လက်တွေ့ညှိနှိုင်းမှုမှာ
မလုပ်ပေးနိုင်ဘူးဆိုတဲ့ ကွဲလွဲမှုတွေ ဖြစ်နေတာပါ'' ဟု လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက
အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားသည်။
ယခုကဲ့သို့
လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲရာတွင်
အရေးကြီးသည့် အဓိက အချက်များ ကွဲလွဲမှုအား မည်သည့်နည်းနှင့်မျှ လက်သင့်ခံမည်
မဟုတ်ကြောင်းနှင့် အဓိက မကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်း
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''လက်တွေ့ ညှိနှိုင်းမှုတွေမှာ
လက်ခံနိုင်တဲ့ အချက်တွေ ပါသလို ဘယ်နည်းနဲ့မှ လက်မခံနိုင်တဲ့
ကွဲလွဲချက်တွေလည်း ပါနေတယ်။ ဥပမာ-ကျွန်တော်တို့က ဒီဟံသာဝတီ လေဆိပ်ကို
ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မယ့် လေဆိပ်အဖြစ် တည်ဆောက်ပေးဖို့
တောင်းဆိုထားတာကို ၁၀ သန်းဆံ့တာပဲ တည်ဆောက်ပေးမယ် ဆိုရင်တော့
လက်မခံနိုင်ဘူးပေါ့။ ဒါပေမဲ့ ပြီးမယ့်အချိန်ကို အကြောင်း
အမျိုးမျိုးကြောင့် တစ်နှစ်လောက် ကြန့်ကြာတာ မျိုးကတော့ လက်ခံနိုင်တဲ့
အပိုင်းဖြစ်လို့ လက်ခံညှိနှိုင်း ပေးသွားမှာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။
ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ကုမ္ပဏီသည် ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း
ဝင်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ်သည့်
ဝန်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်
ဖြစ်သည်။
ဒုတိယအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် သန်း ၃၀
ဝင်ထွက်နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊
ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့်
လူနေတိုက်ခန်းများ၊ ဆက်စပ် လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။
ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်သိုလှောင်ရုံ
တစ်ခုကို တည်ဆောက် သွားမည်ဟု သိရသည်။
Eleven Media Group