ဓာတ်ပုံများ - တင်ထက်ပိုင် / The Irrawaddy |
ဥာဏ်ရဲနိုင်
အသက် (၂၁) နှစ်၊
Freelance Artist ၊
ပန်းချီအထူးပြု (တတိယနှစ်)၊ အနုပညာတက္ကသိုလ်၊ ရန်ကုန်မြို့။
ကျနော် လက်ရှိ အနုပညာအလုပ်တွေ တော်တော်များများလုပ်နေတယ်။ အဓိကကတော့ Graffiti ဆွဲတယ်။နောက် ပန်းချီကားတွေလည်း ရေးတယ်။ တခြားအနုပညာလှုပ်ရှားမှုတွေအနေနဲ့က အခု Photo Model စလုပ်နေတယ်၊ သိပ်မကြာသေးဘူး။ နောက် ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ ရှိတယ်။ ပြီးတော့ Fashion Focus အစီအစဉ်တွေမှာလည်းပါဖို့ရှိတယ်။ ရတီမဂ္ဂဇင်းမှာလည်း Photo Model အနေနဲ့ပါဖူးတယ်။
အဓိကကတော့ Graffiti ဆွဲတာပါ၊ Photo Model ကတော့ ဝါသနာအရ နည်းနည်းပါးပါးလုပ်တာပဲရှိတယ်။ Graffiti စဆွဲဖြစ်ခဲ့တာတော့ Graffiti Artist အာကာကျော်နဲ့ အတူတူစခဲ့တာလို့ ပြောရမယ်။ ပထမကတော့ ကျနော်တို့က ပန်းချီကျောင်းကဆိုတော့ ပန်းချီပဲဆွဲကြတာ။ နောက်ပိုင်းကျတော့ အိုဘားမားပုံမရေးခင် ကျနော်တို့ Graffiti စစမ်းမယ်ဆိုပြီး သုံးထပ်သားပြားတွေပေါ်မှာ စရေးကြည့်တယ်။ ပထမက အာကာကျော် စလုပ်တယ်။ ကျနော်ကတော့ ပန်းချီပဲဆက်ဆွဲဖြစ်တယ်။
နောက်ပိုင်းကျတော့ အာကာကျော်က အောင်မြင်သွားတော့ ကျနော့်ကို ပြန်ကြည့်တယ်။ Graffiti ဆိုတာ ဘယ်လိုမျိုးဆွဲရတယ်ဆိုပြီး ကျနော့်ကို ပြန်ပြီးပြောပြတယ်။ ကျနော် Graffiti ရေးဖြစ်တာ သူ့အကူအညီတွေ အများကြီးပါတယ်။ အဓိကကတော့ Graffiti ဆိုတာ နိုင်ငံခြားမှာဆိုရင်တော့ ပန်းချီပဲ။တကယ်တမ်းက နိုင်ငံခြား Graffiti ကို ပန်းချီဆရာကြီးတွေက ဆွဲတာ။ဒီမှာသာ လူငယ်တွေ လုပ်တယ်လို့ပဲ သိထားတာ။
ကျနော်က အခုပန်းချီပညာကို အခုလက်ရှိက ယဉ်ကျေးမှုတက္ကသိုလ်မှာ တတိယနှစ်တက်နေတယ်။ Graffiti အနေနဲ့က အရမ်းတော့ လှုပ်ရှားမှု မရှိသေးဘူး။ အရင်ကတော့ အာကာကျော်ဆွဲတဲ့နေရာတွေမှာ လိုက်လေ့လာတယ်။ ဆေးတွေ ဘာတွေ စမ်းကြည့်တယ်။ တယောက်တည်း Solo ဆွဲဖြစ်တာ သိပ်မကြာသေးဘူး၊ လပိုင်းပဲရှိသေးတယ်။ မန္တလေးမှာ ဆွဲဖြစ်တယ်၊ မူဆယ်မှာဆွဲဖြစ်တယ်၊ နောက် လက်ရှိဆိုရင် ဆိုင် Decorationတွေဆင်တယ်။ Tattoo ဆိုင်တွေ၊ Restaurant တွေ၊ Bar တွေမှာ Background နံရံတွေဆွဲတယ်။ အခုလက်ရှိက လက်ခံထားတာ သင်္ကြန်မှာမဏ္ဍပ်တွေဆွဲဖို့ ရှိတယ်။နောက်ပြီး Bar တွေမှာပုံဆွဲဖို့ လက်ခံထားတယ်။
လမ်းဘေး Street က ထွက်မဆွဲဖြစ်တာတော့ ကြာပြီ။ မူဆယ်မှာဆိုရင် Street ဆွဲတာ၊ လမ်းဘေးမှာထွက်ဆွဲခဲ့တာ။ လမ်းဘေးမှာထွက်ဆွဲဖို့ တခုဆိုးတာက ကျနော်တို့ ဒီမှာက Official ခွင့်ပြုချက် မရသေးတော့ Government ပိုင်တဲ့ နံရံဆိုထိလို့မရဘူး။ Government ပိုင်တာမဟုတ်ဘူးဆိုရင်တောင် ပိုင်ရှင်က ခွင့်မပြုဘူးဆိုရင် ကျနော်တို့ ဆွဲလို့ မရဘူး။ အဲဒီအခါကျတော့ Street က ထွက်ဆွဲဖြစ်တာနည်းတယ်။ဆွဲတော့ ဆွဲဖြစ်ပါတယ်။ Street မှာတော့ များသောအားဖြင့် ကိုယ့်လက်မှတ်တခုကိုပဲ ဖောင့်အမျိုးမျိုးနဲ့ ရေးကြတယ်။ လက်မှတ်မဟုတ်ရင်တောင် စာသားတခုခု၊ အဲလိုမျိုးပဲ ရေးကြတာများတယ်။
ကျနော်ကများသောဖြင့် Graffiti ကို 3D ပုံတွေဆွဲတယ်။ တချို့ကကျတော့ လူပုံ Figure တွေရေးတယ်။ တချို့က ကျတော့ Font တွေ ချည်းပဲရေးတယ်။ အဲဒါက ကိုယ့်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ ကွဲသွားတယ်။ Mood လည်း ကွာတာပေါ့။ ပန်းချီကားတချပ်ကို စာရွက်ပေါ်မှာ ရေးမယ့်အစား ကျနော်တို့က နံရံပေါ်မှာတင်လိုက်တယ်။
Graffiti ပညာနဲ့ ပတ်သက်ပြီးကျနော်ဘယ်လိုလေ့လာဖြစ်လဲဆိုတော့ အခု Update က အွန်လိုင်းမှာလေ့လာတယ်။ နောက် Mobile Library ဆိုတာရှိတယ်။ အဲဒီမှာ Graffiti နဲ့ ပတ်သက်တဲ့ စာအုပ်တွေရှိတယ်။ Graffiti နဲ့ ပတ်သက်တဲ့ စာအုပ်တွေက နိုင်ငံခြားသွားမှပဲ ဝယ်လို့ရမှာပဲ။ Myanmar Book Center မှာလည်းမရှိဘူး၊ မရှိတော့ အွန်လိုင်းကနေပဲ ကိုယ်အားကျတဲ့ Graffiti တွေရဲ့ Wall တွေဝင်ကြည့်၊ သူတို့ Website တွေ ဝင်ကြည့်ပြီး သူတို့ဆွဲတာတွေ ဝင် လေ့လာတယ်။ အာကာကျော်တို့ Oversea တွေဘာတွေ ထွက်လို့ စာအုပ်ဝယ်လာရင်လည်း အဲဒီကနေ လေ့လာတယ်။
Graffiti က ဘယ်လိုဆွဲရတာလဲဆိုတာ ပုံသေနည်းကြီးနဲ့ စာအုပ်တွေ မထွက်သေးတော့ ကိုယ့်ဘာသာကိုယ် စမ်းဆွဲ၊ စမ်းလုပ်ကြည့်ရတယ်။ အဓိကက Materials တွေ ဘယ်လိုသုံးတယ်ဆိုတာပဲ လေ့လာလို့ ရတယ်။
ကျနော့်ရဲ့ Future Plan က အခုလက်ရှိ လာမယ့် ၁၁ လပိုင်းမှာကျနော် Two Men Show လုပ်မယ်။ Two Men Show က မန္တလေးမှာရှိတဲ့ ပန်းချီဆရာမတယောက်နဲ့ နှစ်ယောက်ပေါင်းပြီး ကျနော် ပန်းချီကားတွေ ပြမယ်။ ၂၀၁၆ တလပိုင်းမှာ ကျနော့် One Man Show ရှိမယ်။ အဲဒီမှာပန်းချီရယ်၊ 3Dရယ်၊ Graffiti ရယ် ၃ခု ပြမယ်။ လတိုင်းလိုလို Group Show တွေ တောက်လျှောက်လုပ်နေပါတယ်။ ဒီကြားထဲမှာ Photo Model အနေနဲ့လည်းကျနော် Show တွေလျှောက်ဖို့ရှိတယ်။ ပြိုင်ပွဲတွေ ဝင်ဖို့ရှိတယ်။
နောက်ပြီးကျနော် တလတခါ ပန်းချီဆရာတယောက်၊ နှစ်ယောက်နဲ့ ပေါင်းပြီး မိဘမဲ့ကလေးကျောင်းတွေမှာ ပန်းချီ သွားသင်ပေးနေတဲ့ အစီအစဉ်တွေလည်းရှိပါတယ်။ အနုပညာအလုပ်အပြင်တော့ တခြားဟာလုပ်ဖို့ စိတ်ကူးမရှိဘူး၊ စိတ်ကူးမရှိဘူးဆိုပေမယ့် Business ပိုင်းတခုခုတော့ လုပ်ချင်တယ်။ အဲဒါကလည်းအနုပညာနဲ့ မကင်းတဲ့၊ ဥပမာ-Gallery တခုလိုချင်တယ်။အဲဒီ Art Gallery မှာပဲကလေးတွေအတွက် ပန်းချီသင်တန်း ဖွင့်မယ်၊ အဲဒီမှာပဲ ပန်းချီပစ္စည်းတွေနဲ့ Graffiti အတွက် လိုအပ်တဲ့ ပစ္စည်းတွေ နိုင်ငံခြားကနေကိုယ်တိုင်သွင်းပြီးရောင်းချင်တယ်။
Graffiti ကိုအခုနောက်ပိုင်းလူငယ်တွေ စိတ်ဝင်စားလာတဲ့အပေါ် ဘယ်လိုမြင်မိလဲဆိုရင် ကောင်းပါတယ်။ အဓိကလည်း အဲဒီလို Graffiti ကို စိတ်ဝင်စားတဲ့ လူငယ်တွေများလာမှလည်းအဲဒါနဲ့ ပတ်သက်ပြီး Activities တွေ၊ ပွဲတွေ လုပ်လို့ ရမှာလေ။ ကိုယ်တယောက်တည်း တော်နေတတ်နေလို့လည်း ပွဲတွေ ထလုပ်လို့မရဘူး။ အားပေးတဲ့သူတွေရှိမှ ကျနော်တို့ လုပ်လို့ရမှာဆိုတော့ အားပေးမှုများလေ ကျနော်တို့အတွက် ကောင်းလေပါပဲ။
ကျနော် ၂၀၁၄ World Peace Day တုန်းက World Peace Day ကို ကြိုဆိုတဲ့အနေနဲ့ လှိုင်သာယာ၊ FMI ထဲက ခြံတခြံရဲ့ နံရံမှာပိုင်ရှင်ရဲ့ ခွင်ပြုချက်နဲ့ ဆွဲခဲ့တယ်။ Peace နဲ့ ပတ်သက်ပြီး အများကြီးလုပ်ဖြစ်တယ်။ မူဆယ်မှာဆွဲခဲ့တာလည်း PEACE ဆိုတဲ့ စာလုံးကို နံရံနှစ်ခုမှာဆွဲခဲ့တာ။ ကချင် - မူဆယ်နယ်စပ်ပေါ့။ အဲဒီသွားတုန်းကလည်း အဲဒီက Refugee ကလေးတွေကို ပန်းချီသင်ပေးခဲ့တယ်။ အဲဒီလို Peace နဲ့ ပတ်သက်ပြီးဆွဲရတဲ့အတွက် စိတ်ခံစားချက်က ဘယ်လိုရှိလဲ ဆိုတော့ ကိုယ်ဆွဲလိုက်တဲ့အတွက် အနည်းနဲ့အများသူတို့ စိတ်ဒဏ်ရာပပျောက်သွားတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဝမ်းသာတယ်။
တချို့တွေကတော့ ပြောကြတယ်၊ နိုင်ငံရေးနဲ့ ဆက်နွယ်လာလို့ရှိရင် အဲဒါအနုပညာမဖြစ်ဘူးတဲ့။ ဒါဆိုရင် နိုင်ငံတော် သီချင်းကကော အနုပညာမဖြစ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံရေးဆိုတာကလည်း အနုပညာသမားတွေရဲ့ အရေးပဲလေ။ အဲဒီတော့ လုပ်နေရမှာပဲ။ စစ်ပွဲတွေ မရှိဖို့ရော၊ အားလုံးငြိမ်းချမ်းဖို့ရော အနုပညာဘက်ကနေတဖက်တလမ်းက ကျနော်တို့ တတ်နိုင်သလောက် လုပ်ပေးရမယ်။
သီဟတိုး