Headlines News :
Home » » ဗကသ ကျောင်းသားခေါင်းဆောင် လေးဦးနှင့် သတင်းထောက်တစ်ဦး ထပ်အဖမ်းခံရ၊ လက်ပံတန်း ရဲတပ်ဖွဲ့ထံ လွှဲပြောင်း

ဗကသ ကျောင်းသားခေါင်းဆောင် လေးဦးနှင့် သတင်းထောက်တစ်ဦး ထပ်အဖမ်းခံရ၊ လက်ပံတန်း ရဲတပ်ဖွဲ့ထံ လွှဲပြောင်း

Written By လွင့်မောင်မောင် on Saturday, March 14, 2015 | 8:06 PM

ရန်ကုန်၊ မတ် ၁၃

လက်ပံတန်း ပင်မကျောင်းသားသပိတ် ဖြိုခွင်းရာတွင် လွတ်မြောက်လာသည့် ဗကသခေါင်းဆောင် လေးဦးနှင့် AFP သတင်းဌာနမှ သတင်းထောက်တစ်ဦးကို မတ်လ ၁၂ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူအချို့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျောင်းသားများကို လက်ပံတန်း ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း အလုံမြို့မ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက The Voice သို့ ပြောကြားသည်။

၎င်းတို့အားလုံးကို ဧည့်စာရင်းစစ်မည်ဟု ဆိုကာ အလုံမြို့မ ရဲစခန်းနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျောင်းသားများနှင့်အတူ ဖမ်းဆီးခံခဲ့ရသော AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်ကိုမူ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီကျော်တွင် အလုံမြို့မ ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရှိရသည်။

“အလုံရဲစခန်းက ဖမ်းဆီးတာ မဟုတ်ပါဘူး။ စစ်ဆေးဖို့ နေရာပေးရုံပါပဲ။ အခုတော့ ကျောင်းသားလေးဦးလုံးကို လက်ပံတန်းကို လွှဲပြောင်းပေးလိုက်ပါပြီ” ဟု အလုံမြို့မ ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောဆိုသည်။

ဗကသ ကျောင်းသားခေါင်းဆောင်များနှင့် AFP သတင်းထောက် ကိုဖြိုးဟိန်းကျော် နေအိမ်တွင် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မည်သည့်ပြစ်ချက်ဖြင့် ဖမ်းဆီးခံရမှန်း မသိကြောင်း ဖမ်းဆီးထိန်းသိမ်းခံရသော ကိုသီဟဝင်းတင်၏ မိခင်က ပြောကြားသည်။

လက်ပံတန်း ရဲတပ်ဖွဲ့က အလိုရှိနေသော ကျောင်းသားများဖြစ်၍ ဖမ်းဆီးရပြီးပြီးချင်း အလုံမြို့နယ်မှ လက်ပံတန်းသို့ လွှဲပြောင်းပို့ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ရှင်းပြသည်။

ကျောင်းသားများကို ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့ခြင်းဟု ပြောဆိုမှုနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ မည်သည့်ကျောင်းသားကိုမျှ ဖမ်းဝရမ်းထုတ်ထားခြင်း မရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးက ဖြေကြားခဲ့သည်။

လက်ရှိတွင် ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဘဏ္ဍာရေးမှူး မဟန်နီဦး၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသီဟဝင်းတင်နှင့် အဖွဲ့ဝင် ကိုထက်ညီညီအောင်တို့ကို မိသားစုဝင်များက မတ်လ ၁၃ ရက် နေ့လယ်ပိုင်းအထိ ဆက်သွယ်နိုင်ခြင်း မရှိသေးချေ။

မတ်လ ၁၀ ရက်နေ့လယ်က အကြမ်းဖက်ဖြိုခွင်းခံရပြီး သာယာဝတီထောင်တွင် ထိန်းသိမ်းထားသူများတွင် ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်များမှ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်နှင့် ကိုအောင်မှိုင်းဆန်းတို့ ပါဝင်ခဲ့ပြီး ကိုမင်းသွေးသစ်မှာမူ ရဲတပ်ဖွဲများ ဖမ်းဆီးစဉ်က ရိုက်နှိက်ခံရမှုများ ရှိကြောင်း ကျောင်းသားသမဂ္ဂများထံမှ စုံစမ်းသိရှိရသည်။

သို့သော် ပင်မကျောင်းသားသပိတ် ဖမ်းဆီးစဉ်က ဖမ်းဆီးခံခဲ့ရသော မြန်မာပို့စ်ဂျာနယ်မှ သတင်းထောက် ကိုဉာဏ်လင်းထွန်းနှင့် The Reporter ဂျာနယ်မှ ကိုဖြိုးအောင်မြင့်တို့ကို မတ်လ ၁၃ ရက် မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် သာယာဝတီထောင်မှ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း လက်ပံတန်းမြို့နယ် ရဲစခန်းက အတည်ပြု ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က သာယာဝတီထောင်တွင် ကျန်ရှိနေသေးသော ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများကို ရှေ့နေလိုက်ရန် ကမ်းလှမ်းချက်ကို ပဲခူးတိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်တို့က မတ်လ ၁၂ ရက်တွင် ပယ်ချခဲ့ကြောင်း ပြောဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှာရော ခုခံချေပပိုင်ခွင့် ပြုထားပြီးသား။ ရဲတပ်ဖွဲ့က ဖမ်းဆီးခံရတဲ့ အချိန်မှာရော ချုပ်ယမန်ယူတဲ့ အချိန်မှာဖြစ်ဖြစ် ရှေ့နေပါဝါပေးဖို့ အမှုသည်နဲ့ တွေ့ခွင့်ပြုရမှာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သာယာဝတီထောင်တွင် ကျန်ရှိနေသေးသော သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများကို ပုဒ်မခြောက်ခုဖြင့် မတ်လ ၂၅ ရက်တွင် တရားရုံးထုတ်ရန် ကြေညာထားကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်က ပြောကြားကြောင်း ၎င်းကဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာနက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖြစ်လျှင် မိဘထံ ပြန်လည်အပ်နှံပေးမည် ဖြစ်ကြောင်း၊ အခြားဆူပူအောင် လှုံ့ဆော်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။

ယင်းနောက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးကို မတ်လ ၁၂ ရက်တွင် သာယာဝတီထောင်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း လွတ်မြောက်လာသူများထံမှ သိရှိရသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template