လက်ပံတန်းဈေးရှေ့မှာ ဒီမနက် ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသား ၅
ဦးကို လက်ပံတန်း ရဲစခန်းကနေ သာယာဝတီ ခရိုင်ရဲစခန်းကို လွှဲပြောင်း
ပို့ဆောင်လိုက်ပြီလို့ လက်ပံတန်းမြို့မ ရဲစခန်းက ပြောပါတယ်။
“မနက်က ဖမ်းတာ ကျား ၄၊ မ ၁ ပါ။ ကျောင်းသားတွေချည်းပါ။ သတင်းထောက်တွေ
မပါဘူး။ အမှုဘာမှာ မဆွဲရသေးပါဘူး။ ဘာမှမလုပ်ဘူး။ ခရိုင်ရုံးကို
သွားပို့ထားတယ်။ အခုသာယာဝတီမှာပါ” လို့ လက်ပံတန်းရဲစခန်း
တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြသူတွေ အကြမ်းဖက်ဖမ်းဆီးခံရမှု
အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတွေကို ရှင်းလင်းပြောဆိုနေစဉ်
ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး
ကားနဲ့အတင်းအကျပ်ခေါ်ဆောင်ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံထားရသူတွေကတော့ ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂက
ကိုရဲရင့်ပိုင်မှူး၊ ကိုအောင်မင်းခန့်၊ ကိုသာအေး၊ မန္တလေးခရိုင်
ကျောင်းသားများသမဂ္ဂက မအိသဉ္ဇာမောင်နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်က
ကိုရဲမျိုးဆွေတို့ဖြစ်ပါတယ်။
ဖမ်းဆီးခံ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် ဒီမိုကရေစီပညာရေး
ပင်မ သပိတ်စစ်ကြောင်းက ဗကသကျောင်းသားတွေ ဖြစ်တဲ့
ဖြိုးဖြိုးအောင်၊ မြတ်သူတို့ နှစ်ဦးက လုံခြုံရေး ရဲတပ်ဖွဲ့
အကြီးအကဲတွေနဲ့ သွားရောက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
ကျောင်းသားသပိတ်ခေါင်းဆောင် ကိုကျော်ကိုကိုက “အဲဒါက သူတို့
လွတ်မြောက်ဖို့အတွက် သွားတွေ့တာ။ သူတို့ကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းတာ။
အာဏာပိုင်တွေဘက်က ထူးထူးခြားခြားအကြောင်းပြန်တာတော့မရှိဘူး။
အခုလာတွေ့ပါပြောတယ်။ ကျနော်တို့ အခုထပ်ပြီးတော့ သွားကြတယ်ဗျာ။”
သပိတ်မှောက် ကျောင်းသားတွေကို အားပေးတဲ့အတွက်ဆိုပြီး မနေ့က
ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်း ဒေသခံ ၁၁ ဦးကိုတော့ အာမခံနဲ့
ပြန်လွှတ်ပေးလိုက်ပြီလို့ လက်ပံတန်းမြို့မ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။
By ဒီဗွီဘီ