မတ်လ ၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ် ရပ်ကွက်မှ အသက် ၁၄ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးသည် အကူပန်းရံ လုပ်နေရာမှ လိမ်လည် လှည့်ဖျားခံရကာ ပျောက်ဆုံးနေသည်ဟု ဖခင်ဖြစ်သူက နိရဉ္စရာသို့ သတင်းပေး ပြောကြားသည်။
“ ကျွန်တော်သမီးက မြောက်ဦးမြို့မှာ ပန်းရံ လုပ်နေရာကနေ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပျောက်ဆုံး သွားပါတယ်။ လွန်ခဲ့တဲ့ လေးရက်ခန့်က မင်းပြားကနေ ဖုံးဆက်သွယ်ရပါတယ်။ အလိမ်ခံနေရတယ်လို့ ပြောပါတယ်။ ဘယ်မှာရောက်နေတယ်ဆိုတာကိုလည်း မေးလို့ မရဘူး။ မင်းပြားကို လိုက်ရှာတော့လည်း မတွေ့ပါဘူး။ ဒါကြောင့် ဆရာတို့ သတင်းဌာနကို တိုင်ကြား သတင်းပို့ရတာ ဖြစ်ပါတယ်” ဟု ဖခင်ဖြစ်သူ ဦးကျော်စိန်အောင်က ပြောသည်။
ပျောက်ဆုံးနေသူ အမျိုးသမီးငယ်မှာ မခိုင်နှင်းဝေ အသက် (၁၄) နှစ်ဖြစ်ပြီး မိဘများမှာ ဦးကျော်စိန်အောင်နှင့် ဒေါ်ညိဦးဖြူတို့ ဖြစ်ကာ မြောက်ဦးမြို့ ထမ္မရာဇ် ရပ်ကွက်မှ ဖြစ်သည်။
သူမသည် မြောက်ဦးမြို့ ရဲတပ်ရင်းအား ဦးဆောင် ဆောက်လုပ်နေသူ ပန်းရံဆရာကြီး ဦးမောင်လှဝင်းထံတွင် အကူ ပန်းရံ အဖြစ် လုပ်ကိုင်နေရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း
“ ပန်းရံဆရာကြီးက အသက် ၄၈ နှစ်၊ ခလေး လေးယောက်ရဲ့ ဖခင်၊ ဇနီးနာမည်က ဒေါ်မတင်ဝင်း၊ စစ်တွေ ရွာသာယာကလို့ သိရပါတယ်။ အခု ဖုန်းဆက်တာ ဖုန်းကို ပိတ်ထားပါတယ်။ ကျွန်တော်တို့ အကျိုးအကြောင်းကို သိချင်တဲ့ အတွက် ဖုန်းဆက်တာပါ။ ကျွန်တော်တို့ကတော့ သမီးကိုဘဲ ပြန်လိုချင်ပါတယ်” ဟု ဆိုသည်။
မခိုင်နှင်းဝေ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး ပျောက်ဆုံးပြီး သုံးရက်အကြာတွင် မြောက်ဦးမြို့ရဲစခန်းတွင် သွားရောက် တိုင်ကြားထားပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးကျော်စိန်အောင်က ဆိုသည်။
မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားခြင်း မရှိသေးကြောင်း ပြောဆိုသည်။
ဖခင်ဖြစ်သူ ဦးကျော်စိန်အောင်မှ တိုင်ကြားထားကြောင်း ပြောဆိုသည်ဟု နိရဉ္စရာမှ ပြန်လည် ရှင်းပြရာ ပြန်လည် စိစစ်ပြီး အကြောင်းပြန်ကြားပေးမည်ဟု မြောက်ဦးရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိရဉ္စရာ