ရန်ကုန်မြို့၏ ရေရှည်တည်တံ့သော မြို့ပြသွားလာမှု စီမံခန့်ခွဲရေး ဥရောပသမဂ္ဂ စီမံကိန်းအတွက် ဥရောပသမဂ္ဂမှ ယူရို ခြောက်သိန်းကျော် ကူညီမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် “ရန်ကုန်မြို့၏ ရေရှည်တည်တံ့သော မြို့ပြသွားလာမှု စီမံခန့်ခွဲရေး ဥရောပသမဂ္ဂ စီမံကိန်း” စတင်ခြင်း အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းရေးဆွဲရေးဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ အီတလီအဖွဲ့ အစည်းတစ်ခုဖြစ်သည့် CESVI မှ ၂၀၁၄ ခုနှစ်အတွင်းက “ရန်ကုန်မြို့၏ ရေရှည်တည်တံ့သည့် မြို့ပြသွားလာမှု စီမံခန့်ခွဲရေး ဥရောပသမဂ္ဂစီမံကိန်း” ကို ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် ရန်ကုန်မြို့၏ ယာဉ်သွားလာမှုနှင့် ယာဉ်စီးဆင်းမှုအတွက် စီမံခန့်ခွဲခြင်းနှင့် လေ့လာဆန်းစစ်ခြင်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နည်းပညာနှင့် ဖြေရှင်းနည်းများ မျှဝေခြင်း၊ ပြည်သူလူထုအား အသိပညာပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။
“ဒီလုပ်ငန်းသုံးရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပေးရမယ်။ ပြည်သူလူထုကို အသိပညာပေးတဲ့ပွဲတွေ ကျင်းပပေးရမယ်။ နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အရာထမ်းတွေ အီတလီနိုင်ငံကို လေ့လာရေးခရီးစဉ်တွေ သွားရမယ်။ နောက်လူမှု အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကြား ယုံကြည်မှု တည်ဆောက်ခြင်းအပိုင်း Workshop တွေ၊ ပြည်သူလူထုပါတဲ့ Workshop တွေ ကျင်းပပေးဖို့ ပါဝင်ပါတယ်။ သင်တန်းတွေလည်း ပါတဲ့အပြင် ယာဉ်သွားလာမှုအတွက် GIS နည်းပညာအသုံးပြုပြီး ပေးမယ့်သင်တန်းတွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၄၀ ဦးကို အသိပညာပေး အစီအစဉ်များ၊ စာသင်ကျောင်း ၂၀ ကို ရက် ၄၀ ပညာပေး အစီအစဉ်တွေ ပါဝင်ပါမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းရေးဆွဲရေးဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။
အဆိုပါစီမံကိန်းကာလမှာ ၂၀၁၅ ခုနှစ် မှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ အထိဖြစ်ကြောင်း၊ စီမံကိန်းတစ်ခုလုံးအတွက် ရန်ပုံငွေအနေဖြင့် ယူရို ၈၈၄၃၂၅.၉၉ ဖြစ်ပြီး ဥရောပသမဂ္ဂက ၇၅ ရာခိုင်နှုန်း (ယူရို ၆၆၃၂၄၄) ထည့်ဝင် မည်ဖြစ်ပြီး ကျန်သည့် ၂၅ ရာခိုင်နှုန်းကို အီတလီနိုင်ငံ တူရင်နိုမြို့တော်က ထည့်ဝင်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထည့်ဝင်ရန် မလိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယင်းစီမံကိန်းအတွက် Pilot Project အနေဖြင့် တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်များကို အစီအစဉ် ရေးဆွဲထားပြီး ယင်းမြို့နယ် နှစ်ခု၏ ကျောင်းများတွင် ပညာပေး အစီအစဉ်များနှင့် ပြည်သူများကို ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ပညာပေးအစီအစဉ်များ ပြုလုပ်မည်ဟု သိရသည်။ ထို့ပြင် ရေဒီယိုမှ အသံလွှင့်ပညာပေးခြင်း ရှစ်မိနစ် အကြိမ် ၂၀၀ နှင့် မိနစ် ၃၀ အသံလွှင့်အစီအစဉ် ၁၅ ကြိမ်ကိုလည်း ပြုလုပ်မည်ဟု ဆိုသည်။
ယခုစီမံကိန်းအရ ယာဉ်ကြောပိတ်ဆို့မှု များပြားသော ရန်ကုန်မြို့အတွက် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းခြင်း၊ လျှော့ချခြင်းအတွက် စီမံခန့်ခွဲရာ၌ ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ နည်းပညာ၊ အသိပညာဖြန့်ဝေခြင်း စသည်တို့ ပါဝင်ပြီး မြို့ပြယာဉ်သွားလာမှု ကျပ်တည်းမှုကို လျှော့ချရေးအတွက် ရေတိုရေရှည် ဖြေရှင်းပေးမည့် တည်ဆောက်ရေး စီမံကိန်းများမှာမူ မပါဝင်ပေ။
Writer: ကျော်ထင် Eleven Media Group