Photo-Eleven Media Group |
အာရှစိမ်းလန်း ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက “လာမယ့် အောက်တိုဘာလ ကစပြီးကျွန်မတို့ဘဏ်မှာလုပ်ထား တဲ့ATM ကတ်တွေကို MPU ကတ် အဖြစ် အခမဲ့လဲပေးမှာပါ။ MPU ကတ်အသစ်အတွက် လာလျှောက်ရင် ကတ်အသစ်ဖွင့်ခအနေနဲ့ ကျပ် သုံးထောင်ပေးသွင်းရမှာပါ။ MPU ကတ်အသုံးပြုပြီး ငွေပေးချေခြင်းကို Point of Sale ထားရှိတဲ့နေရာတွေမှာ အသုံးပြုနိုင်ပါတယ်”ဟု ပြောကြားပါသည်။
“စက်တင်ဘာလ ၁၄ ရက်နေ့ ကစပြီး MPU ကတ် ၀န်ဆောင်မှု စတင်ပါပြီ။ ကျွန်တော်တို့ဘဏ်မှာ လုပ်ထားတဲ့ ATM ကတ်တွေကို လာမယ့် ဒီဇင်ဘာလနောက်ဆုံးပတ် ကနေစပြီး MPU ကတ်နဲ့ပြန်လဲပေး မှာပါ။ ကတ်လဲပေးမယ့်ရက်ကို ကျွန်တော်တို့ကြေညာပေးမှာပါ။ MPU ကတ်ကို ကျွန်တော်တို့ဘဏ်မှာ လာလျှောက်လို့ရပါပြီ”ဟု သမ၀ါယမ လီမိတက်ဘဏ်မှမ န်နေးဂျင်းဒါရိုက်တာဦးဖေမြင့်က ပြောကြားသည်။
ဧရာဝတီဘဏ်က လာမည့် အောက်တိုဘာလ အကုန်တွင်စတင်၍ ATM ကတ်များကို MPU ကတ်အဖြစ် ပြောင်းလဲပေးရန် စီစဉ်လျက် ရှိကြောင်း၊ ကမ္ဘောဇဘဏ်ကလည်း MPU ကတ်လဲလှယ်ပေးမည့်နေ့ကို ATM ကတ်အသုံးပြုနေသူများထံ သို့ အကြောင်းကြားပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
MPU ကတ်မှာ မိမိသုံးစွဲလိုသော ပမာဏအတွက် လုံလောက်သော ငွေပမာဏကို ဘဏ်ရှိ Card Center တွင်စာရင်းဖွင့်ထားရန် လိုကြောင်း၊ MPU ကတ်သုံးစွဲသူသည် မိမိစာရင်း ထက်ကျော်လွန်၍ သုံးစွဲခွင့်မရှိ ကြောင်း၊ ကျပ် ၁၀၀၀၀ မှ ကျပ်သိန်း ၅၀အထိထည့်သွင်း အသုံးပြုနိုင်ကြောင်း၊ အသုံးပြုပါက ကတ်စာရင်း တွင် အနည်းဆုံးကျပ်တစ်ထောင် ချန်ထားရန်လိုကြောင်း၊ ကတ်ကိုင်ဆောင်သူသည် နှစ်စဉ်ကြေးအား ဘဏ်သို့ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ကတ်ကို သတ်မှတ်ထားသော မြို့နယ်ကျော်လွန် သုံးစွဲပါက Transaction Fees ပေးဆောင်ရမည်ဖြစ်ပြီး ကတ်ကို အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ လွှဲပြောင်းခွင့်သုံးစွဲခွင့်မရှိကြောင်းနှင့် ကတ်အား သုံးစွဲလိုခြင်းမရှိပါက ပြန်လည် ပယ်ဖျက်နိုင်ပြီး ပယ်ဖျက်သည့်အခါ ဘဏ်၏၀န်ဆောင်မှုကို နှုတ်၍ကျန်ငွေ ကိုဘဏ်မှ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဘဏ်အသီးသီးမှ ထုတ်ဝေထားသော ATM ကတ်များကို သက်ဆိုင်ရာဘဏ်များ၌ MPU ကတ်နှင့် ပြန်လည်လဲလှယ်ရမည်ဖြစ်ပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ အခမဲ့ လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ MPU ကတ်သုံးစွဲမှုကိုလည်း ကတ်အသုံးပြုသူထံမှ ကောက်ခံမည်မဟုတ်ဘဲ ကတ်လက်ခံ အသုံးပြုသည့် အရောင်းဆိုင်များထံမှ တစ်ရာခိုင်နှုန်းကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
MPU ကတ်မှာ Debit ကတ် အမျိုးအစားဖြစ်ပြီး နောက်ပိုင်းတွင် Credit အဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။ ပြည်တွင်းပုဂ္ဂလိကဘဏ် လုပ်ငန်း ၁၇ ဘဏ်ဖြင့် တည်ထောင်ထားသော မြန်မာငွေပေးချေမှု အဖွဲ့ (Myanmar Payment Union) သည် နိုင်ငံတကာတွင် အသုံးပြုနေသော ငွေပေးချေမှု စနစ်များကဲ့သို့ ရရှိအောင် ဆောင်ရွက်နေကြောင်း သိရပါသည်။
Eleven Media Group