
ရန်ကုန်တက္ကသိုလ်အတွင်းသို့ သြဂုတ်၁ရက်မှစတင်ကာ မော်တော်ယာဉ်များ ပြန်လည်ဝင်ထွက်ခွင့်
ပြုခဲ့ကြောင်း သတင်းရရှိသည်။ တက္ကသိုလ်ကျောင်းဝင်းအတွင်း မော်တော်ယာဉ် ဝင်ထွက်ခွင့်ကို ကန့်သတ်ထားခဲ့ရာမှ ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လမှ စတင်ကာ ကိုယ်ပိုင်ယာဉ်များအပြင် အငှားယာဉ် စီးတီးတက္ကစီကိုလည်း ပြန်လည်ဝင်ထွက်ခွင့် ပြုလိုက်ပြီဖြစ်သည်။ “အဓိပတိလမ်းကြီးကို ပြန်ဖွင့်ပေးလိုက်တာပါ။ အရင်က ကိုယ်ပိုင်ယာဉ်တွေပဲ ဝင်ထွက်ခွင့်ရတယ်။ တက္ကစီတွေ ဝင်လို့မရဘူး။ နောက်တော့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေဆိုရင် ကတ်ပြားပြပြီး ပြောဝင်လို့ရတယ်။ အခုတော့ လုံးဝကို ဖွင့်လိုက်ပါပြီ။ အဲဒီအတွက် ကားဝင်လို့ရသွားတော့ ကျောင်းထဲသွားရတာ တော်တော်ကို အဆင်ပြေသွားတယ်။ အရင်က လမ်းလျှောက်ရတာ မလွယ်ဘူး။ အခုတော့ ကျောင်းထဲက အဆောင်တွေရယ်၊ ကျောင်းသားရေးရာတို့ကို သွားရတာ အဆင်ပြေသွားတယ်” ဟု ဘွဲ့လွန်သင်တန်းသား တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။