Headlines News :
Home » » ခေတ်နှင့်လျော်ညီခြင်း မရှိတော့သော အခွန်ကင်းရှင်းကြောင်း ပြသရသည့် ပုံစံ(၁၇) နှင့် (၁၉) တင်ပြနေရခြင်းကို ပယ်ဖျက်ပေးသင့်

ခေတ်နှင့်လျော်ညီခြင်း မရှိတော့သော အခွန်ကင်းရှင်းကြောင်း ပြသရသည့် ပုံစံ(၁၇) နှင့် (၁၉) တင်ပြနေရခြင်းကို ပယ်ဖျက်ပေးသင့်

Written By လွင့်မောင်မောင် on Sunday, September 30, 2012 | 11:29 AM

7521
စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူများကို တွေ့ရစဉ် ဓာတ်ပုံ - ၀င်းမြင့်ကျော်
ပြည်ပသို့ ထွက်ခွာမည့် နိုင်ငံသားများအတွက် ထုတ်ပေးလျက်ရှိသော နိုင်ငံကူးလက်မှတ် (passport) လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးထားသည် ဆိုသော်လည်း ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် အမြတ်ခွန်ကင်းရှင်းကြောင်း ပြသရသော ပုံစံ ၁၇ နှင့် ၁၉ များ ရှိနေဆဲဖြစ်ခြင်းကြောင့် သာမန် ပြည်သူများအနေဖြင့် အချိန်ယူ လုပ်ဆောင်နေရခြင်းနှင့် အတူ အပိုငွေကြေး ကုန်ကျမှုများရှိနေသဖြင့် အဆိုပါစနစ် ကို ပယ်ဖျက်ပေးသင့်ပြီ ဖြစ်ကြောင်း ပြောဆိုကြပါသည်။
“ကျွန်တော် ၂၀၀၆ ခုနှစ်မှာ နိုင်ငံကူးလက်မှတ်စပြီး လျှောက်ထားခဲ့ပါတယ်။ အဲဒီတုန်းက အခွန်ကင်းရှင်းကြောင်း အထောက်အထားပါမှ ပတ်စ်ပို့လျှောက်လို့ရတာပါ။ နယ်ကလာပြီး အလုပ်လုပ်နေတဲ့သူ ဖြစ်လို့ အမြတ် ခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ ရဖို့ ပိုက်ဆံတစ်သိန်းလောက် ကုန်ခဲ့ပါတယ်။ ဒါတောင်ကိုယ်က သွားရေးလာရေး လွယ်တဲ့နေရကမို့ပါ။ ၁၇ ရပြီးရင် ၁၉ ရုံးမှာ တိုးဝှေ့ပြီးတန်းစီရပါတယ်။ ၁၉ ရပြီးပြီဆိုမှ ပတ်စ်ပို့ရုံးမှာစာအုပ်လျှောက်ဖို့ နှစ်ရက်လောက်အချိန်ပေးပြီး လုပ်ရတယ်။ နောက်တစ်ခါ သက်တမ်းတိုးတော့ စနစ်က ပြောင်းသွားတယ်။ ပတ်စ်ပို့ရုံးမှာ လုပ်စရာရှိတာတွေလုပ်။ စလစ်ရပြီးတဲ့နောက်မှ အခွန်ကင်းရှင်းကြောင်း ၁၇ တွေ ၁၉ တွေ လုပ်ရတယ်။ စာအုပ်ထုတ်တော့မှ ပုံစံ ၁၉ ကို စလစ်နဲ့အတူ ပေးရတယ်။ အလုပ်ရှုပ်တာတော့ အတူတူပါပဲ”ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက်ရှိသူ မုံရွာမြို့မှ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအား ပန်းဆိုးတန်းလမ်းမှ ရန်ကင်းမြို့နယ်ရှိ ယခင်ပြည်ထဲရေး ၀န်ကြီးဌာနရုံးသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်တွင် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် ကြာမြင့်သော စိစစ်ချိန်အား ရက် ၃၀ မှ ၂၁ ရက်သို့ လျော့ချ ပေးခဲ့သည်။ ထို့အတူဖြည့်စွက်ရသော ပုံစံ ၁၅ ရွက်ခန့်မှ ၇ ရွက်ခန့်သို့ လျော့ချပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် နိုင်ငံကူးလက်မှတ်ရရှိရေး အတွက် တင်ပြရသောအခွန်ကင်းရှင်း ကြောင်း အထောက်အထား စာရွက်စာတမ်းများမှာမူ ယခင်ကဲ့သို့ တင်ပြနေရဆဲဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူများနှင့် သက်တမ်းတိုးခဲ့ကြသူများက ပြောဆိုကြပါသည်“နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့အခါမှာ ပုံစံ ၁၉ တောင်းရတာ အခွန်ကိစ္စကြောင့် ဖြစ်ပါတယ်။ နိုင်ငံကူး လက်မှတ်လျှောက်ထားပြီး ပြည်တွင်း မှာ အခွန်ပေးဆောင်ဖို့ ကျန်မကျန် စိစစ်တဲ့သဘောပါ။ အခွန်ကျေပြီးတဲ့ သက်သေအထောက်အထားကို ပြည်တွင်း အခွန်ကထုတ်ပေးတဲ့ ပုံစံ ၁၉ ကို ရုံး က လက်ခံထားတဲ့သဘောပါ။ နိုင်ငံ သားတစ်ယောက်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုရင် ဒီလူတစ်ယောက်ဟာ ဟိုမှာသုံးလေးရက်နေမှာလား၊ သုံးလေးနှစ်နေမှာလား သိဖို့ မလွယ်ပါဘူး။ အဲဒီအတွက် ဒီလူဟာ ပြည်တွင်းမှာ အခွန်ကျေမကျေ စိစစ်ရတာပေါ့။ ပုံစံ၁၉ ကိစ္စကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင် ရွက်တာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံး(ရန်ကုန်) မှ ဌာနခွဲမှူး ရဲမှူးစိုးထွန်းအောင်မှ ပြောကြားပါသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသော အစိုးရသစ်လက်ထက်တွင် ခေတ်နှင့်လျော်ညီခြင်း မရှိတော့ သော ဥပဒေများအား ပြင်ဆင်ပေးခဲ့သလို ပြည်သူများအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေမည့် ဥပဒေများကိုလည်းဖြေလျှော့ ပေးခဲ့ရာ အမြတ်ခွန်ဥပဒေလည်း ပါဝင်ခဲ့သည်။ သို့ရာတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌မူ အမြတ်ခွန် ပေးဆောင်ထားခြင်း ရှိမရှိစောင့်ကြည့်သည့် အနေဖြင့် ပုံစံ ၁၉ တောင်းယူနေ ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုမရှိတော့ကြောင်း သုံးသပ်နေမှုများလည်း ရှိနေသည်။
“ဆိုရှယ်လစ်ခေတ်တုန်းက နိုင်ငံခြားသွားတာကို ကန့်သတ်ချင်တဲ့ အတွက် နိုင်ငံကူးလက်မှတ်ကို အဆင့်ဆင့်စီစစ်ပြီးမှ ပေးခဲ့တာပါ။ န၀တ၊ နအဖလက်ထက် ကျတော့လည်း လုံခြုံရေး အကြောင်းပြပြီး စာရွက်စာတမ်းတွေ တောင်းခဲ့တယ်။ အခုခေတ်တွေ လည်းပြောင်းလာပြီ။ တိုင်းပြည်က ဆင်းရဲနေလို့ နိုင်ငံခြားထွက်ပြီး ငွေရှာနေတဲ့သူတွေနိုင်ငံခြားငွေ တန်ဖိုးကျတဲ့ အတွက် သမ္မတကြီးကတောင် ၀င်ငွေ ခွန် ၁၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြု ပေးထားရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့လိုပြည်တွင်း ကုမ္ပဏီတွေ မှာ လုပ်နေတဲ့သူတွေကို အမြတ်ခွန်ဆောင်ပြီးမပြီး သိချင်တဲ့အတွက် အခွန်ကင်းရှင်းကြောင်း ပြခိုင်းတာကတော့ တိုင်းပြည်တစ်ခုစနစ်နှစ်မျိုးဖြစ်နေတယ်။ ဒီစနစ်တွေကို ပြင်စေချင်ပါပြီ” ဟု နိုင်ငံကူးလက်မှတ် ထုတ်ယူရန် အတွက် ပုံစံ ၁၉ ပြုလုပ်နေသူ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။
နိုင်ကူးလက်မှတ်ရရှိရေးအတွက် ဓာတ်ပုံရိုက်ကူးခြင်း အပါအ၀င် အခြားစာရွက်စာတမ်းများအတွက် ဖြည့်စွက်ရန် အချိန်နေ့တစ်ဝက်ခန့်သာ ကုန်နိုင်ပြီးကျသင့်ငွေမှာလည်း တိတိကျကျ ထုတ်ပြန်ထားသည့် အတွက် ပွင့်လင်းမြင်သာမှု ရှိသည်ဟု ဆိုနိုင်သော်လည်း အမြတ်ခွန်ကင်းရှင်းကြောင်း အထောက်အထားရရှိရန် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ အခွန်ရုံးများသည် ပွင့်လင်း မြင်သာမှု မရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ ရသူများက ပြောကြပါသည်။
“အခွန်ကင်းရှင်းကြောင်း လုပ်မယ်ဆိုရင်ဦးစီးမှူးမရှိလို့ ဘယ်အချိန်မှပြန်လာပါ။ ဘယ်နေ့မှ ပြန်လာပါဆိုတာ ကတစ်မျိုး။ အမြန်လိုချင်ရင် ဘယ်ဈေးဆိုတာလည်း ရှိသေးတယ်။ ပုံစံ ၁၇ အတွက် အစိုးရက ဘယ်လောက်ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိဘူး။ သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း တောင်းနေ ကြတာ။ သူတို့ပြောတဲ့ငွေက တရားဝင် ဆောင်ရတာလားလို့ သွားမေးရင် စောစောကပြောတဲ့ ဈေးထက်နှစ်ဆလောက် ကိုဘဏ်မှာ အသွင်းခိုင်းလိမ့်မယ်။ ဘယ်သူမဆို သက်သာချင်တဲ့အတွက် နောက်ဆုံးသူတို့ တောင်းတဲ့အတိုင်း ပေးခဲ့ကြရတယ်”ဟု အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ ရရှိရန် ကျပ်ငါးသောင်းကျော် ကုန်ကျခဲ့သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါသည်။
“အမြတ်ခွန်ဥပဒေက ရုပ်သိမ်းပြီး ဖြစ်လို့ ပုံစံ ၁၇၊ ပုံစံ ၁၉ လို့ မခေါ်တော့ဘဲ ၀င်ငွေခွန်ဥပဒေနဲ့ သက်ဆိုင်တာနဲ့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အရင် ပုံစံ ၁၇ ကိုအခု ပတခ(၀င)-၁၀ နဲ့ပုံစံ ၁၉ ကို အခုပတခ(၀င)-၁၂ လို့ခေါ်ပါတယ်။ ဒါတွေက အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်တွေပဲ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေက နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ လိုအပ်တဲ့ဟာတွေ ဖြစ်ပါတယ်”ဟု ပြည်ပသို့ ထွက်ခွာမည့်သူများအား စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလှိုင်က ပြောကြားပါသည်။
အဆိုပါ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်နှင့် ပတ်သက်ပြီး လျှော့ပေါ့ပေးရန် ဆွေးနွေးမှုများရှိနေ ကြောင်းလည်း “လက်ရှိလုပ်ကိုင်နေတာတွေ လျှော့ပေါ့ပေးဖို့ ဆွေးနွေးမှုတွေရှိ ပါတယ်။ လျော့ပေးမယ့် အစီအစဉ်ကတော့ ပထမဆုံးအနေနဲ့ပြည်ပကို ဘုရားဖူးသွားမယ့်သူတွေ ဥပမာပြော ရရင် ဗုဒ္ဓဂါယာလို၊ ဟာ့ဂ်ျခရီးစဉ်လိုမျိုးတွေနဲ့ ပြည်ပကိုအလုပ်သွားလုပ်မယ့် သူတွေ၊ ကျန်းမာရေးကြောင့် ပြည်ပမှာဆေးသွားကုမယ့် သူတွေကို အခွန်ကင်းရှင်းကြောင်း ယူစရာမလိုတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်တော့ ဒါတွေက ဆွေးနွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်”ဟု ၎င်းက ဆက်လက်ပြောကြား ပါသည်။

အမြတ်ခွန်ဥပဒေဖြင့် နိုင်ငံသားတိုင်း အခွန်ဆောင်စေရန် ကြိုးပမ်းခဲ့မှု မအောင်မြင်ခဲ့ဘဲ သာမန်ပြည်သူများ၊ ကုမ္ပဏီဝန်ထမ်းများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက် ခံနေသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံစာရွက်စာတမ်းများပါဝင်မှ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်စနစ်ကို အမြန်ဆုံး ရပ်ဆိုင်းသင့်သည် ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ကြသည့် ပြည်သူများက ပြောဆိုကြသည်။
“ဖြစ်သင့်တာက စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ထားတဲ့သူတွေကို business passport ထုတ်ပေးပြီး သူတို့ဆီကပဲ အခွန်ကို သေသေချာချာ စိစစ်သင့်ပါတယ်။ သာမန် ပြည်သူတွေကို ဒီအဆင့်ကင်းလွတ်ခွင့် ပြုသင့်ပါပြီ။ တိုင်းပြည်လည်း ရသင့်ရထိုက်တဲ့ အခွန်ငွေမရဘဲ လာဘ်ပေးလာဘ်ယူ ကဏ္ဍကို ကြီးထွားစေတဲ့ ဒီလိုစနစ်ကို ပြုပြင်သင့်တာကြာပါပြီ။ ကျွန်တော် တို့လို သာမန်ပြည်သူတွေဟာ ဘယ်ရုံးကိုပဲသွားသွား လက်ဖက်ရည်ဖိုးလို့ခေါ်တဲ့ လာဘ်ငွေမပေးရင် ဘာအလုပ်မှ လုပ်လို့မရဖြစ်နေတာကြာပါပြီ။ အခု အစိုးရက လာဘ်ပေးလာဘ်ယူတိုက် ဖျက်မယ်လို့ ပြောနေပေမယ့် အောက်ခြေကနေရာတိုင်းမှာ ဒီလိုဟာတွေက ရှိနေဆဲပါ။ ပြောင်းမယ်ဆိုရင် အထက်မှာတင် ပြောင်းလို့မရပါဘူး။ ထက်၊ လယ်၊ အောက် အကုန်ပြောင်းမှ ရပါမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြားပါသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template