သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရန်ကုန်မြို့ လှည်းတန်းမှာတော့ ၄ရက်မြောက်နေ့အဖြစ်နဲ့ ကျောင်းသားတွေ မတ်လ ၆ရက်နေ့ ညနေမှာ ဆန္ဒပြခဲ့ပါတယ်။ အကြမ်းဖက်မှုရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့ လှည်းတန်းလှုပ်ရှားမှု လူထုက ဘယ်လိုဝန်းရံခဲ့သလဲ။ မြို့တော်ခမ်းမရှေ့မှာ ကျောင်းသားတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ စွမ်းအားရှင်တွေရဲ့ မတ်လ ၅ရက်နေ့က လုပ်ရပ်ကြောင့် ဆန္ဒပြပွဲတွေ စမယ်လို့သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် ၁နာရီအလိုကတည်းက လှည်းတန်းဈေးရှေ့ကို ရောက်လာတဲ့ အရပ်ဝတ်နဲ့ စွမ်းအားရှင် ၅ဝလောက်ကို ဒေသခံနဲ့ ဈေးဝယ်ပြည်သူ တစ်ထောင်ကျော်က လမ်းမပေါ်ကနေ ဂရုတစိုက်စောင့်ကြည့်နေခဲ့ပါတယ်။ ဒီ စွမ်းအားရှင်တွေကို ဒိုင်နာကား ၃စီးနဲ့တင်လာပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တိုက်ရိုက်ညွှန်ကြားချက်တွေ ပေးခဲ့တာပါ။ ဆန္ဒပြ ကျောင်းသား ၄ဝလောက်ဟာ စိန်ဂေဟာထဲကထွက်လာပြီး ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတွေကို လွှင့်ထူပြီး ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်တန့်ဖို့နဲ့ ဆန္ဒပြရတဲ့အကြောင်းတွေကို ဟောပြောခဲ့ပါတယ်။ လူထုတစ်ချို့ဟာ အကြမ်းဖက်မှုရပ်ဆိုတဲ့ ပိုစတာကြီးကို ကျောင်းသားတွေနဲ့အတူ ကိုင်ဆောင်ပြီး Hledan Center ဆီကို ဦးတည်လမ်းလျှောက်ခဲ့ပါတယ်။ စွမ်းအားရှင်တွေသုံးပြီး ကျောင်းသားတွေကို အကြမ်းဖက်တိုက်ခိုက် ဖြိုခွင်းတဲ့ကိစ္စ ဦးရဲထွဋ် ဘယ်လိုပဲငြင်းငြင်း တာဝန်အရှိဆုံးသူဟာ သမ္မတဦးသိန်းစိန်ပဲဖြစ်တယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။ ကျောင်းသားတွေက ပြည်သူ့ထောက်ခံမှုနဲ့ လှုပ်ရှားတာကြောင့် ကျောင်းသားကို အကြမ်းဖက်ရင် ပြည်သူကလည်း အစိုးရကို ဒဏ်ခတ်မယ်ဆိုတာ နားလည်ဖို့လိုတဲ့အကြောင်း ကမာရွတ်မီဒီယာကို ပြောပြပါတယ်။ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ရုံးခန်းရှိရာ Hledan Center ကိုအရောက်မှာတော့ အီးယူက စနစ်တကျလေ့ကျင့်ပေးထားတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို စွမ်းအားရှင်နဲ့ မြန်မာရဲတွေ လုပ်ကိုင်ခဲ့တာမို့ အီးယူအနေနဲ့ တာဝန်ယူရမှာဖြစ်ပြီး၊ ဒီဖြစ်ရပ်အတွက် ရှုတ်ချတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဟာ Hledan Centerကိုရောက်လာတဲ့အခါ ဥပဒေနဲ့မညီလို့ လူစုခွဲပေးဖို့တောင်းဆိုပါတယ်။ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ခွင့်ဟာ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ ပြန်တုံ့ပြန်ချိန်မှာ အာဏာပိုင်တွေက ထွက်ခွာသွားခဲ့ပါတယ်။ ကျောင်းသားတွေဟာ ဆန္ဒပြမှုကို ပြည်သူလူထုရဲ့ လက်ခုပ်သံတွေ၊ ကြွေးကြော်သံတွေနဲ့အတူ ရုပ်သိမ်းခဲ့ပါတယ်။
သတင်း-ဒေါင်းမာန်ဟုန်
ဓာတ်ပုံ-DVB
ရုပ်သံ - ကမာရွတ်မီဒီယာ