Headlines News :
Home » » မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရ

မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရ

Written By လွင့်မောင်မောင် on Wednesday, October 16, 2013 | 8:54 AM

 C.16.10.2013
မြစ်ဆုံစီမံကိန်းကြောင်း ပြောင်းရွှေ့ခဲ့သူများ စုစည်းနေရာချထားသည့် အောင်မြင်သာကျေးရွာအား အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများမှာ လက်ရှိအချိန်ထိ အသက်မွေးဝမ်းကျောင်း အတွက် ရပ်တည်ရန် ခက်ခဲနေပြီး စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရသောကြောင့် အဆိုပါ စီမံကိန်းကို နောက်ဆုတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တောင်းဆိုလျှက်ရှိသည်။
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ(မလိဇွပ်)၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့စသည့် ကျေးရွာများမှာ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ အောင်မြင်သာကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၀၇၅ ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂၀ စု လူဦးရေ ၅၀၀ ကျော် ရှိပြီး အများစုမှာ ၀မ်းစာရှာဖွေရန်ပင် အခက်အခဲ တွေ့လျှက်ရှိသည်။
တန်ဖဲ့ အသင်းတော် ဓမ္မဆရာ ဦးတူးခေါင်က "မြစ်ဆုံစီကိန်းကြောင့် ရွေ့ပြောင်း ရွာအများစုရဲ့ အသက်မွေးဝမ်းကြောင်း ဟန်ချက်ပျက်သွားပြီ။ ဆက်လုပ်ရင် ပိုပြီးဒုက္ခရောက်မယ်။ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ သဘောမတူဘူး။  အသင်းတော်ကလူတွေ စီးပွားရေးကျတော့ အသင်းတော်မှာလည်း အလှူပေးတာကအစ လျော့ပါးသွားတယ်။ တောင်ရွေ့မြောက်ရွေ့ဆိုတော့ ရွာရဲ့စည်းလုံးမှုလည်း ပျက်သွားတယ်။ တန်ဖဲ့ (မြစ်ဆုံ) နဲ့ အောင်မြင်သာရွာက အသက်မွေးဝမ်းကျောင်း အများကြီးကွာသွားပြီ။ တန်ဖဲ့မှာက တောင်ယာ၊ ခြံ၊ ရွှေကျင်၊ မြစ်ဆုံဆိပ်ကမ်းမှာ ဈေးရောင်းတာတွေက ရွာသားတွေကို အသက်မွေးမှု လွယ်ကူစေတယ်။ အသီးခြံနှင့် မွေးမြူရေးက အိမ်တိုင်း လောက်ရှိတယ်။ ဒီမှာက မြေညံ့ပြီး အကျယ်အ၀န်းမရှိဘူး။ မြစ်ဆုံစီမံကိန်းဟာ ဒေသအတွက် တန်ဖိုးမရှိဘူး။ ဆက်လုပ်ရင် ဒုက္ခတွေ ဒီထက်ပိုများမယ်။ နောက်ဆုတ်သင့်တယ်လို့ပဲ ပြောချင်ပါတယ်"ဟု ပြောကြားသည်။
မစ်ဆုံစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်ဧရိယာအတွင်း ကျရောက်သည့် တန်ဖဲ့၊ မြစ်ဆုံ၊ ခပါး၊ ဒေါင်ပန်းနှင့် ကျိန်ခရန် ကျေးရွာငါးရွာအတွက် မလိယန် စံပြကျေးရွာနှင့် အောင်မြင်သာ စံပြကျေးရွာသစ် နှစ်ရွာကို တည်ဆောက်ပေးခဲ့သော်လည်း လက်တွေ့အခြေအနေတွင် အဆိုပါ ကျေးရွာမြေများသည် စိုက်ပျိုးရေး လုပ်ကိုင်၍ မရသောကြောင့် ဒေသခံများ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရပြီး ရပ်ဝေးသို့ သွားရောက်ကာ  အလုပ် လုပ်ကိုင်နေရသည်ဟု ဒေသခံများက ဆိုပါသည်။ "မြစ်ဆုံစီမံကိန်း ပြန်လုပ်မယ်ဆိုရင် လုံးဝသဘောမတူဘူး။ အရင်ကလည်း ကျပန်းပဲ လုပ်စားခဲ့တာပါ။ မြစ်ဆုံမှာက ရွှေကျင်၊ တောင်ယာပေါင်းရှင်း၊ သစ်သီးခြံ အငှားရှင်းနဲ့ စားဝတ်နေရေးအတွက် သက်သက်သာသာ ရှာစားလို့ရတယ်။ အခုတော့ လင်သားက အဝေးသွားပြီး ငွေရှာရတယ်။ ဒီလိုသာ နှစ်အများကြီး သွားနေရရင် ဒုက္ခများတော့မှာ"ဟု အောင်မြင်သာကျေးရွာတွင် နေထိုင်သူ ကျပန်း အလုပ်သမား လဘန်လုအောင်က ပြောကြားသည်။
"ဟိုမှာက တောင်ယာခုတ်၊ ရွှေလုပ်စားဝတ်နေရေး ပြေလည်တယ်။ ဒီမှာက တောင်ယာခုတ်စရာ နေရာမရှိဘူး။ ရွှေကျင်သွားရင် အသွားအပြန် နှစ်ထောင်ကုန်တယ်။ ဒီမှာ ၀မ်းတောင် မ၀ချင်ဘူး။ CPI က တစ်ရက် လူတစ်ယောက် ဆန်နို့ဆီ နှစ်ဘူးပေးတယ်။ ဘယ်လိုမှ မလောက်ဘူးလေ။ ရေရှည်မှာ ကျွန်တော်တို့ စားဝတ်နေရေး ပြေလည်ချင်တယ်။ ဒီမှာရှာစားရတာ အရမ်းခက်တယ်။ သားသမီးတွေကိုလည်း ကျောင်းကောင်းကောင်း မထားနိုင်ဘူး။ အရွယ်ရောက်တဲ့ သားသမီးတွေလည်း ရွှေမှော်ကျောက်မှော် ရောက်ကုန်ပြီ"ဟု အောင်မြင်သာကျေးရွာမှ တောင်သူ ဦးအားခီကလည်း ညည်းတွားသည်။
ပြီးခဲ့သော အောက်တိုဘာ ၁၀ ရက်က ကချင်ပြည်နယ် မြစ်ကြီးနာမြို့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မြစ်ဆုံစီမံကိန်းမှာ အစိုးရနှင့် ကေအိုင်အေအကြား အချိန်မရွေး ပြဿနာဖြစ်ပေါ်နိုင်သည့် အရေးအဖြစ်ရှိနေဆဲ ဟုတ်၊ မဟုတ် သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က"ကေအိုင်အိုနဲ့ အစိုးရတပ်မတော် တိုက်ပွဲဖြစ်တာ မြစ်ဆုံကိစ္စကြောင့်လို့ ပြောတာ ခဏခဏကြားရပါတယ်။ တကယ်တော့ မြစ်ဆုံကြောင့် တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ သို့သော်လည်း မြစ်ဆုံကိစ္စကို အရင်နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကိုလည်း စာပို့ထားတယ်။  ပြီးရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတဟူကျင်တောင်းဆီကိုလည်း စာပို့ထားတယ်။ မြစ်ဆုံစီမံကိန်းအားလုံး ခုနစ်နေရာရှိတဲ့အထဲမှာ ကျွန်တော်တို့ ကေအိုင်အေက မြစ်ဆုံနေရာမှာရှိတဲ့ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံထားတယ်။ အဲဒီနေရာမှာမဟုတ်ဘဲ တစ်ခြားတစ်နေရာမှာ လုပ်နိုင်ရင် ကောင်းပါတယ်။ ဒီဒေသမှာလာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တာကို ဖိတ်ခေါ်တယ်။ သို့သော်လည်း မြစ်ဆုံနေရာကတော့ လုပ်ဖို့မသင့်တော်ဘူး။ လူထုကလည်း ကြိုက်နှစ်သက်ခြင်းမရှိဘူးလို့ ကျွန်တော်တို့က ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့ မြစ်ဆုံကြောင့် တိုက်ပွဲတွေ ဖြစ်လာတာ မဟုတ်တဲ့အတွက်ကြောင့် နောင်တစ်ချိန်မှာလည်း မြစ်ဆုံကြောင့် တိုက်ပွဲဖြစ်စရာအကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်"ဟု ဖြေကြားသွားသည်။   
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template