ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ လ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲပြီး မှားယွင်းပစ်ခတ်မှုကြောင့် ကျောင်းဆင်းပြန်လာသော န၀မတန်း ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန် သည် ၎င်းတက်ရောက်နေသည့် ဖားကန့်အထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ်လမ်း၌ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပါသည်။
“ဆွတ်ငိုင်ယန်ရွာ အရှေ့ဘက်ပိုင်း ကို စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်း ရောက်လာတယ်။ ညနေပိုင်း စစ်ကြောင်းပြန်အထွက်မှာ ဗုံးတစ်လုံးကွဲတယ်။ နောက်အပြန်အလှန် ပစ်ခတ်ကြတာပဲ။ ရွာသူရွာသားနဲ့ ကျောင်းသူတွေ ခုနစ်၊ ရှစ်ဦးလောက် ထိခိုက်ဒဏ်ရာ ရလို့ ဖားကန့်ဆေးရုံမှာ ကုသမှုခံ ယူနေပါတယ်”ဟု ဖားကန့်မြို့ခံတစ်ဦးက စက်တင်ဘာလ ၁၄ ရက်နေ့ က ပြောပြသည်။
ပြည်တွင်းစစ်ကြောင့် မြေစာပင်သဖွယ် ထိခိုက်ခံစားနေရသည့် ဒေသခံများသည် စစ်၏သက်ရောက်မှုများကို ပြီးဆုံးစေလိုသည့် ဆန္ဒများရှိနေကြပြီး ယခုကွယ်လွန်ခဲ့သည့်ကျောင်းသူ မဂျာဆိုင်းအိန် သည် နောက်ဆုံးသေဆုံးခဲ့သော မြေစာပင်သာဖြစ်စေလိုသော မျှော်လင့်မှုများလည်း ရှိနေ . . . |
ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွား ခဲ့ပြီး တစ်နှစ်ကျော်ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကာလအတွင်း သေဆုံးခဲ့ရသော မြေစာပင်များတွင် အသက် ၁၄ နှစ်အရွယ်မျှသာ ရှိသေးသည့် မဂျာဆိုင်းအိန်လည်း ပါဝင်လာခဲ့ပါသည်။
“ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့အချိန် မှာ ရပ်ကွက်သူ၊ ရပ်ကွက်သား အားလုံးကို ခေါ်ထုတ်ပြီး ယောက်ျားနဲ့ မိန်းမသပ်သပ်စီ ခွဲထားလိုက်တယ်။ ပြီးတော့ ဦးဘရန်ရှောင်ဆိုတာ ဘယ်သူလဲလို့မေးပြီး ကျွန်တော့်ကို ခေါ်ထုတ်သွားတယ်။ နောက်ပြီး မီးဖိုချောင်လေးမှာ ရဲဘော်နှစ်ယောက်နဲ့ ကျွန်တော့်သမီးကို ဒဏ်ရာတွေနဲ့ တွေ့ရတာပဲ”ဟု သေဆုံးသူ မဂျာဆိုင်းအိန်၏ ဖခင် ဦးဘရန်ရှောင်က Eleven Media သို့ ပြောပြသည်။
“ကျွန်တော်က စစ်ကြောင်းမှူး ကို ဆေးရုံပို့ချင်တယ်ဆိုတော့ ကျွန်တော်တို့ စစ်ကြောင်းထွက်မှ ပို့ပါလို့ သူက ပြောပါတယ်။ တကယ်တော့ ကလေးက သွေးလွန်လို့ သေရတာ။ သူတို့ထွက်သွားမှ ရပ်ကွက်က ကားအကူအညီနဲ့ ဆေးရုံကိုပို့ရတာ။ ဆေးရုံရောက်တော့ ညနေ ၆ နာရီကျော် ပြီ”ဟု ဦးဘရန်ရှောင်က ဆက်လက် ပြောပြသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေး ထိုးခဲ့သည်။ နှစ်ပေါင်း ၁၇ နှစ်အကြာ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဖြစ်ပြီးနောက်ပိုင်း၌ မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်များတွင်ပါ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာခဲ့သည်။
ကျောက်စိမ်းတူးဖော်ရေးလုပ် ငန်းများ အဓိကလုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌ လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။
ပစ်ခတ်မှုများ ဖြစ်ပွားစဉ်အတွင်း မဂျာဆိုင်းအိန် ပုန်းခိုခဲ့သော အိမ်ခြံဝင်းကို စက်တင်ဘာလ ၁၅ ရက်နေ့ ညကတွေ့ရစဉ်
“ဖားကန့်မြို့ပေါ်မှာ ဒုက္ခသည် စခန်း၃၉ခုရှိပါတယ်။ အဲဒီစခန်းတွေကို ဒီနေ့မှာပဲ လုံခြုံရေးအခြေအနေ အရ ၀င်ရောက်ခိုလှုံသူတစ်သောင်းကျော်လောက် ရှိလာပြီလို့ သိရပါတယ်”ဟု ဖားကန့်မြို့သို့ ရောက်ရှိနေသော Eleven Media Group ၏ သတင်းထောက်က ပြောပါသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ညပိုင်းအချိန်များတွင် မြို့ပေါ်၌ လူသွားလူလာ မရှိတော့ကြောင်းလည်း ဒေသခံများက ပြောပြသည်။
ထို့အပြင်ဖားကန့်ဒေသ၌ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း က ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များထံမှ သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။
အခင်းဖြစ်ပွားသည့် နေရာကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက တွေ့ရစဉ် ဓာတ်ပုံ- ထွန်းလင်းအောင် (မြစ်ကြီးနား)
လက်ရှိအချိန် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းအထိ ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ဖားကန့်မြို့၌ တိကျသော သတင်းထုတ်ပြန်မှုများ မရှိသေးပေ။
“ဘာမှအပြစ်မရှိတဲ့ ကျွန်တော့် သမီး အခုလို သေဆုံးရတဲ့အတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်”ဟု မဂျာဆိုင်းအိန်၏ ဖခင် ဦးဘရန်ရှောင်က ပြောကြားသည်။
“ဒီကိစ္စကို ဒေသအစိုးရအနေနဲ့ ကူညီမှု၊ ဆက်သွယ်မေးမြန်းမှု၊ ဘာတုံ့ပြန်မှုမှမရှိဘူး။ ဒီနေ့ နာရေးချတာ လူမှုရေးအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ချခဲ့ရတာ” ဟု ၎င်းက ဆက်လက်ပြောပြသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆွတ်ငိုင်ယန်အနီး ၀န်းကျင်မှ ဒေသခံများသည် လုံခြုံရေး အခြေအနေအရ နေထိုင်ရာနေ အိမ်များမှ တိမ်းရှောင်ခြင်းများရှိ လာခဲ့သည်ဟု ဆွတ်ငိုင်ယန်မှ ဒေသခံတစ်ဦးက ပြောပြသည်။
ဒဏ်ရာများနှင့် မဂျာဆိုင်းအိန်ကို ၎င်း၏မိဘများအား ပြသသည့်နေရာ
စစ်ဖြစ်ပွားလျက်ရှိသည့်ကာ လအတွင်း ကလေးငယ်များသည် စာသင်ကျောင်းများ၌ ပညာကောင်း စွာ မသင်ကြားနိုင်မှုများ၊ တောင်ယာ နှင့် လယ်ယာအလုပ်ကို အဓိကထား လုပ်ကိုင်သော ဒေသခံများ၏ စား ၀တ်နေရေးအခက်ကြုံမှုများ၊ ဒုက္ခ သည်စခန်းများတွင် မှီခိုနေထိုင်ရမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှု လိုအပ်နေခြင်းများစသည်တို့ကို ကြုံတွေ့နေရသည်ဟု လူမှုကူညီရေး လုပ်ဆောင်နေသူများက ပြောပြသည်။
“အခု ဖြစ်နေတဲ့ ပြည်တွင်းစစ်ကာလအတွင်း ကျွန်မသိသလောက် စစ်ကြောင့် သေတဲ့လူဟာ ရာဂဏန်း ၀န်းကျင်ရှိပါပြီ။ အရပ်သားဒေသခံ တွေချည်းကိုပဲ ဆိုလိုတာပါ”ဟု Kachin Peace Network မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၁၅ ရက် နေ့ ညနေပိုင်းက ပြောပြခဲ့သည်။
စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က ဖြေကြားရာတွင် KIA အဖွဲ့အနေ ဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်းဆွေးနွေးခြင်း မရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲ မည်ဆိုသည့်အချက်ကို ကိုင်စွဲထား သဖြင့် လတ်တလောပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် အောင်သော်၏ ပြောကြားချက်မှာ မဟုတ်မမှန် ကြောင်း KIO က စက်တင်ဘာလ ၇ရက်နေ့က တုံ့ပြန်ပြောကြားခဲ့သည် ဟု Karen Information Center က ဖော်ပြခဲ့သည်။
ရှည်လျားသည့် ပြည်တွင်းစစ် ကာလအတွင်း တိုက်ပွဲများ၏ သက်ရောက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်သင့်ခံစားခဲ့ရသူဒေသခံများသည် လက်ရှိတွင် နှစ်ဖက်သော စစ်တပ်၏ အပြန်အလှန်တိုက်ခိုက်မှုများအား အမြန်ဆုံးရပ်တန့်ကာ ငြိမ်းချမ်းရေးကို လိုလားလျက်ရှိနေသည်။
ပြည်တွင်းစစ်ကြောင့် မြေစာပင်သဖွယ် ထိခိုက်ခံစားနေရသည့် ဒေသခံများသည် စစ်၏ သက်ရောက်မှုများ ကို ပြီးဆုံးစေလိုသည့် ဆန္ဒများရှိနေကြပြီး ယခုကွယ်လွန်ခဲ့သည့် ကျောင်းသူ မဂျာဆိုင်းအိန်သည် နောက်ဆုံးသေဆုံးခဲ့သော မြေစာပင်သာဖြစ်စေလိုသော မျှော်လင့်မှုများလည်း ရှိနေ ကြပါသည်။