ဧပြီ ၇ ရက် နောက်ဆုံးထားကာ ကန့်ဘလူ လယ်သမားအရေး အမှုတွဲများစွာအား နှစ်ဖက်သဘောတူ ကတိက၀တ်စာချုပ် ချုပ်ဆိုမှုတွင် တရားစွဲခံ မူလတောင်သူ ၂၁ ဦးက စာချုပ်ကို လက်မခံဘဲ ငြင်းဆန်ခဲ့ကြောင်း သတင်းရရှိသည်။ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် လတ်တလော တရားရင်ဆိုင်နေရသည့် တောင်သူ ၁၂၉ ဦးအနက် ၁၀၈ ဦးမှာ အချက်ငါးချက်ပါဝင်သော ကတိက၀တ် စာချုပ်အရ အမှုတွဲများကို ကျေအေးပိတ်သိမ်းခဲ့ခြင်း ဖြစ်သော်လည်း အမှုတွဲများမှာ မျှော်လင့်ထားသကဲ့သို့ အလုံးစုံပြီးဆုံးသွားခြင်း မရှိခဲ့ပေ။
“တောင်သူ ၁၀၈ ဦးကတော့ ဒီအမှုတွဲတွေကို ပိတ်သိမ်းဖို့ ကတိက၀တ်စာချုပ်မှာ လက်မှတ်ရေးထိုး ပြီးပါပြီ။ ကျန်တဲ့ ၂၁ ဦးကတော့ စာချုပ်ကို လက်မခံခဲ့ဘူး။ သူတို့တွေ ဆက်ပြီး အမှုရင်ဆိုင်ကြရပါဦးမယ်။ တစ်ဖက်က သဘောတူညီမှု ကတိက၀တ် စာချုပ်အတွက် ဧပြီ ၇ ရက်ကို နောက်ဆုံးထား သတ်မှတ်ခဲ့တယ်” ဟု တရားစွဲခံ တောင်သူများ၏ရှေ့နေ ဦးဝေလင်းအောင်က ပြောကြားသည်။
စာချုပ်ကို လက်မခံဘဲ ငြင်းဆန်ခဲ့သော တောင်သူ ၂၁ ဦးအနက် သုံးဦးမှာ လက်ရှိ ထောင်ဒဏ်ကျခံနေကြရသူများဖြစ်ပြီး ယင်းတို့ကို ကတိက၀တ် စာချုပ်အကြောင်း ဆက်သွယ်ပြောဆိုရန် မိသားစုဝင်များ အနေဖြင့် ငွေကြေးမှအစ အဘက်ဘက်တွင် အဆင်မပြေမှုများ ရှိနေခြင်းက အဓိက ပြဿနာတစ်ရပ်ဖြစ်ကြောင်း သိရသည်။
“ဦးထွန်းနိုင်၊ ဦးမြလင်းနဲ့ ဦးမြင့်အောင်တို့က ရပ်ဝေးနယ်ဝေးမှာ ထောင်ကျနေကြတယ်။ ဒီစာချုပ်ကို သူတို့မသိဘူး။ သူတို့မသိဘဲ ကျွန်တော်တို့ အနေနဲ့လည်း ဒါကို သဘောမတူနိုင်ဘူး။ သူတို့သိအောင် ပြောဖို့က မိသားစုဝင်တွေ အနေနဲ့ ငွေရေးကြေးရေးကအစ သွားဖို့လာဖို့လည်း အဆင်မပြေဘူး။ စာချုပ်ကို သဘောမတူတာမှာ ပေကြီးရွာက တောင်သူ ၁၄ ဦးနဲ့ ငှက်ပျောတိုင်းရွာက ခုနစ်ဦးပါ” ဟု ပေကြီးကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် ကတိက၀တ်စာချုပ်ပါ အချက်အလက်များကို သဘောတူလက်မှတ် ရေးထိုးရာ၌ တရားစွဲခံ တောင်သူများက စိုးရိမ်စိတ်ရှိနေပြီး ရွေးချယ်စရာ မရှိတော့သည့် ဘ၀ရပ်တည်မှု အနေအထားကြောင့်သာ လက်ခံခဲ့ရကြောင်းလည်း ဆိုသည်။
“ကိုယ်ဘာမှ မကျူးလွန်ခဲ့ဘဲနဲ့ ဒီအမှုတွဲတွေမှာ ပါခဲ့တယ်။ ရုံးချိန်းတွေကြောင့် မိသားစုလိုက် ကိုယ်ရောစိတ်ပါ ချုံးချုံးကျခဲ့ရတယ်။ အခု အမှုပိတ်သိမ်းတာမှာ ကိုယ်ကထွန်တုံး ပြန်တိုက်ခဲ့ရင် အမြင့်ဆုံးပြစ်ဒဏ် ကျခံရမယ်လို့ ပြောတယ်။ ကိုယ်တကယ် မကျူးလွန်ဘဲနဲ့ ထပ်ပြီးတရားစွဲခံရရင် ဘယ်လိုလုပ်မလဲ။ နေရတာက ကျီးလန့်စာစား ဖြစ်နေပြီ” ဟု ခအုံးတာကျေးရွာမှ တောင်သူဒေါ်စန်းက ပြောကြားသည်။
တောင်သူများဘက်မှ စိုးရိမ်နေမှုအပေါ် တစ်ဖက် တာဝန်ရှိသူများက ထိုကဲ့သို့ စိုးရိမ်ရန် မလိုကြောင်း၊ ပြဿနာများ ပေါ်ပေါက်လာပါက စနစ်ကျသော စိစစ်ဆောင်ရွက်မှု ပြုပ်မည်ဟု ကတိပေးခဲ့ကြောင်းနှင့် အမှုတွဲ အချို့တွင် လာရောက် လက်မှတ်ရေးထိုးရန် ပျက်ကွက်ခဲ့သူ အနည်းငယ်ကိုလည်း အမှုကျေအေးပေးခဲ့ကြောင်း ရှေ့နေဦးဝေလင်းအောင်က ဆိုသည်။
ထို့ပြင် ဆက်လက် တရားရင်ဆိုင်ရဦးမည့် တောင်သူများသည် အခကြေးငွေမယူသော ဥပဒေပညာရှင်များ၏ အကူအညီကို ဆက်လက်ရရှိရန်ပင် အခက်အခဲ ကြုံတွေ့ရဖွယ် ရှိနေပြီး ရုံးချိန်းအပတ်စဉ် များလာလေ အကြွေးနွံ ပိုနစ်လာလေ ဖြစ်နေကြောင်းလည်း စုံစမ်းသိရသည်။
“ဒီအမှု ဖြစ်စဉ်တွေမှာ ကျွန်တော်တို့ အနေနဲ့ အခကြေးငွေမယူဘဲ တောင်သူတွေဘက်က ကူညီခဲ့တာပါ။ လမ်းစရိတ်အနေနဲ့ သူတို့ငွေလေးတွေကို စုပေါင်းပေးကြတယ်။ အခုလို ၂၁ ယောက်တည်း ကျန်တဲ့အချိန်မှာ လမ်းစရိတ်ရှာပေးဖို့ကို သူတို့ အခက်အခဲ တွေ့ကြတော့မှာ။ ဒါပေမဲ့ ဆက်ပြီး ကူညီနိုင်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ” ဟု တောင်သူများအတွက် တရားခွင် လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေက ပြောကြားသည်။
ကျန်ရှိသည့် အမှုတွဲများကို ဧပြီ ၂၄ ရက်တွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး မြေယာပြဿနာ ဖြေရှင်းပုံ စနစ်မကျမှုကြောင့် မြေသိမ်းခံ တောင်သူများစွာသည် နိမ့်ကျပြီးရင်း နိမ့်ကျသော အနေအထားတစ်ရပ်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။
ရဲရင့်အောင် Eleven Media Group