Headlines News :
Home » , » တာဝန်ဆိုတဲ့ လက်ပတ်အနီတွေကို ဇင်ဝိုင်း ဘယ်လိုမြင်သလဲ

တာဝန်ဆိုတဲ့ လက်ပတ်အနီတွေကို ဇင်ဝိုင်း ဘယ်လိုမြင်သလဲ

Written By လွင့်မောင်မောင် on Friday, March 6, 2015 | 5:23 PM

သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်း (ဓာတ်ပုံ - zin wyne facebook)


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ရန် ဆန္ဒပြတောင်းဆိုနေတဲ့ ကျောင်းသားထုကို မနေ့က  မြို့တော် ခန်းမရှေ့မှာ ရဲ နဲ့ တာဝန်ဆိုတဲ့ လက်ပတ်အနီရောင်တွေ ပတ်ထားကြသူတွေက အကြမ်းဖက်ဖြိုခွင်းလိုက်တဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အကြီးအကျယ်ပေါက်ကွဲသံစဉ်တွေ ကြားနေရတာ အားလုံးလည်းအသိပါပဲ။

အဲ့ဒီမှာ ပိုဆိုးပြီး ပိုနာမည်ကြီးသွားတာကတော့ ဘယ်ကဘယ်လိုလူတွေမှန်းမသိရတဲ့ အရပ်ဝတ်နဲ့ လူတွေက တာဝန်ဆိုတဲ့ လက်ပတ်အနီတွေပတ်ပြီး ဆန္ဒပြကျောင်းသားထုကို ရိုက်နှက်ဆွဲရမ်း နှိမ်နှင်းတဲ့အဖြစ်ကြောင့် တာဝန်ဆိုတဲ့ လက်ပတ်အနီဟာ လူမှုကွန်ရက်က ပလူတွေကို ပျံလို့ပေါ့။
ဒီထဲမှာ သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းက သူ့ဖေ့ဘုတ်စာမျက်နှာထက်မှာ တာဝန်ဆိုတဲ့ လက်ပတ်အနီကို ပတ်လို့ အခုလို ရေးသားပြီး သူ့ဆန္ဒကို ထုတ်ဖော်လိုက်ပါတော့တယ်။

“ဘယ်ကောင့်မှ လူမထင်ဘူး
===================
ရဟန်းသော..သံဃာသော
အသက်ကြီးသော...ငယ်သော
ယောက်ျားသော..မိန်းမသော
ခလေးသော..လူကြီးသော...
ဘယ်ကောင့်မှလူမထင်ဘူး....
ပါးဆွဲရိုက်ပြစ်လိုက်မယ်..
ဆောင့်ကန်ချိုးပြစ်လိုက်မယ်...
စောက်ခွက်ဆွဲထိုးပြစ်လိုက်မယ်...
နရင်းဖြတ်ရိုက်ပြစ်လိုက်မယ်..
အဘတို့ပေးထားတဲ့...
(တာဝန်)ကွ..ဘာထင်လဲ.....။
-------------------------
တောက်...ကိုယ့်ရုပ်ကိုယ်ကြည့်ရတာတောင်
ကျက်သရေတုန်းပါ့ကွာ...။”
တဲ့

ဒီကိစ္စနဲ့ပတ်သက်လို့ ဦးဇင်ဝိုင်းကို ဘယ်လိုဘယ်ပုံကြောင့် ဆန္ဒထုတ်ဖော်ဖြစ်ရသလဲဆိုတဲ့အကြောင်းကို မေးမြန်းကြည့်တော့ သူက ဧရာဝတီကို အခုလိုဖြေကြားပေးခဲ့ပါတယ်။

“ကျနော့ စိတ်ကူးဆိုတာထက် ကျနော့နောက်ကြောင်း သိရင်ပိုကောင်းမယ်ထင်ပါတယ်။ ကျနော့ဖခင်က ဘီအိုင်အေ ခေတ်ကတည်းက တပ်မတော်ထဲကို အသက် ၁၄ နှစ်မှာ တပ်မတော်သားဘ၀နဲ့ ၀င်လာပြီးတော့မှ နောက်ဆုံး တပ်ရင်းမှူးဘ၀နဲ့ တပ်ကထွက်ခဲ့တဲ့ စစ်သားဟောင်းကြီးပါ။ အဖေဟာ တပ်ကထွက်တဲ့ အချိန်မှာ ကျနော်တို့မှာ နေစရာအိမ်၊ စီးစရာ ကား ဘာမှ မရှိခဲ့ပါဘူး။ အဖေဟာ ရိုးသားတဲ့ စစ်သားကြီး တဦးဖြစ်တဲ့အတွက် ကျနော်တို့ကို တခြားအမွေလည်း မပေးနိုင်ပါဘူး။ ပညာအမွေရယ်၊ တိုင်းပြည်ကို ချစ်တတ်တဲ့စိတ်လေးရယ်ပဲ ပေးခဲ့ပါတယ်။ ဒီ စိတ်နှစ်ခုတည်းနဲ့ပဲ ကျနော့အဖေကျေးဇူးကို ဆပ်လို့မကုန်ဘူးလို့ ယူဆပါတယ်။ ၈၈ ကာလတုန်းက ကျနော့အဖေဟာ စမ်းချောင်းမြို့နယ်မှာ တရားသူကြီးလုပ်နေရသူပါ။ အဖေက ကျောင်းတ၀က်တပြတ်နဲ့ တပ်မတော်ထဲ ၀င်ခဲ့ရတဲ့အတွက် ၇ တန်းတောင် မအောင်ခဲ့ပါဘူး။ ဒါပေမယ့် တရားသူကြီးခေါင်းပေါင်းကြီးပေါင်းပြီး ဘာမှ နားမလည်ဘဲနဲ့ တကယ်နားလည်တဲ့ တရားရေးပညာရှင်တွေ ၀န်ထမ်းတွေက ဒီအမှုကို ဒီပုဒ်မနဲ့ ဒီလောက် ချနိုင်ပါတယ် ဆိုရင် ဒီလောက်ချစေ ဆိုပြီး အဖေက လုပ်ရပါတယ်။ အဲ့မှာ အဖေ ကျနော့ကိုပြောဖူးတယ်။ မှားတော့ မှားနေကြပြီဆိုတဲ့ ကိစ္စပေါ့နော်။ နောက်တခါ အရေးအခင်းကာလ ပစ်ကြ ခတ်ကြပြီဆိုတော့  ၁၈ ရက်နေ့ အာဏာသိမ်း၊ အဲ့ဒီ ညတင်ပဲ ကျနော့အိမ်ကို အ၀တ်အစားပြန်ယူတော့ အမေက အိမ်ကို သော့ခတ်ထားပါတယ်။ ပြန်မထွက်ရအောင်ပါ။ သို့သော် အဖေက သော့ကို ယူပြီးဖွင့်ပေးပါတယ်။ သားတဲ့ .. အဖေတို့ ခေတ်တုန်းကလည်း အဖေတို့ယုံကြည်ရာကို တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ခဲ့ပြီးပြီ။ မင်းလည်း မင်းခေတ်မှာ မင်းယုံကြည်တာကို လုပ်တာပဲတဲ့။ မှန်တယ်မှားတယ်ဆိုတာ တချိန်မှာ သမိုင်းက အဆုံးအဖြတ်ပေးသွားလိမ့်မယ်တဲ့။ ငါ့သား သွားတဲ့။ မင်းဘာဖြစ်ဖြစ် မင်းအတွက် အဖေ ဂုဏ်ယူမယ်လို့ပြောပါတယ်။ အဲ့တော့ အဖေပေးတဲ့ စိတ်နဲ့ပဲ ကျနော်နေပါတယ်။ ကျနော် ဒီနေ့အထိ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ဘယ်သြဇာခံမှလည်းမဟုတ်ပါဘူး။
တိုင်းပြည်ကို ကောင်းအောင်လုပ်တဲ့သူတွေကို ကျနော်ကောင်းရင်ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး ထောက်ခံပါမယ်။ တိုင်းပြည်အကျိုးကိုယုတ်အောင် ပြည်သူ့အကျိုးကိုယုတ်အောင်လုပ်ရင် ကျနော် ပြည်သူ့ ဘက်ကပဲ အော်ပါမယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်သည် ဘာစီးပွားရေးမှမလုပ်တတ်တဲ့ အနုပညာ သမားပါ။ ကျနော့ကို ကျွေးသော ထမင်းသည် မည်သူကမှ မျက်ရည်ပေါက်ကြီးငယ် မကျဘဲနဲ့ စေတနာ မေတ္တာနဲ့ ကျွေးတဲ့ သန့်စင်တဲ့ ထမင်းကို ကျနော်စားပါတယ်။ ဒီအတွက် ကျနော်မှာ တာဝန်ရှိတယ်ထင်လို့ ကျနော်ပြောပါတယ်။

အခု ဒီကျောင်းသားအရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာတခုမှ ၀င်မပါပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘက်က တောင်းဆိုတာရယ်၊ ဟိုဘက်က ညှိနှိုင်းတာရယ်၊ ဒီညှိနှို်င်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေ ရင်ထဲမှာ သံသယတွေဆိုတာ ရှိကြပါတယ်။ ကျနော်ဆိုရင် မဆလ ခေတ်မှာ ကြီးပြင်းတာပါ။ ကျနော်တို့ ဖြတ်သန်း လာခဲ့တဲ့ ဘ၀တလျှောက်လုံးမှာ အကြိမ်ကြိမ် ကတိတွေပေးပြီး အကြိမ်ကြိမ် ကတိတွေဖြတ်ခဲ့တာ ကျနော်ကြုံခဲ့ဖူးပါတယ်။ ဒီနေ့ ဖြူတယ်လို့ပြောပြီး နောက်နေ့ မဲပါတယ်လို့ပြောတယ်။ ဒီနေ့ပေးမယ်ပြောပြီး နောက်နေ့မပေးဘူးဆိုပြီး အုပ်ချုပ်သူအစိုးရများ လုပ်ခဲ့ပါတယ်။ အခါပေါင်း မရေမတွက်နိုင်အောင် ကြုံခဲ့ဖူးပါတယ်။ အဲ့တော့ ကျနော်ကိုယ်တိုင်ပင် သံသယတွေ ရှိပါတယ်။ မယုံရဲသေးပါဘူး။ ဒီသံသယတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင် ကျနော်တို့ ပြည်သူဘက်ကရော တိုင်းပြည် ကောင်းရာကောင်းကျိုးကို လုပ်ဆောင်မယ်ဆိုတဲ့ အစိုးရမင်းများဘက်ကရော တကယ့်ကို ပွင့်ပွင့်လင်းလင်း စေတနာ အမှန်နဲ့လုပ်ကြဖို့လိုမယ်လို့ ယူဆပါတယ်။

ဖြေရှင်းတဲ့နေရာမှာလည်း တပ်မတော်သားဆိုရင် တပ်မတော်မှာ ကျင့်ဝတ်အစုံရှိပါတယ်။ ဥပဒေရှိပါတယ်။ တပ်မတော်သားသည် သူ့အမိန့်အရ အာဏာအရ လုပ်ပိုင်ခွင့်အရ လုပ်ရတာ ရှိပါတယ်။ ပြည်သူ့ရဲဆိုလည်း ပြည်သူ့ရဲအလျှောက် မီးသတ်လည်း မီးသတ်အလျှောက် သူ့တာဝန် သူ့ကိုယ့်စီ လုပ်ကြရတာရှိပါတယ်။ အခုတော့ ဘာမှန်းမသိတဲ့သူတွေကို လက်ပတ်ပတ်ပေးပြီးတော့မှ ဒီလိုလုပ်တယ်ဆိုတော့ ဒါကို ကျနော်တို့က လက်မခံနိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းကမှန်းမသိ ဘယ်သူ ကပေးမှန်းမသိတဲ့ တာဝန်ကို လက်ပတ်ပတ်လိုက်ရုံနဲ့ ဒီလိုလုပ်ပိုင်ခွင့်ရှိသွားပြီလားဆိုတာက ကျနော်တို့  ပြည်သူ့ဘ၀လုံခြုံမှု နည်းပါးပါတယ်။ ကျနော် တောင်းဆိုတဲ့ သူတွေကို ထောက်ခံခြင်းလည်းမဟုတ်ဘူး။ တာဝန်အရ လူစုခွဲတာကို ဆန့်ကျင်ခြင်းလည်းမဟုတ်ဘူး။ တောင်းဆိုတဲ့သူက တောင်းဆိုမှာပဲ။ သက်ဆိုင်ရာ အစိုးရကလည်း ပြသနာမကြီးထွားအောင် သူ့နည်းသူ့ဟန်နဲ့ ထိန်းသိမ်းရမှာပဲ။ ဒါပေမယ့် နည်းစနစ်သည် ဥပဒေနဲ့ အညီ ဖြစ်စေချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက တာဝန်ရှိသူက အကြမ်းဖက်ဖြိုခွင်းခြင်းလုပ်မှာမဟုတ်ဘူး လို့ပြောတယ် ကဲ အခုဖြစ်ပြီ။ ဖြစ်တဲ့အခါကျတော့ ရန်ကုန်တိုင်းအစိုးရကြီးရဲ့တာဝန်ပါ။ သမ္မတနဲ့မသက်ဆိုင်ဘူး ဆိုတဲ့ ကိစ္စမျိုးကို ပြောလာတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ရန်ကုန်တိုင်းဝန်ကြီးက သမ္မတ လက်အောက်ခံ မဟုတ်ဘူးလားဗျာ။ ကျနော်တို့နိုင်ငံက ပြည်နယ်နဲ့တိုင်းတွေက သူတလူ ငါတမင်းများ ဖြစ်သွားပြီလား။ ကိုယ် လုပ်ချင်တာ လုပ်လို့ရပြီလား။ ဒါတွေကိုလည်း သိချင်တယ်။ ဒီ့အတွက် ကျနော်က စာနဲ့ ရေးပြောတာထက် ကျနော့ရုပ်ကိုပါ တင်ပြီးတော့ အခုလို လုပ်လိုက်ခြင်းပါ။

ဒါကိုလည်း တချို့က သဘောမပေါက်ကြပါဘူး။ ဒါလည်း ကျနော်နားလည်ပါတယ်ဗျာ။ ကျနော်တို့ ပြည်သူပြည် သားတွေမှာ မျက်စိပိတ်နားပိတ်နဲ့ နေခဲ့ကြတော့ ကျနော်ပဲ ဒီတာဝန်ရှိတဲ့သူအစိုးရဘက်က ဖားတဲ့သူလိုလို ဘာလိုလို ဖြစ်သွားပါတယ်။ ကျနော် တပ်မတော်ကို မုန်းတဲ့သူလည်းမဟုတ်ပါဘူး။ အစိုးရကို မုန်းတဲ့သူလည်း မဟုတ်ပါဘူး။ ကျနော်မုန်းတာက တချိန်က ဖခင်ဗိုလ်ချုပ်က ပြည်သူက မွေးဖွားလာတဲ့ တပ်မတော်ဆိုတာကို မိမိရဲ့ အာဏာ တည်မြဲရေး၊ လက်တဆုပ်စာ လူထု ကောင်းစားရေးအတွက် တပ်မတော်သာအမိ၊ တပ်မတော်သာ အဖတို့၊ ဘေးပြောတာမယုံနဲ့ သွေးပြောတာယုံ ဆိုပြီး ခွဲထုတ်ခဲ့တာဘယ်သူလဲ။ ပြည်သူနဲ့ တပ်မတော်သားကို တပ်မတော်သားနဲ့ ကျောင်းသားကို တပ်မတော်သားနဲ့ သံဃာကို ရန်သူတွေလိုဖြစ်အောင် လုပ်ခဲ့တာ ဘယ်သူတွေပါလဲ။

စစ်သားရော ကျောင်းသားရော သံဃာရော ပြည်သူရော တိုင်းပြည်ကို ချစ်တဲ့ စိတ်ချင်း သူရဲကောင်းတွေချင်း၊ တူရက်နဲ့ ဒီ ချစ်တဲ့စိတ်တွေမပေါင်းစီးနိုင်အောင် ခွဲခြားခဲ့တာ ဘယ်သူပါလဲ။ ဒီလူတွေကို ပေါင်းစည်းစေချင်ပါပြီ။ တကယ်တမ်းအစိုးရပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သွားအောင်ဆိုရင်တော့ ဒီလူတွေဟာ တ ယောက်နဲ့ တယောက်နဲ့ ကျောချင်းကပ် ရပ်ချင်းအပ် လက်တွဲမှဖြစ်မှာပါ။ အဲ့လိုဖြစ်ဖို့ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာကို ရင်ထဲ နှလုံးထဲကနေ ပွင့်ပွင့်လင်းလင်း လုပ်ကြဖို့လိုပါပြီ။ ပါးစပ်က ဟန်ပြပြောပြီး လက်က တခြားဟာလုပ်ရင်တော့ အမျိုးသားရင်ကြားမစေ့ဘဲနဲ့ ပိုပြီး ဝေးရာကို ကျောခိုင်းသွားမှာဆိုးပါတယ်။

ဒီအတွက် တာဝန်ဆိုတဲ့ လက်ပတ်ပတ်လိုက်ရုံနဲ့ ကြိုက်သလို ရိုက်ခွင့်ရှိတယ်၊ ဆွဲခွင့်ရှိတယ်၊ ထိုးခွင့်ရှိတယ်၊ ဖမ်းခွင့်ရှိတယ်ဆိုတဲ့ ပုံစံမျိုးကို ဆန့်ကျင်တဲ့အနေနဲ့ တင်ခြင်းဖြစ်ပါတယ်။ ဒါမျိုးကို ကျနော်လက်မခံနိုင်ပါဘူး။"
ဇင်ဝိုင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template