နီပေါမှာ ငလျင်လှုပ်ခဲ့ပြီးနောက် အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ အမျိုးသမီး တယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ဧပြီ ၂၇ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အင်္ဂတေ အချပ်ပြား ၂ ခုကြားမှာ နာရီ ၅၀ နီးပါး ပိတ်မိနေခဲ့တဲ့ အမျိုးသမီးကို အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့ ကယ်ထုတ်ခဲ့ပြီးနောက် အခုတော့ ကက်သမန်ဒူမြို့ ဆေးရုံတရုံမှာ အရေးပေါ် ကုသမှုခံယူနေရပါတယ်။
အင်္ဂါနေ့ မနက်ပိုင်းမှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့ကလည်း အဆောက်အဦ အပြိုအပျက်ကြားမှာ ပိတ်မိနေတဲ့ အမျိုးသားတယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
သေဆုံးသူ စာရင်း ၄၀၀၀ ကျော်အထိ အတည်ပြုနိုင်ပြီဖြစ်သလို နိုင်ငံတကာ အကူအညီတွေလည်း ကက်သမန်ဒူမြို့ဆီကို စတင်ရောက်ရှိပါပြီ။။
စားစရာနဲ့ ဆေးဝါး၊ နေရာထိုင်ခင်းတွေကို စတင် ဖြန့်ဝေနေပြီဖြစ်သလို ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရှာဖွေရေး ခွေးတွေလည်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။
ငလျင်ဟာ နှစ်ပေါင်း ၈၁ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ပြီး လူပေါင်း ၆၅၀၀ ဒဏ်ရာရခဲ့ပါတယ်။
ငလျင်အရှိန်ကြောင့် ဧ၀ရတ်တောင်ပေါ်မှာလည်း နှင်းတောင်ပြိုမှု ဖြစ်ခဲ့ပြီး လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။
ဧပြီ ၂၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ထိတ်လန့်နေတဲ့ ပြည်သူတွေကို အခုအချိန်အထိ အဆောက်အဦတွေထဲမှာ မနေရဲကြတော့ဘဲ ပလက်ဖောင်းတွေ၊ လမ်းမတွေပေါ်၊ ပန်းခြံတွေမှာ ယာယီတဲထိုးပြီး နေထိုင်နေကြပါတယ်။
ဆေးရုံတွေမှာလည်း လူနာတွေ မနိုင်မနင်းဖြစ်နေသလို။ ရေနဲ့ အစားအစာ၊ လျှပ်စစ်မီး ရရှိမှုကလည်း ရှားရှားပါးပါဖြစ်လို့ ရေနဲ့ ဆက်နွယ်တဲ့ နောက်ဆက်တွဲရောဂါ အန္တရာယ်တွေလည်း စိုးရိမ်စရာဖြစ်ပါတယ်။
DVB