Headlines News :
Home » » ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အရေးကြီးအဆို လွှတ်တော်သို့ ပါတီအသီးသီးမှ တင်သွင်းထားခြင်းမရှိသေး

ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အရေးကြီးအဆို လွှတ်တော်သို့ ပါတီအသီးသီးမှ တင်သွင်းထားခြင်းမရှိသေး

Written By လွင့်မောင်မောင် on Friday, March 13, 2015 | 9:23 AM



ကျောင်းသားများ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အရေးကြီးအဆို လွှတ်တော်သို့ ပါတီအသီးသီးမှ တင်သွင်းထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

မတ် ၁ဝ ရက်က လက်ပံတန်းမြို့ ပင်မကျောင်းသား သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ရန်ကုန်မြို့ လှည်းတန်းရှိ ကျောင်းသားသပိတ် ထောက်ခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွင်း ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန် အပါအဝင် နိုင်ငံတကာမှ ရှုတ်ချကြောင်း၊ ပါတီများနှင့် အဖွဲ့အစည်းများမှ ကန့်ကွက်ရှုတ်ချကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသော်လည်း လွှတ်တော်မှ ထုတ်ပြန်ချက် တစ်စုံတစ်ရာထုတ်ပြန်ခဲ့ခြင်း မရှိပေ။   

လွှတ်တော်၌ အင်အားအကြီးဆုံး ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုက ပါတီအစည်းအဝေးကို မတ် ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေး၌ ကျောင်းသားကိစ္စ အရေးကြီး အဆိုတင်သွင်းရန် ဆွေးနွေးခဲ့မှုများ မရှိကြောင်း၊ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၎င်းကိစ္စနှင့်ပတ်သက်၍ အရေးကြီး အဆိုတင်သွင်းရန် အစီအစဉ်ရှိနိုင်မည် မဟုတ်ကြောင်း သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လက်ပံတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက NLD အနေဖြင့် ကျောင်းသားကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ဖြစ်သဖြင့် လွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းရန် မရှိတော့ကြောင်း သတင်းထောက်များအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ကျောင်းသားသပိတ်နှင့် ပတ်သက်၍ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းကာ ဖြေရှင်းပေးပါရန် အရေးကြီး အဆိုကို မတ် ၉ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း၊ သို့သော်လက်ရှိအချိန်အထိ ဆွေးနွေးခွင့် မရရှိခဲ့ကြောင်း၊ ပထမတင်သွင်းထားသည့် အဆိုအား ဆွေးနွေးခွင့်မရမီ နောက်ထပ် အဆိုသစ်တစ်ခု ထပ်မံတင်သွင်းရန် အစီအစဉ် မရှိကြောင်း၊ ထို့ကြောင့် မတ် ၁ဝ ရက်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်နှိမ်နင်းမှုကို ရှုတ်ချကြောင်း အဆိုကို ထပ်မံတင်သွင်းမည် မဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အခြေအနေများကို စောင့်ကြည့်နေပြီး ပါတီ၏ မူဝါဒများအတိုင်းသာ ဆက်လက်ဆောင်ရွက် သွားရန်ရှိကာ လတ်တလော အရေးကြီးအဆို တင်သွင်းရန် မရှိသေးကြောင်း ဆိုသည်။

သို့ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို အတိုင်ပင်ခံ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ လွှတ်တော်မှ ရှုတ်ချပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အရေးကြီး အဆိုအား လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ၌ ထိုကဲ့သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အင်န်အယ်လ်ဒီပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်မှ ဦးအောင်သောင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတို့သည် ဥပဒေပြုခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည့်နည်းတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်တရားဥပဒေ စိုးမိုးရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ လွှတ်တော်အသီးသီးက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ တိုးတက်ကောင်းမွန် လျက်ရှိသည့် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကိုလည်းကောင်း ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုလွှတ်တော်သည် အမေရိကန်နိုင်ငံ၏ ဦးအောင်သောင်းအပေါ် ပိတ်ဆို့အရေးယူမှုအား ကန့်ကွက်ပါကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ပေါ်ပေါက်စေရန် ဖန်တီးလုပ်ကိုင်သူများနှင့် လုပ်ဆောင်မှုများကို ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်ခဲ့သည်။        
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template