ချဲလ်ဆီးအသင်းနဲ့ နည်းပြ မော်ရင်ဟိုတို့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါတယ်။ နည်းပြ မော်ရင်ဟိုက အသင်းအတွက် တတိယအကြိမ်မြောက် ပရီးမီးယားလိဂ် ဖလား ရယူနိုင်အပြီးမှာ စာချုပ်သစ် ချုပ်ဖို့ နီးစပ်လာတာလို့ ဗြိတိသျှ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။
အသက် ၅၂ နှစ်အရွယ် နည်းပြရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၄ နှစ်ရှိနေပြီး သက်တမ်းကုန်ဖို့ ၂ နှစ် ကျန်ရှိနေပါယတ်။ သူဟာ စတန်းဖို့ဘရစ်အသင်းကို ၂၀၁၃ ဇွန်လမှာ တကျော့ပြန် ပြန်လည်ရောက်ရှိလာတာပါ။
ပေါ်တူဂီနိုင်ငံသား မော်ရင်ဟိုဟာ ချဲလ်ဆီး ပထမအကြိမ်တုန်းက ၂၀၀၄ ကနေ ၂၀၀၇ အထိ တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လိဂ်ဖလား ၂ လုံးနဲ့ အက်ဖ်အေ ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့တော့ လိုအပ်နေပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ပေါ်တို၊ အင်တာမီလန်တို့နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူထားပါတယ်။
DVB