
အခု ကျောင်းသား သပိတ်က မလိုအပ်ပဲ ဆက်လုပ်နေသလို ပြောနေကြတဲ့ ကိုယ့်လူ သူ့ဘက်သားတွေလဲ ရှိတယ်။ ဒီမိုကရေစီပညာရေး မူကြမ်းကို ခုချိန်ထိ လွှတ်တော်က လက်မခံသေးပါဘူး။ အချိန်မရွေး ကန့်ကွက်မဲ အများစုနဲ့ ရှုံးနိမ့်နိုင်ပါတယ်။ ဒီတော့ သပိတ်နားထားပြီး ရောက်တဲ့ ဒေသမှာမနေပဲ ပြန်သွားကြတဲ့ ကျောင်းသားတွေကို ကျန်တဲ့ စစ်ကြောင်းတွေက ပြန်ခေါ်နိုင်မယ် ထင်ပါသလား။ ဒါက တချက်ပါ။
နောက်တချက် ခု ပင်မစစ်ကြောင်းရဲ့ ဗျူဟာကို မမြင်ပဲ သူတို့ ရန်ကုန်ကို သူတို့နာမည်ခံချင်လို့ နာမည်ယူချင်လို့ ရန်ကုန်အရောက်သွားမယ် လုပ်နေတယ်လို့
ထင်နေတဲ့ လူတွေကိုလဲ စဉ်းစားစေချင်ပါတယ်။ ဒီသပိတ်စစ်ကြောင်း ရှိနေသ၍ လွှတ်တော်ရော အစိုးရရော ဟာ ဖိအားရှိနေပါတယ်။ သူတို့ လက်လွတ်စပယ်မလုပ်ရဲပါဘူး။ ဒါကြောင့် ကျောင်းသားသပိတ်ကို ကျောင်းသားတွေတောင်းထားတဲ့ ၊ ၄ ပွင့် ဆိုင် ဆွေးနွေးပွဲက သဘောတူညီချက်တွေ အကောင်အထည် မပေါ်မချင်း ပြန်ရုပ်သိမ်းလိုက်လို့ မဖြစ်ပါဘူး။ ပင်မစစ်ကြောင်းဟာ ဒါကြောင့်ပဲ လုံးဝ ရန်ကုန် အ၀င်မခံဘူး လို့ အစိုးရက ကျေညာထားတာကို သိရက်နဲ့ အပေးအယူ အတိုးအဆုတ်နဲ့ ဗျူဟာ ခင်းနေတာပါ။ မထွက်နဲ့ ဆို ပြန်သိမ်းသွားမယ် ဆိုတဲ့ လူတွေကသာ ဘယ်လိုနည်းနာ ဘယ်လိုယုံကြည်ချက် ဆိုတာကို ပြန်စဉ်းစားကြည့်စေချင်ပါတယ်။
ကျောင်းသား သပိတ် ခုလို ဖြစ်နေတဲ့အချိန်မှာပဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အစိုးရနဲ့ ကျောင်းသားကြားက ပါတီနဲ့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်တွေကိုလဲ ပြည်သူက ထင်သာ မြင်သာ ရှိလာခဲ့ပါတယ်။ အကဲဖြတ်ချက်တွေ မြင့်တက်လာပါတယ်။ ဒါကလဲယူတတ်ရင် သင်ခန်းစာ တွေပေါ့။ ပြည်သူတွေရဲ့ ရင်ထဲမှာတော့ ပင်မကျောင်းသားသပိတ် ဖြတ်ကျော်ခဲ့ရတဲ့ နန်းမြင့်တောင်ကြားနဲ့ယုန်ဖြူတောင် တားဆီးမှုတွေ၊ ဒီနေ့ ကြုံနေရတဲ့ လက်ပံတန်း ဖြစ်ရပ်တွေဟာ ဗကသရဲ့ သမိုင်းတွေအဖြစ် ဖျောက်ဖျက်မရအောင် မှတ်မိနေကြတော့မှာပါ။ သမိုင်းတွင်နေတော့မှာပါ။
သမိုင်းဆိုတာ အချိန်တခုမှာ အများစုက မှတ်တမ်းတင်ခဲ့တဲ့ အရာပါ။ ဒီသမိုင်းကို ကိုယ်ဖြစ်စေချင်သလို ရေးလို့ မရပါဘူး။ ကိုယ့်လုပ်ရပ်တွေကသာ ရေးထိုးနိုင်တာပါ။
ဇန်နဝါရီလ ၂၀ ရက်နေ့ မန္တလေးက နေ စထွက်ခဲ့ပြီး ကျောက်ဆည်ကတဆင့် မြစ်သားအရောက်မှာ လမ်းခွဲ ထွက်သွားတဲ့ လူတွေ၊ ဆောင်းဘောက်တွေပါတဲ့ ကားကြီး ပြန်သွားတော့ လူနည်းနည်းပဲ ကျန်တော့တဲ့ ပင်မသပိတ်စစ်ကြောင်းကို ဘယ်သူတွေက ဘယ်လိုခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ တည်ဆောက်ခဲ့တယ်။ မယိမ်းယိုင်အောင် ဘယ်လို လက်တွဲခဲ့ကြတယ် ၊ အခက်အခဲတွေနဲ့ မြို့တွေကို ဘယ်လိုကျော်ဖြတ်ခဲ့တယ် ၊ လူထု ထောက်ခံမှု ဘာကြောင့် ရခဲ့တယ် ဆိုတာတွေဟာ ဖျောက်ဖျက်မရတဲ့ ဖြစ်ရပ်တွေပါ။ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်း အောင်မြင်မှု တချို့ပေါ်လာတဲ့အခါ လေအဝှေ့ ၀င်လွှင့်ခဲ့တဲ့ အလံတွေကနေ ဘရူးတပ်စ်တွေ မဖြစ်စေဖို့ ၊ အမြင်ကျယ်ကျယ် ထားကြဖို့ ဒီဝေါပေါ်ကနေ သတိပေးလိုက်ချင်ပါတယ်။
ကြည်ကြည်ခင် (၁၉၈၈ ဧရာဝတီတိုင်း ဗကသ)
Kyi Kyi Khin fb