ပြီးခဲ့တဲ့တပတ်က ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသားတွေ ပါဝင်တဲ့ ကွန်တိန်နာသင်္ဘောကို အီရန်အစိုးရက မေလ ၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။
အီရန်ဆိပ်ကမ်းနဲ့ ရေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အစိုးရပိုင် သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။ သင်္ဘောဟာ မာရှယ်ကျွန်းစုအလံလွှင့်ထူထားပြီး ဧပြီလ ၂၈ ရက်နေ့က အီရန်ကင်းလှည့်သင်္ဘောတွေက တားဆီးခဲ့တာပါ။
Maersk သင်္ဘောလိုင်းက ကုမ္ပဏီတခုကို လျော်ကြေးပေးဖို့ကိစ္စ တရားရုံးကိစ္စ မပြေလည်သေးလို့ သင်္ဘောကို ထိန်းသိမ်းထားတာလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ တပတ်က ပြောဆိုခဲ့တာပါ။
တရားရုံးကိစ္စ ၁ ရက်၊၂ ရက်အတွင်း ပြီးစီးမယ်လို့လည်း အီရန်အရာရှိတဦးက မေလ ၆ ရက်နေ့က ပြောဆိုပါတယ်။ သင်္ဘောဖမ်းဆီးခံရတဲ့ကိစ္စဟာ ပါရှန်ပင်လယ်ကွေ့ နိုင်ငံတကာ ရေကြောင်းလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်လို့ နိုင်ငံတကာအရေးအခင်းတခု ဖြစ်တော့မယ့် အခြေအနေအထိ ဖြစ်ခဲ့တာပါ။
အမေရိကန်နိုင်ငံက ဖျက်သင်္ဘောတစီးကို စေလွှတ်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။
သင်္ဘောကို နိုင်ငံတကာရေလမ်းကြောင်းမှာ အခွင့်မရှိဘဲ ဖမ်းဆီးခဲ့တာလို့ သင်္ဘောလိုင်းက စွပ်စွဲပေမယ့် အီရန်အစိုးရကတော့ အီရန်ရေပိုင်နက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဗွီဘီ