ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ဆန်းမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့အစည်းအဝေးကို မီဒီယာ ၈ ခုသာ တက်ရောက် သတင်း ယူခွင့်ပေးမယ်လို့ UWSA ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။
မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးမှာ တက်ရောက်သတင်းရယူဖို့ အဆိုပြုတဲ့ မီဒီယာ အရေအတွက်များတာကြောင့် စီစဉ်ဖို့ခက်ခဲလို့ ဦးစီးကျင်းပသူတွေက ရွေးချယ်ဆုံးဖြတ်ခဲ့တာလို့ ဦးအောင်မြင့်က ပြောပါ တယ်။
ဦးအောင်မြင့်က “မနေ့တုန်းက နောက်ဆုံး လူကြီးတွေ ဆုံးဖြတ်လိုက်တယ်။ အလဲဗင်းတို့၊ ဆဲဗင်းဒေးတို့လည်း ဖိတ်ထား ပါတယ်။ အားလုံး ၇ ဖွဲ့ ၈ ဖွဲ့လောက်ရှိမယ်။ ကျန်တဲ့မီဒီယာအဖွဲ့တွေ မဖိတ်တော့ဘူး။ မီဒီယာအဖွဲ့တွေက သိပ်များတယ် ၃၇ ဖွဲ့လောက်ကို လာပြီးသတင်းယူဖို့ အီးမေးလ်နဲ့ရော၊ ဖုန်းနဲ့ရော တင်ပြဆွေးနွေးလာတာ ရှိတယ်။ သိပ်များလွန်းတော့ ဒီမှာလည်း နည်းနည်းအခက်အခဲရှိလို့။ ဒါကြောင့်မို့ ကျန်အဖွဲ့တွေတော့ ဒီတကြိမ် ယာယီအစည်း အဝေးမှာ မဖိတ်တော့ ဘူး။ နောင် ၀ ဒေသမှာ အလားတူ စည်းဝေးပွဲပဲဖြစ်ဖြစ်၊ ကျနော်တို့ အတွင်းပိုင်းက နည်းနည်း အရေးကြီးတဲ့ အခမ်း အနားတွေ ဘာတွေ ရှိသည်ပဲဖြစ်ဖြစ် ဖိတ်ပါမယ်”လို့ သူက ပြောပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဦးစီးကျင်းပတဲ့ ပန်ဆန်းအစည်းအဝေးဟာ လိုင်ဇာညီလာ ခံနဲ့ လောခီးလာ ညီလာခံတွေမှာလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း စုံစုံလင်လင် ဖိတ်ကြားတာမဟုတ်ဘဲ ၁၁ ဖွဲ့ကို ရွေးချယ်ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
DVB