
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင်
ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIAတပ်ရင်းမှူး တို့ကို သီးခြားစီနှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ
အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသားညီအစ်ကို အချင်းချင်းကြားထဲမှာ မတိုက်ချင်ဘဲတိုက်နေရတဲ့ စစ်ပွဲတွေ အမြန်ဆုံး
ရပ်စဲနိုင်ဖို့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက်
အလားအလာကောင်းတွေ ရှိတယ်လို့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖားကန့်ခရီးစဉ်နဲ့ပတ်သက်ပြီး မနေ့ည
၁၀နာရီအချိန် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဒေသခံ တဦးနေအိမ်မှာပြုလုပ်တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ဒေသငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိနေချိန် အခုလ ၁၇ရက်နေ့ ညနေ ၆နာရီအချိန်က ဖားကန့်ဒေသအမှတ် ၂ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းဋ္ဌေးနဲ့တွေဆုံခဲ့ပြီး
နောက်တစ်နေ့မနက် ၈နာရီခွဲမှာဖားကန့်မြို့နယ် ကံဆီးအခြေစိုက် ကချင်
လွတ်မြောက်ရေးတပ်မတော် (KIA ) တပ်ရင်း၆ ရဲ့တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့၈၈မျိုးဆက်ကျောင်းသားတွေဟာ့ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဘာသာရေးခေါင်းဆောင်တွေ၊မြို့မိမြို့ဖတွေ၊
ဒေသခံပြည်သူတွေနဲ့ အတူ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် စုပေါင်းလက်မှတ်ရေထိုးခဲ့တာ ဒီကနေ့ဆိုရင် လက်မှတ်ရေးထိုးသူ ၁သောင်းကျော်ရှိပြီလို့ သိရပါတယ်။
RFA Burmese