Headlines News :
Home » » ရန်ကုန်တိုင်း စုပေါင်းတရားရုံးကြီးကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံရှေ့နေများကွန်ရက်က သုံးကြိမ်မြောက် တရားစွဲဆိုမှုကို ယခင်လို အကြောင်းပြချက်မရှိဘဲ ပယ်ချပါက လုံးဝလက်သင့်မခံဟု ရှေ့နေများကွန်ရက် ပြောကြား

ရန်ကုန်တိုင်း စုပေါင်းတရားရုံးကြီးကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံရှေ့နေများကွန်ရက်က သုံးကြိမ်မြောက် တရားစွဲဆိုမှုကို ယခင်လို အကြောင်းပြချက်မရှိဘဲ ပယ်ချပါက လုံးဝလက်သင့်မခံဟု ရှေ့နေများကွန်ရက် ပြောကြား

Written By လွင့်မောင်မောင် on Monday, April 6, 2015 | 3:18 PM

ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသည့် ရန်ကုန်တိုင်းစုပေါင်းတရားရုံးကြီးကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ပါဝင်ပတ်သက်သူများကို မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ သုံးကြိမ်မြောက် တရားစွဲဆိုမှုကို ယခင်အကြိမ်များကဲ့သို့ အကြောင်းပြချက်မရှိဘဲ ပယ်ချလာပါက လုံးဝ လက်သင့်မခံနိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဧပြီ ၄ ရက်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ Flying Tiger Engineering co,Ltd.နှင့် Frime Residence co,Ltd တို့ကို  မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ယခင်က နှစ်ကြိမ်တိုင် တရားစွဲဆိုခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ အမှုလက်ခံဌာနမှ အကြောင်းပြချက်မရှိဘဲ ပယ်ချခဲ့သည်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် ဧပြီ ၃ ရက်တွင် တတိယအကြိမ်မြောက် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် ယခင်ကကဲ့သို့ အကြောင်းပြချက်မရှိဘဲ ပယ်ချခဲ့ပါက လုံးဝ လက်သင့်မခံနိုင်ကြောင်း ရှေ့နေများကွန်ရက်မှ ဦးကြီးမြင့်က ပြောကြားသည်။

ဦးကြီးမြင့်က“ကျွန်တော်တို့ မနေ့မနက်ပိုင်းက တရားစွဲဖို့အတွက် အမှုသွားတင်ခဲ့ပါတယ်။ အရင်နှစ်ကြိမ်စွဲတုန်းက အကြောင်းပြချက်မရှိဘဲ လက်မခံဘူး။ ဘာလိုအပ်ချက် ရှိတယ်ဆိုတာလဲ မပြောဘူး။ ဒါကြောင့် ဒီတစ်ခါ ဘာမှလိုအပ်မှုမရှိအောင် လုပ်ပြီး သုံးကြိမ်မြောက် တရားစွဲတာဖြစ်တယ်။ ငါးသိန်းတန် တံဆိပ်ခေါင်းကပ်ပြီး စွဲတာဖြစ်တယ်။ ပုံမှန်ဆို တရားသူကြီးက လက်ခံမခံ အမိန့်ချရမှာ။ ခုတစ်ခါတော့ အရင်ကလို လုပ်ခဲ့ရင်တော့ လုံးဝလက်သင့်မခံဘူး။ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည်သူတွေကို ရှင်းပြမယ်” ဟု ပြောကြားသည်။

ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး အဆောက်အအုံကြီးကို ဗြိတိသျှကိုလိုနီခေတ်ဖြစ်သည့် ၁၉၂၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးခါစ အချိန်တွင်လည်း လူမျိုးစုလွှတ်တော်(အထက်လွှတ်တော်) ဟူ၍ လွှတ်တော်အစည်းအဝေးများလည်း ခေါ်ယူခဲ့သည့်သမိုင်းများရှိပြီး ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခံခဲ့ရသည့် အဆောက်အအုံဖြစ်သည်။

ထိုသို့ သမိုင်းဝင်တရားရေးဆိုင်ရာ အဆောက်အအုံကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်မှုကြောင့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာနှင့် ၂ဝ၁၄ ခုနှစ် မေလတွင် နှစ်ကြိမ်တိုင် ဆန္ဒပြခဲ့ဖူးသည်။ သို့သော် အကြောင်းမထူးသဖြင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့ တွင် နှစ်ကြိမ်တိုင် တရားစွဲရန် စီစဉ်ခဲ့သော်လည်း အမှုလက်ခံဌာနမှ အကြောင်းပြချက်မရှိဘဲ ပယ်ချခဲ့ကြောင်း တရားလိုတရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

၎င်းက“၂ဝ၁၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်းမှာ နှစ်ခါတင်တယ်။ နှစ်ကြိမ်လုံးကို ပယ်ချခဲ့တယ်။ ဒီအစိုးရလက်ထက်မှာ စွဲမရရင် နောက်အစိုးရလက်ထက်ကျရင်လည်း စွဲမယ်။ သူတို့အနေနဲ့ အဲဒီလိုလုပ်ပိုင်ခွင့်ကို မရှိဘူး။ တံဆိပ်ခေါင်း ငါးသိန်းကပ်ပြီး တင်တာကို လက်မခံဘူးဆိုတာ အမှုလက်ခံတဲ့ဌာနမှာ လုပ်ပိုင်ခွင့်ကို မရှိဘူး” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊  Flying Tiger Engineering Co,Ltd.နှင့် Frime Residence Co, Ltd တို့ကို  မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားဥပဒေကြောင်းအရ တရားမမှုအမှတ် ပုဒ်မ ၄၂ ဖြင့် တရားစွဲဆိုရန် စီစဉ်ခြင်းဖြစ်သည်။  

ဉာဏ်ဝင်းရှိန် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template