ရေးသူ - ကျော်သူ |
၂ဝ၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့တော် စံတော်ချိန် နံနက် (၈းဝဝ) နာရီအချိန်တွင် ကျွန်တော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့သို့ ည (၉း၃ဝ) နာရီအချိန်ခန့်တွင် အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။
မြန်မာ ပြည်သူလူထုတို့၏ ဝမ်းပန်းတသာနဲ့ တခဲနက်ကြိုဆိုမှု မြင်ကွင်းအစုံတို့ကို ကျွန်တော်တို့ Online ပေါ်မှ တဆင့်မြင်တွေ့ရမှုသည် ကျွန်တော်တို့နှင့်အတူ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သူလူထုတို့ အတွက် ကြက်သည်းမွေးညင်းများ ထလောက်အောင်ကို ဝမ်းသာပီတိ ဖြစ်စေခဲ့ရသည်။
ဝမ်းသာပီတိ ဖြစ်ခဲ့ရသလို ဝမ်းနည်းလွမ်းဆွတ်မှုသည်လည်း ထပ်ချပ်မကွာ ခံစားခဲ့ရသည်။ ပြည်တွင်းရှိ မြန်မာလူထူတို့ အတွက် အားကိုးအားထားရာ ငြိမ်းချမ်းရေးမိခင်တစ်ဦးရဲ့ နွေးထွေးမှု ရင်ခွင်ထဲသို့ လုံခြုံစိတ်ချစွာ ပြန်လည် ရောက်ရှိသကဲ့သို့ ခံစားခဲ့ကြသလို ပြည်ပရှိ မြန်မာလူထုအတွက်မူ နာရီပိုင်းကလေးအတွင်းသာ အိပ်မက် မက်သကဲ့သို့ နွေးထွေးမှု၊ ကြည်နှုးမှုတို့ကို ခံစားထိတွေ့ခဲ့ရသည်။ သို့သော် အမေစု၏ သြဝါဒ စကားများ ကား အဖိုးမဖြတ်နိုင်၊ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုအားလုံး လက်တွေ့ကျင့်ကြံကြဖို့သာ အရေးကြီး လှသည် မဟုတ်ပါလား။
ဘုရားသခင်တိုင်းသည်လည်း လူသားအားလုံးအတွက် ငြိမ်းချမ်းရေး တရားတော် မြတ်တို့ကို ဟောကြားခဲ့ကြသည်။ သို့သော်ငြားလည်း လူသားတို့သည် ဘုရားသခင်တို့၏ ဆိုဆုံးမ စကား များအား မလိုက်နာ၊ မကျင့်ကြံခြင်းကြောင့် စစ်ပွဲပေါင်းမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့ နေရခြင်းပင် မဟုတ် ပါလား။ ဤနေရာတွင် အမေစုအား ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းကားမဟုတ်။ အသိပညာ၊ အတတ်ပညာ များစွာတို့နှင့် ပြည့်စုံသောပညာရှိတစ်ဦးအဖြစ် တင်စားပြောဆိုခြင်း သက်သက်သာဖြစ်သည်။
ထို့ကြောင့် ပြည်ပတွင်ရှိကြကုန်သော မြန်မာပြည်သူလူထုတို့သည်လည်း အမေပြောကြားခဲ့သော၊ ဆုံးမခဲ့သော သြဝါဒစကားများကို လိုက်နာကျင့်ကြံကြပြီး မြန်မာ့အရေးကို စွမ်းဆောင်ကြဖို့ ပြင်ဆင် နေကြပြီဟု ယုံကြည်မိပါတော့သည်။ အတ္တနဲ့ပရကို ဒွန်တွဲလက်ကိုင်ပြုကြကာ အများအကျိုး တိုင်းပြည် အကျိုး၊ နိုင်ငံအကျိုးကို ပေးဆပ်ကြရမည်ဖြစ်သည်။ ထို့မှသာ မြန်မာပြည်တွင်းရှိ အခြေခံလူတန်းစားများ ဖြစ်သည့် ဆင်းရဲချို့တဲ့သော ဒုက္ခသည်များအတွက် ဘဝလမ်းခရီးသည် သာယာဖြောင့်ဖြူးတော့မည်။သို့မှသာတိုင်းပြည်သာယာဝပြောကာငြိမ်းချမ်းမှုပန်းတိုင်ကို
ဆုပ်ကိုင်နိုင်မည်ဖြစ်တော့သည်။ ပြည်တွင်း မြန်မာပြည်လူထုအတွက်အင်အားများရှိသွားသကဲ့သို့
ပြည်ပရှိမြန်မာလူထုများတွင်လည်း ရှေ့ဆက် လျှောက်လှမ်းရမည့် ဘဝရပ်တည်မှု လမ်းကြောင်းမှန်ကိုလည်း သိရှိတွေ့မြင်ခဲ့ရပြီဖြစ်သည်။
ထိုနေ့သည်ကား ၁၇.၉.၂ဝ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ Department of States တွင် အမေရိကန်အစိုးရအရာရှိကြီးများနှင့် NED ဆုပေးပွဲအတွက် တွေ့ဆုံအပြီးတွင် ကျွန်တော်တို့တည်းခိုရာ ဟိုတယ်သို့ TAXI ကားဌါးပြီး အပြန်လမ်းတွင် Taxi မောင်းသူ သည် ကျွန်တော်တို့အား ဘယ်နိုင်ငံမှလာကြောင်းဟု စကားစမေးတော့သည်။ ကျွန်တော်တို့မှ မြန်မာ နိုင်ငံမှလာကြောင်း ပြန်လည်ပြောသောအခါ မည်သည့်နေရာတွင် အဲ့ဒီ မြန်မာနိုင်ငံဆိုတာ ရှိသလည်းဟူ၍ စပ်စုပြန်သည်။ ထိုအခါ ကျွန်တော်တို့နှင့်ပါလာသူ NED အဖွဲ့မှ ပုဂ္ဂိုလ်က တရုတ်ပြည်၊ အိန္ဒိယပြည်တို့ အကြား ယိုးဒယားနိုင်ငံရဲ့ နံဘေးမှာရှိကြောင်း ပြောပြသော်လည်း ထိုယာဉ်မောင်းလုပ်သူသည် ခေါင်းတ ညိမ့်ညိမ့်နှင့်လုပ်ကာ သိပ်မရှင်းကြောင်း၊ မျက်စိတွင် သိပ်မပေါ်ကြောင်းပြောနေတော့သည်။ ထိုအခါ ကျွန်တော်သည် “Do you know Aung San Suu Kyi ?” (အောင်ဆန်းစုကြည်ကို…သိလား) ဟုမေးလိုက်သော် ထို Taxi မောင်းသမားသည် ပြာပြာသလဲနှင့် “Ah! I see … I see … I really admire her and I have the greatest respect for her. She is the real leader.”(ဟာ သိတယ် … သိတယ် ငါသူ့ကို သိပ်လေးစားတယ်၊ သိပ်ကြည်ညိုဖို့ကောင်းတယ်၊ တကယ့်ခေါင်းဆောင်ကောင်းဘဲ) ဟုပြောကြားခြင်းကို ကျွန်တော်တို့ အံ့သြဝမ်းသာ ဂုဏ်ယူစွာဖြင့်ကြုံတွေ့ ခဲ့ရသည်။ ထို Taxi မောင်းသမား သည် ဤသည်နှင့် မကျေနပ်သေး “Do you have the photo of Aung San Suu Kyi. I want it!.”(မင်းတို့ဆီမှာ အဲဒီ အောင်ဆန်းစုကြည်ရဲ့ပုံရှိလား … ငါလိုချင်လို့ပါ) ဟု ပြောကြားခဲ့ ပြန်တော့သည်။ ထိုအခါ ကျွန်တော်တို့တွင် မရှိကြောင်း ပြန်လည်ပြောကြားသောအခါ သူသည်အတော့်ကို စိတ်မကျေမနပ် ဖြစ်သွားကာ၊ “I put my heros, my god and the leaders who saved my country in the front of my car, benefactor, and drive it. Because your leader stands by the side of commoners all the people, I idolize her and want to put it in the front of my car.” (ငါက ငါ့ရဲ့ သူရဲကောင်း တွေ… ငါတို့ဘုရားသခင်… ငါ့တို့ရဲ့တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်တွေကို… ငါ့ရဲ့ကျေးဇူးရှင် ဒီ မော်တော်ကား ခေါင်းခန်းမှာထားပြီး ငါအလုပ်လုပ်တယ်။ ဒါကြောင့် မင်းတို့ရဲ့ ခေါင်းဆောင်ဟာလည်း လူသားအားလုံး… ငါ့တို့လို အခြေခံလူထုတွေဖက်ကရပ်တည်လို့ ငါလေးစားချစ်ခင်ပြီး ငါ့မော်တော်ကား ရှေ့မှာထားချင်လို့ပါ) ဟု စိတ်မကောင်းစွာ ပြောကြားတော့သည်။ ကျွန်တော်လည်း မည်သို့ပြန်လည် ပြောရမည် မသိဖြစ်နေကာ ကျွန်တော်၏လက်သည် ကျွန်တော့်ရဲ့လွယ်အိတ်အား ကိုင်လိုက်စဉ် တစ်စုံ တစ်ရာအား စမ်းမိသွားတော့သည်။ ထိုအရာကား ကျွန်တော်ခရီးသွားတိုင်း ကျွန်တော်လွယ်သွားလေ့ရှိ သော ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ ရင်ထိုးလေးပင် ဖြစ်တော့သည်။ ထိုအခါ ကျွန်တော်သည် ဝမ်းသာအားရဖြင့် ရင်ထိုးငယ်အားဖြုတ်ယူကာ “This is our mother, Aung San Suu Kyi who you want.” (မင်းလိုချင်တဲ့ ငါ့တို့အားလုံးရဲ့ အမေစုပုံ) ဟု ပြောကြားကာ သူ၏လက်ထဲသို့ ပေးလိုက်တော့သည်။ သူသည် ချက်ချင်း ဆိုသလို သူ၏မော်တော်ကား အား လမ်းတစ်နေရာတွင်ထိုးရပ်ပြီး မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ဘုရားသခင်တို့ကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲထားသော နေရာတွင် အမေစုအား နေရာတစ်နေရာပေး ချိတ်ဆွဲထားလိုက်တော့သည်။
ထို့ကြောင့် အမေစုအား
ကမ္ဘာ့နိုင်င်ငံအသီးသီးမှ ကမ္ဘာပြည်သူအပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့နိုင်ငံ
ခေါင်းဆောင်ဟူသမျှ လေးစားအသိအမှတ် ပြုကြသည်မှာ အမေစုရဲ့
ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့်သစ္စာတရား၊ တိုင်းပြည်နဲ့
လူမျိုးအပေါ်ထားရှိသော မေတ္တာ တရားတို့၏ စွမ်းပကားတို့၏ ထုထည်ကြီးမားလှသော
အရှိန်အဝါအား လက်တွေ့ပြသလိုက်ခြင်းပင် ဖြစ်တော့သည်။ "ကိုယ်ပြုသောကံ
ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်" ဆိုသည့်စကား မှန်ကန်လှ ပေတော့သည် အမေရယ်။
သို့သော် ပြည်ပမှာရှိနေကြတဲ့ သားတို့ သမီးတို့ အားလုံးကတော့ လွမ်းလို့ ကျန်ရစ်ခဲ့ရပြီပေါ့ အမေ။
(ဤဖြစ်ရပ်မှန် ဆောင်းပါးဖြင့် ပြည်ပရှိ မြန်မာပြည်သူလူထုအားလုံးတို့အား ဂုဏ်ပြုလိုက်ရပါသည်။)
ကျော်သူ