ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ အစိုးရခွင့်ပြုချက်နဲ့ အကျိုးတူကုမ္ပဏီတွေတည် ဆောက်ကြမယ့် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ကြပါတယ်။
ဧပြီလ ၆ ရက်နေ့က ရေအားလျှပ်စစ်စီမံကိန်း Australia’s Snowy Mountain Engineering Corporation (SMEC) က အတိုင်ပင်ခံအကြံပေးအဖွဲ့ဝင် ၁၀ ယောက်ကျော် မိုင်းတုံမြို့ကို ရောက်ရှိလာပြီး ဒေသခံတွေနဲ့ မြို့လည်ဓမ္မာရုံမှာ တွေ့ဆုံရှင်းလင်းရာမှာ ဒေသခံတွေက ပြန်လည်ကန့်ကွက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တိုင်ဆန္ဒပြခဲ့သူ ဒေသခံ နန်းအုန်းရင်က “မနေ့တုန်းက ရေအားလျှပ်စစ်စီမံကိန်း အတိုင်ပင်ခံအဖွဲ့နဲ့ လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေပါ ကျမတို့ မိုင်းတုံကို ရောက်လာကြပါတယ်ရှင့်။ သြစတေးလျက နိုင်ငံခြားသား ၂ ယောက်လဲပါတယ်၊ သူတို့က ရေကာတာတည်ဆောက်ရင် လျှပ်စစ်မီးတွေ ရမယ်၊ အလုပ်အကိုင်တွေရမယ် ဘာညာနဲ့ ကောင်းကြောင်းတွေချည်း ပြောသွားတယ်။ လာရှင်းပြတာပေါ့။ ဒါပေမယ့် ကျမတို့ ဒေသခံတွေကလည်း ဓမ္မာရုံမှာဘဲ သူတို့ကို ကန့်ကွက်ဆန္ဒပြလိုက်တယ်”လို့ ဒီဗွီဘီ ကို ပြောပါတယ်။
စီမံကိန်းညှိနှိုင်းရေးကာလ တိုတောင်းတဲ့အတွက် မအောင်မြင်နိုင်ကြောင်း၊ ဒီစီမံကိန်းကြောင့် သူတို့ဒေသမှာ ရေလွှမ်းမိုးမှာ၊ ကျေးရွာအမွေအနှစ် စေတီပုထိုးတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်မကင်းဖြစ်ကြောင်း၊ တပြည်လုံးငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး တိုင်းပြည်ငြိမ်းချမ်းမှ စီမံကိန်းဆောင်ရွက်သင့်ကြောင်း စတဲ့အချက်တွေပါတဲ့ ရွာသားတွေရဲ့ သဘောထားကို စီမံကိန်းအတိုင်ပင်ခံအဖွဲ့ထံ ပေးအပ်ခဲ့တယ်လို့သူက ပြောပါတယ်။
စီမံကိန်းအတိုင်ပင်ခံအဖွဲ့ကလည်း ရွာသားတွေရဲ့ တင်ပြချက်တွေကို တာဝန်ရှိသူတွေထံ ဆက်လက်တင်ပြပေးမယ်လို့ ကတိပြုပြောကြားခဲ့တယ်လို့ နန်းအုန်းရင်က ပြောပါတယ်။
မနေ့က လူထုရှင်းလင်းပွဲကို မွန်းတည့်ချိန်မှာ ကျင်းပခဲ့ပြီး မိုင်းတုံမြို့နယ်တွင်း နားကောင်းမူး၊ ပုံပါကျင် အစရှိတဲ့ ဒေသက ရွာသားတွေပါ စုစုပေါင်း အင်အား ၁၀၀ ကျော် တက်ရောက်ကန့်ကွက်ခဲ့ပါတယ်။
မိုင်းတုံမြို့နဲ့ ၁၉ ကီလိုမီတာအကွာ ဆာလဲကျေးရွာအုပ်စုထဲမှာ ပါဝင်နေတဲ့ မိုင်းတုံရေကာတာ ကို တည်ဆောက်ပြီးစီးမယ်ဆိုရင် သံလွင့်မြစ်ပေါ်မှာ အကြီးဆုံးရေကာတာဖြစ်လာမှာဖြစ်ပါတယ်။ ဒီရေကာတာကနေ လျပ်စစ်မီဂါဝပ် ၇၀၀၀ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို ရောင်းချမှာဖြစ်ပါတယ်။
ဒီရေကာတာကို တရုတ်နိုင်ငံက Three Gorges Corporation၊ China Southern Power Grid၊ Sinohydro၊ ထိုင်းနိုင်ငံက the Electricity Generating Authority နဲ့ the International Group of Entrepreneurs Co. (Myanmar) တို့ ဖက်စပ်ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်ပါတယ်။
DVB