Headlines News :
Home » » ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုတွင် ပါတီဝင်များ မပါရန် ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုတွင် ပါတီဝင်များ မပါရန် ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်

Written By လွင့်မောင်မောင် on Saturday, March 7, 2015 | 4:07 PM

ရန်ကုန်၊ မတ် ၆

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်နေသည့် ကျောင်းသားထုကို ထောက်ခံသော ဆန္ဒပြပွဲများ ရပ်တန့်စေရန် အင်အားသုံး ဖြေရှင်းဆောင်ရွက်နေမှုများတွင် ပါတီဝင်များ မပါဝင်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်က ထုတ်ပြန်ကြေညာထားကြောင်း ယင်းပါတီ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတ်လ ၆ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များအတွက် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန် လွန်စွာအရေးကြီးပြီး ယင်းပါတီအနေနှင့် အင်အားသုံး ဖြေရှင်းဆောင်ရွက်မှုများကို မထောက်ခံကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် လတ်တလော ဖြစ်ပေါ်နေသော အကြမ်းဖက် ဖြေရှင်းမှုများတွင် ပါဝင်ပတ်သက်မှု မရှိစေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပါတီ အဆင့်ဆင့်များသို့ ဇန်နဝါရီလ ၃၀ ရက်စွဲဖြင့် ညွှန်ကြားထားခဲ့ကြောင်း ပါတီပြန်ကြားရေး တာဝန်ခံက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “ကျွန်တော် ထင်ပါတယ်။ လက်ပတ်အနီ ဝတ်ထားတဲ့ အရပ်သားတွေ ပါနေတော့ လက်ရှိအစိုးရရဲ့ ပါတီက လက်ပတ်အနီ ဝတ်ထားသူတွေဟာ သူတို့ ပါတီဝင်တွေ မဟုတ်ပါဘူး ဆိုတာကို ကြိုပြီး ငြင်းတဲ့သဘောပေါ့” ဟု ပြောကြားသည်။

ရန်ကုန်မြို့တော် မြို့တော်ခန်းမရှေ့၌ မတ်လ ၅ ရက်က ကျောင်းသားသပိတ် အပေါ် ထောက်ခံဆန္ဒပြပွဲ ပြုလုပ်နေသော ကျောင်းသားများနှင့် အရပ်ဘက် အဖွဲ့အစည်း အချို့ကို အင်အားသုံး ရိုက်နှက်မှုများ ပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ငါးဦးနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးကာ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါ ရက်မတိုင်မီ မတ်လ ၄ ရက်က ရန်ကုန်မြို့လယ်သို့ ချီတက် လမ်းလျှောက်လာသော အလုပ်သမားသပိတ်ကို တညင်းကုန်း လမ်းဆုံတွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့သေးသည်။

ကျောင်းသား၊ ကျောင်းသူများကို အင်အားသုံး ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့အင်အား အပြင် လက်ပတ်အနီ ပတ်ထားသော အရပ်သားများက ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့အပေါ် ရှုတ်ချကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များကလည်း ဝေဖန်ပြောကြားထားသည်။

ကလေးခရိုင် ကျောင်းသားသမဂ္ဂ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ယာယီ) တို့ကလည်း ကျောင်းသား၊ ကျောင်းသူများကို အကြမ်းဖက်ဖြိုခွင်းခြင်းအပေါ် ရှုတ်ချခဲ့ကြသည်။

“လက်ရှိဖြစ်နေတဲ့ ပြဿနာ အားလုံးဟာ အစိုးရပေါ်ပဲ မူတည်ပါတယ်။ ဒါကြောင့် အစိုးရဘက်က အဖြေရှာပေးရင် အဖြေထွက်မယ့် ပုစ္ဆာဖြစ်တယ်။ သူတို့ ကစားတဲ့အခါမှာ ကလေးတွေဟာ တိုးလိုက်၊ ရပ်လိုက် တဖြည်းဖြည်း ကြာလာတဲ့အခါ မလိုလားအပ်တာတွေ ဖြစ်လာမှာ စိုးတယ်” ဟု ကလေးမြို့ ၈၈ ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးအောင်သက်တင်က ပြောဆိုသည်။

သပိတ်ထောက်ခံသော ဆန္ဒပြကျောင်းသားများကို တာဝန်စာသားပါ လက်ပတ်အနီပတ် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် အစိုးရအနေနှင့် ဥပဒေအရ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးရန်လည်း ကလေးဒေသ ကျောင်းသားသမဂ္ဂများက မတ်လ ၆ ရက်တွင် တောင်းဆိုထားသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template