Headlines News :
Home » » မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲခြင်းသည် ဥပဒေနှင့်အညီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောကြား

မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲခြင်းသည် ဥပဒေနှင့်အညီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောကြား

Written By လွင့်မောင်မောင် on Tuesday, March 10, 2015 | 9:53 AM



ရန်ကုန်၊ မတ် ၈

ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်နေ့က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်သူများကို လက်ပတ်အနီဝတ် အရပ်သားများ အသုံးပြုပြီး ဖြိုခွဲခြင်းသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အင်အားသုံးဖြိုခွဲခြင်းနှင့် ပတ်သက်ပြီး မတ်လ ၈ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးက ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ကျောင်းသားသပိတ်များကို အစိုးရက အကြမ်းမဖက်ရေးအတွက် ဆန္ဒထုတ်ဖော်သူများကို လက်ပတ်အနီဝတ် အရပ်သားများ အသုံးပြုပြီး အင်အားသုံး ရိုက်နှက်ဖြိုခွဲခြင်းသည် တာဝန်ရှိသူများက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားကြောင်း ၎င်းကဆိုသည်။

ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သော ထိုပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ တို့ကို လိုရာဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ် လက်မခံကြောင်းနှင့် ထိုသို့ အကြမ်းဖက် ဖြေရှင်းခဲ့သည့်အတွက် မိန်းကလေးများ ကာယိနြေ္ဒ ပျက်စေခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တုံ့ပြန်ပြောကြားခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အရပ်သားများ အသုံးပြုခြင်းသည် ဥပဒေနှင့်အညီ လုပ်ဆောင်သည်ဟု ပြောကြားခြင်းသည် မိန်းကလေးများ၏ အခွင့်အရေး ချိုးဖောက်ခံရခြင်းကို မျက်နှာလွှဲရာ ရောက်နေကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဖြိုခွဲဖမ်းဆီးခံရသူ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သူ မတင်မေသော်က ပြောကြားသည်။
“တရားဥပဒေနဲ့ ညီတယ်ဆိုရင် ကျွန်မကို တာဝန်ဆိုတဲ့ လက်ပတ်ဝတ်ထားတဲ့ ယောက်ျားတစ်ယောက်က ရင်ခွင်ထဲထည့်ပြီး လည်ပင်းညှစ် ဖမ်းဆီးခံရတာဟာ ဥပဒေနဲ့အညီ လုပ်တာလား၊ မြန်မာနိုင်ငံရဲ့ ဥပဒေက လူ့အခွင့်အရေး ချိုးဖောက်သူတွေအတွက် အကာအကွယ် ပေးနေတာလားလို့ မေးချင်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ တိုင်းဒေသကြီး ဝန်ကြီချုပ်က တရားဥပဒေနှင့်အညီ လုပ်ဆောင်သည်ဟု ဆိုသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများသည် ကိုလိုနီခေတ်တွင် စတင်ပြဋ္ဌာန်းခြင်း ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်နေပြီ ဖြစ်ကာ လက်ရှိကာလနှင့် ကိုက်ညီမှု မရှိ သောကြောင့် (၁၃) ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းကာ အဆိုပါပုဒ်မများ ပြင်ဆင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

“ဥပဒေနဲ့ ညီတယ် မညီဘူး ဆိုတာကတော့ အစွန်းရောက်နေအောင် ရပ်ခံပြောလို့ မရဘူး။ ဥပဒေက ရှိပြီးသားအတိုင်း သွားတာ။ လက်ရှိကာလနဲ့ မကိုက်တော့ဘူး။ အဲဒါကို ပြင်ရမယ်။ နောက်ပြီး အဲဒီ ၁၂၇ နဲ့ ၁၂၈ ကို သုံးမယ်ဆိုရင်လည်း ပုဒ်မ ၁၃၀ မှာ လူစုလူဝေးကို ဖြိုခွဲမယ်ဆိုရင် အင်အားနည်းနိုင်သမျှ နည်းအောင် သုံးရမယ်လို့ ပါတယ်။ အဲဒီလို လုပ်မလုပ် ပြန်ကြည့်ရမယ်။ နောက်ပြီး မိန်းကလေး တစ်ယောက်ရဲ့ ကာယိနြေ္ဒအတွက် ထိခိုက်သွားတာတွေအတွက် ဥပဒေနဲ့ ညီမညီ မေးခွန်းထုတ်ရမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းတို့နဲ့ ပြန်ချိန်ညှိပြီး ဥပဒေ ပုဒ်မတွေကို ပြင်ဆင်သွားမယ်” ဟု ၎င်းကဆိုသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ရေး ကျောင်းသားသပိတ်များကို အစိုးရက အကြမ်းမဖက်ရေးအတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် တာဝန်လက်ပတ်ဝတ် အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ရိုက်နှက်ဖြိုခွဲပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦးနှင့် ကျောင်းသားငါးဦး ဖမ်းဆီးထိန်းသိမ်းခံရသည်။

လက်ရှိ ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၇ တွင် ဒု-ရဲအုပ်အောက် အဆင့်မနိမ့်သည့် ရဲအရှိသည် တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေး တစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန် ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အလားတူ ပုဒ်မ ၁၂၈ တွင်လည်း မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင် မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ရှင်းလင်းချက်နှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် မည်ကဲ့သို့ တုံ့ပြန်မည်ကို အသေးစိတ် ထုတ်ပြန်နိုင်ခြင်း မရှိသော်လည်း အစည်းအဝေးတစ်ရပ် ပြုလုပ်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းထံမှ သိရသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template